ကံကြမ္မာ ညစ်ထေးသွားခြင်း… ဖရိုဖရဲက အစီအစဉ်တကျရှိခြင်းကို တွန်းလှန်ခြင်း
Vol. 118 Ch. 1799
" အနန္တ "
ရွှီချင်းက မိုးကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေရင်း သူ၏ လောကတစ်သောင်းရေတွင်းထဲမှာ ပုံရိပ်ပြန်နေသော ရှေးခေတ်အင်မော်တယ်ကို ကြည့်လိုက်သည်။ ရှေးခေတ်အင်မော်တယ်၏ ဘေးပတ်ပတ်လည်မှာ သူ၏ အနန္တအကြောင်းအကျိုးနှင့် အနန္တကံကြမ္မာ ရှိသည်။
ရှေးခေတ်အင်မော်တယ်က “ ကောင်းကင်အရွေးချယ်ခံ ”ဟူသော ဂုဏ်ပုဒ်ဖြင့် အမှန်တကယ် ထိုက်တန်ကြောင်း သူဝန်ခံရလိမ့်မည်။
ထိုသို့အာဏာစက်က…
အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ ရွှီချင်းက တိုက်ပွဲပေါင်းများစွာဖြင့် ရင်ဆိုင်ခဲ့ပြီး များပြားလှသော အတွေ့အကြုံများကို ရရှိခဲ့သော်လည်း ထိုသို့အံ့ဖွယ်ကောင်းသော အာဏာစက်ဖြင့် တစ်ခါမှ သူမတွေ့ဆုံခဲ့ဖူးပေ။
အတိုင်းအတာတစ်ခုထိဆိုရသော် ယင်းက သာမန်နွေဦးအင်မော်တယ်တစ်ပါး ဆင်ခြင်နားလည်နိုင်သောအရာ မဟုတ်ပေ။ ယင်းကို အင်မော်တယ်အရှင်သခင်တစ်ပါး၏ အဆင့်နှင့် အလွန်နီးကပ်နေပြီဟု ဆိုလျှင် ချဲ့ကားလွန်ရာမကျပေ။
“ သူက လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကထက်စာရင် အဆင့်ကြီးတစ်ဆင့်လုံး ပိုပြီးသန်မာလာတာပဲ ”
ရွှီချင်းက သူ၏ စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
ရေတွင်း၏ ပုံရိပ်ပြန်မှုထဲတွင် ရှေးခေတ်အင်မော်တယ်က ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး သူ၏ အရွယ်အိုမင်းနေသော မျက်လုံးဖြင့် ရွှီချင်း၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။
တစ်ယောက်က ရေမျက်နှာပြင်၏ အပေါ်မှာ ရှိနေစဉ် အခြားတစ်ယောက်က ရေအောက်ထဲမှာ ရှိနေသည်။
သူတို့နှစ်ယောက်၏ အကြည့်ချင်း တွေ့ဆုံမှုက ဝမ်ကူးကုန်းမြေကို တုန်လှုပ်သွားစေသည်။ တောင်တန်းများက ပြိုကျပျက်စီးသွားကြပြီး ကုန်းမြေက အက်ကွဲသွားသည်။ လေနှင့် တိမ်တိုက်များက အဝေးသို့ လွင့်စင်သွားကြသည်။ သူတို့၏ အရှိန်အဝါများထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက သက်ရှိအားလုံးအပေါ်သို့ ကျဆင်းလာသည်။ ယင်းက သူတို့၏ နှလုံးသားထဲ၌ ဖော်မပြနိုင်သော အကြောက်တရားဖြင့် ပြည့်နှက်သွားစေသည်။
လေထုက တင်းကျပ်နေစဉ် ရှေးခေတ်အင်မော်တယ်၏ အက်ရှရှအသံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။
“ ရေတွက်၍မရခြင်းက ငါ့အာဏာစက်ရဲ့ မျိုးစေ့ဖြစ်တယ်… အဲ့ဒါကို ပြီးပြည့်စုံစေဖို့အတွက် အနန္တနတ်ဘုရားအတွေးတွေနဲ့ အနန္တကိုယ်ပွားတွေကို ငါဖန်တီးခဲ့တယ်… သူတို့အားလုံးကို ငါ့ရဲ့ ထိန်းချုပ်မှုအောက်ကနေ ကင်းလွတ်စေပြီး သူတို့တစ်ယောက်စီကို ကိုယ်ပိုင်ကံကြမ္မာ ပိုင်ဆိုင်နိုင်စေဖို့ ငါခွင့်ပြုပေးခဲ့တယ်”
“ သူတို့ကို ရှင်သန်ကြီးထွားလာဖို့၊ အချင်းချင်း ဝါးမျိုဖို့နဲ့ ပြန်ပေါင်းစပ်ဖို့ ငါခွင့်ပြုပေးခဲ့တယ်… ”
“ အဲ့ဒီလုပ်ငန်းစဉ်အတွင်းမှာ မူလဇစ်မြစ်ဖြစ်တဲ့ ငါကိုယ်တိုင်တောင် ပျောက်ကွယ်သွားခဲ့တယ်… နောက်ဆုံးမှာ တာအိုပဲ ကျန်နေခဲ့တယ် ”
“ အဲ့ဒါက ငါ့ကိုယ်ပိုင်တာအို ပြီးပြည့်စုံလာတဲ့အထိ ဖြစ်တယ်… ငါ့ရဲ့ အာဏာစက်က… အနန္တ ”
“ ဒီနေရာဆီ ငါပြန်ရောက်လာတဲ့အခါမှာ ဥပဒေသစွမ်းအားကို ငါဖွဲ့စည်းပြီး တစ်စုံတစ်ခုကို ရှာဖွေခဲ့တယ်… အဲ့ဒါတွေအားလုံးက ငါ့ရဲ့ နောက်ဆုံးအတားအဆီးကို ကျော်လွှားဖို့ ဖြစ်တယ် ”
သူ၏ အကြည့်က နက်ရှိုင်းသည်။ ထိုထဲမှာ ဝမ်းနည်းမှု သို့မဟုတ် ဝမ်းသာပျော်ရွှင်မှု လုံးဝမရှိပေ။
“ ပြီးတော့ မင်းက… အဲ့ဒီနောက်ဆုံးအတားအဆီးရဲ့ အရှေ့မှာ ရပ်နေတယ် ”
ရှေးခေတ်အင်မော်တယ်က စကားဆုံးသည်နှင့် သူ၏ ညာခြေထောက်ကို မြှောက်လိုက်ပြီး အရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
သူ၏ ခြေဖဝါးက အောက်သို့ ကျဆင်းသွားသည့်အခိုက်…
ရေတွင်း၏ ရေမျက်နှာပြင်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။
ရေမျက်နှာပြင်ကို စကြာဝဠာလေပြင်းက တိုက်ခတ်သွားသည့်အလား ဧရာမဆူနာမီလှိုင်းလုံးများက အပေါ်သို့ မြှောက်တတ်သွားကြပြီး ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေမည့် လေပြင်းမုန်တိုင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။
ထိုမုန်တိုင်းကြောင့် အချိန်လေဟာနယ်များ၊ အပြိုင်စကြာဝဠာများနှင့် တည်ရှိမှုအားလုံးက တုန်ယင်သွားကြသည်။
ရွှီချင်း၏ ရေတွင်းထဲမှ လကို မျှားခြင်း၏ လေဟာနယ်ဖွဲ့စည်းမှုဘောင်သည်ပင် အပြင်းအထန် တုန်ခါသွားသည်။ အတုအယောင်နှင့် အစစ်အမှန်ကြားမှ နယ်နိမိတ်က ပုံပျက်တွန့်လိမ်သွားသည်။ နတ်ဘုရားစွမ်းရည်၏ သီးခြားလွတ်လပ်သော အစိတ်အပိုင်းများသည်ပင် ပြိုကွဲပျက်စီးသွားသော လက္ခဏာများကို စတင်ဖော်ပြလာကြသည်။
ဤသည်မှာ ယင်းတို့က ဆက်ပြီး မတောင့်ခံနိုင်တော့သည့်အလားပင်။
“ မင်းရဲ့ အာဏာစက်ကတော့… အဲ့ဒါက ငါနဲ့ လုံးဝ မရင်းနှီးတဲ့အရာ မဟုတ်ဘူး ”
“ လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက အမှတ်နှစ်ဆယ့်ခုနစ်ကြယ်တာရာစက်ဝန်းထဲမှာ မင်းရဲ့ အာဏာစက်နဲ့ ဆင်တူတဲ့ နတ်ဘုရားအခွင့်အာဏာကို ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားတစ်ပါး ရှိခဲ့တယ် ”
“ အတွေးတစ်ချက်က လောကတစ်သောင်းကို မွေးဖွားလာစေပြီး အချိန်လေဟာနယ်ကို ပွင့်လန်းစေတယ်… အဲ့ဒီနတ်ဘုရားက အချိန်လေဟာနယ်အပေါ် အခြေခံပြီး တာအိုသစ်သီးကို ခူးဆွတ်ဖို့ ကြိုးစားခဲ့တယ် ”
ရှေးခေတ်အင်မော်တယ်၏ စကားသံက ပျံ့လွင့်သွားနေစဉ် သူက ဒုတိယခြေလှမ်းကို လှမ်းလိုက်သည်။
ခရက်…
အက်ကွဲကြောင်းများက ရေတွင်း၏ ရေမျက်နှာပြင်ပေါ်မှာ ပျံ့နှံ့သွားကြသည်။ ထိုမျှသာ မကပေ။ အက်ကွဲကြောင်းများက ဟင်းလင်းပြင်၊ အချိန်လေဟာနယ်များ၊ အပြိုင်စကြာဝဠာများနှင့် လောကအားလုံးထဲမှာလည်း ပျံ့နှံ့သွားကြသည်။
ရှေးခေတ်အင်မော်တယ်မှ ထုတ်လွှတ်နေသော အနန္တအကြောင်းအကျိုးနှင့် အနန္တကံကြမ္မာကြောင့် ရေက နောက်ကျိလာပြီး ညစ်ထေးသွားသည်။
ရေတွင်းထဲမှ လကို မျှားခြင်း၏ အတုအယောင်နှင့် အစစ်အမှန်ကြားမှ ခြားနားမှုသည်လည်း ယင်း၏ အကန့်အသတ်သို့ ရောက်ရှိသွားသည်။ သို့ဖြစ်၍ ယင်းက စတင်ပြိုကွဲပျက်စီးသွားသည်။
ရွှီချင်း၏ ဒိုင်မန်းရှင်းအာဏာစက်ဥပဒေသကြောင့် အဆင့်မြှင့်သွားခဲ့သော နတ်ဘုရားစွမ်းရည်က ယခု လုံးဝ ပြိုကွဲပျက်စီးသွားသည်။
“ ကောင်လေး… မင်းက အရမ်းငယ်သေးတယ် ”
ရှေးခေတ်အင်မော်တယ်က ခေါင်းခါလိုက်ပြီး တတိယခြေလှမ်းကို လှမ်းလိုက်သည်။
ကောင်းကင်ဘုံက အက်ကွဲသွားပြီး မြေပြင်က ပရမ်းပတာ တုန်လှုပ်သွားသည်။
လောကတစ်သောင်းရေတွင်းက ပေါက်ကွဲသွားသည်။
အတုအယောင်နှင့် အစစ်အမှန်ကြားမှ နယ်နိမိတ်က ကြေးမုံဖန်သားသဖွယ် ကြေမွပျက်စီးသွားသည်။ ထို့နောက် ယင်း၏ အစိတ်အပိုင်းများက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပြန့်ကျဲသွားကြသည်။
ရေတွင်းထဲမှ လကို မျှားခြင်း နတ်ဘုရားစွမ်းရည်က ပြိုကွဲပျက်စီးသွားသည့်အခါ ရှေးခေတ်အင်မော်တယ်က အလုံးစုံတစ်ယောက်တည်း ပြန်ဖြစ်သွားသည်။ သို့သော်လည်း သူ၏ အသွင်သဏ္ဍာန်က ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားသွားသည်။
သူ၏ မျက်နှာက အရွယ်အိုမင်းနေပြီး အရေးအကြောင်းများဖြင့် ပြည့်နှက်နေဆဲဖြစ်သော်လည်း သူ၏ မျက်လုံးထဲမှာ တစ်ခါမှမထွက်ပေါ်ဖူးသော မျက်စိကျိန်းစပ်လုနီးပါး ငွေရောင်အလင်းက ထွန်းလင်းတောက်ပလာသည်။
သူ၏ ဆံပင်ဖြူက ဂလက်စီတစ်ခုသဖွယ် ဆန့်တန်းသွားပြီး သူ၏ အနောက်မှာ ကျဆင်းသွားသည်။ ယင်းက သူ့အား သာလွန်ထူးခြားသော ကြီးကျယ်မြင့်မြတ်မှုအရှိန်အဝါကို ပေးသည်။
ခုနစ်ရောင်ခြယ်အင်မော်တယ်မြူခိုးက သူ၏ ဘေးပတ်ပတ်လည်မှာ ရစ်သိုင်းနေပြီး သူ၏ အထွတ်အမြတ် ဩဇာအာဏာကို ဒြပ်ထည်ဖွဲ့စည်းနေသည်။
သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တတ်သွားပြီး ကြယ်တာရာကောင်းကင်မှ ကောင်းကင်ဘုံစွမ်းအင်ဒီရေလှိုင်းများကို ဆွဲဆောင်လိုက်သည်။ အာကာသဟင်းလင်းပြင်ထံမှ ကြယ်အလင်းရောင်က သူ၏ အရှေ့မှာ ဝပ်တွားသွားသည်။
သူ၏ တည်ရှိမှုက အနန္တနိယာမနှင့် ဖွဲ့စည်းထားသော အစိတ်အပိုင်းဖြစ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားက သူ့ထံမှ ပေါက်ကွဲထွက်လာသည်။ ယင်းက တောင်တန်းများကို ပြိုကျပျက်စီးစေနိုင်ပြီး ပင်လယ်သမုဒ္ဒရာများကို ခမ်းခြောက်စေနိုင်သည်။ သူက ရွှီချင်းထံသို့ ဦးတည်၍ စတုတ္ထမြောက်ခြေလှမ်းကို လှမ်းရန် ပြင်လိုက်သည်။
“ ခင်ဗျားက အရမ်းစကားများတာပဲ… နားငြီးလိုက်တာ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
ရှေးခေတ်အင်မော်တယ်၏ အာဏာစက်က အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ သူက အနန္တကို အသုံးပြု၍ ရွှီချင်း၏ နတ်ဘုရားစွမ်းရည်ကို ယင်း၏ အကန့်အသတ်အား ကျော်လွန်သွားစေရန် တွန်းအားပေးခဲ့သည်။ ထို့ကြောင့် သူ၏ နတ်ဘုရားစွမ်းရည်က လှောင်ချိုင်ထဲမှ ကျားတစ်ကောင် ရုန်းထွက်သွားသကဲ့သို့ ပြိုကွဲပျက်စီးသွားသည်။
သို့သော်လည်း တစ်ခါတစ်ရံမှာ ကျားတစ်ကောင်ကို ထိန်းသိမ်းရန် သံမဏိလှောင်ချိုင့်ကို မလိုအပ်ပေ။
ကွေးနိုင်ဆန့်နိုင်သော နွယ်ပင်များဖြင့် ၎င်းကို ချည်နှောင်ထားလျှင်လည်း အဆင်ပြေသည်။
သို့ဖြစ်၍ အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ နတ်ဘုရားစွမ်းရည်မှ ပြိုကွဲပျက်စီးသွားခဲ့သော အပိုင်းအစများက အသွင်ပြောင်းလဲသွားကြသည်။
“ အပြိုင်စကြာဝဠာတွေ ထွက်ပေါ်လာစမ်း ”
အပိုင်းအစများ၏ မူလသဘာဝက ပြောင်းလဲသွားပြီး အပိုင်းအစတစ်ခုစီက ကြေးမုံတစ်ချပ် ဖြစ်လာကြသည်။ ထို့ပြင် ကြေးမုံအားလုံးက ရှေးခေတ်အင်မော်တယ်၏ အနန္တအကြောင်းအကျိုးနှင့် အနန္တကံကြမ္မာကို ပုံရိပ်ပြန်လိုက်ကြသည်။
ယခု ကြေးမုံအပိုင်းအစတစ်ခုစီမှာ ရှေးခေတ်အင်မော်တယ်၏ မူကွဲပုံစံတစ်ခုက ထွက်ပေါ်လာသည်။
မတူညီသော အပြိုင်စကြာဝဠာများ၊ မတူညီသော အချိန်လေဟာနယ်များ၊ မတူညီသော လောကများ…
ထိုလောကများထဲမှာ ရှေးခေတ်အင်မော်တယ်အားလုံးက ကျင့်ကြံသူများ မဟုတ်ကြချေ။
တချို့လောကများထဲမှာ သူက သေမျိုးဖြစ်သည်။ တချို့လောကများထဲမှာ သူက သားရဲတစ်ကောင်၊ အပင်တစ်ပင်နှင့် ဒြပ်စင်တစ်မျိုးပင် ဖြစ်သည်။ လိင်အမျိုးအစားသည်လည်း မတူညီကြပေ။ တချို့က ယောင်္ကျားဖြစ်ပြီး၊ တချို့က မိန်းမဖြစ်ကာ တချို့က နပုလ္လိင်ဖြစ်သည်။
ထို့နောက်…
ရွှီချင်းက သူ၏ ဆန့်ထုတ်ထားသော လက်ကို ဝှေ့ယမ်းလိုက်သည်။
“ ကပြောင်းကပြန်ဖြစ်စေ ”
သူ၏ အမိန့်ပေးမှုကြောင့် အပြိုင်စကြာဝဠာများက ကပြောင်းကပြန်ဖြစ်သွားပြီး လောကတစ်သောင်းက ဖရိုဖရဲဖြစ်သွားကြသည်။
ကြေးမုံအပိုင်းအစတစ်ခုစီက အပြင်းအထန် တုန်ယင်သွားကြသည်။ ထို့နောက် စိတ်ကူးမယဉ်နိုင်သော ပြောင်းလဲမှုများက ကြေးမုံအားလုံးဆီမှာ ထွက်ပေါ်လာကြသည်။
အကယ်၍ တစ်စုံတစ်ယောက်က ရှေးခေတ်အင်မော်တယ်၏ အနန္တအကြောင်းအကျိုးနှင့် အနန္တကံကြမ္မာကို ပုံရိပ်ပြန်နေသော ထိုကြေးမုံများကို မြင်နိုင်မည်ဆိုလျှင် ဤအခိုက်အတန့်မှာ ယင်းတို့အားလုံးက ကပြောင်းကပြန်ဖြစ်သွားနေကြောင်း ရှာတွေ့သွားလိမ့်မည်။
ယောင်္ကျားများက မိန်းမများဖြစ်လာကြပြီး မိန်းမများက ယောင်္ကျားများ ဖြစ်လာကြသည်။ လိင်အမျိုးအစားက လုံးဝ ကပြောင်းကပြန်ဖြစ်သွားသည်။
တချို့ကျင့်ကြံသူများက သေမျိုးများအဖြစ် အဆင့်နိမ့်ကျသွားကြပြီး လူသားများက တိရိစ္ဆာန်များအဖြစ် အသွင်ပြောင်းလဲသွားကြသည်။ နဂိုတိရိစ္ဆာန်များသည်တော့ ဒြပ်စင်များဖြစ်လာကြသည်။
တစ်နည်းဆိုရသော် ရှေးခေတ်အင်မော်တယ်၏ မူကွဲပုံစံအားလုံးက အခြေခံအားဖြင့် ဖရိုဖရဲဖြစ်သွားကြသည်။
ထို့ပြင် ကမ္ဘာဖျက်ကပ်ဘေးများက ထိုအပြိုင်စကြာဝဠာများထဲ၌ အပြန်အလှန် နေရာကူးပြောင်းသွားကြသည်။
အနီရောင်ကြယ်ဂြိုလ်များက ကောင်းကင်ပေါ်မှ ကြွေကျလာကြပြီး တောင်တန်းများကို အမှုန့်ဖြစ်သွားစေကာ ပင်လယ်သမုဒ္ဒရာများကို အငွေ့ပျံသွားစေသည်။ ဝိညာဉ်မြစ်များ၏ စီးဆင်းမှုက ကပြောင်းကပြန်ဖြစ်သွားပြီး မြို့များကို ဝါးမျိုဖျက်ဆီးလိုက်ကြသည်။
ပိုပြီးအံ့ဖွယ်ကောင်းသည်မှာ ကြေးမုံပုံရိပ်တစ်ခုထဲ၌ ရှေးခေတ်အင်မော်တယ်၏ အကြောင်းအကျိုးအမျှင်တန်းတစ်ခုမှ ဒြပ်ထည်ဖွဲ့စည်းသွားသော လောကသစ်ပင်က ယခု ပုပ်သိုးဆွေးမြေ့သွားသည်။ ၎င်း၏ အမြစ်များက မြေလှန်ခံလိုက်ရပြီး ၎င်း၏ သစ်ပင်အကိုင်းအခတ်များက သွေးမျက်ရည်ကျနေကြသည်။
ယင်းက ရွှီချင်း၏ ဒိုင်မန်းရှင်းအာဏာစက်ဥပဒေသ၏ အစွမ်းဖြစ်သည်။ သူက ဒိုင်မန်းရှင်းအာဏာစက်ဥပဒေသ၏ စွမ်းအားကို အသုံးပြု၍ ရှေးခေတ်အင်မော်တယ်၏ အချိန်လေဟာနယ်အားလုံးနှင့် အပြိုင်စကြာဝဠာအားလုံးထဲမှာရှိသော မူကွဲပုံစံအားလုံးကို ပြန်လည်ချိန်ညှိလိုက်ခြင်း ဖြစ်သည်။
သူက အလုံးစုံအစီအစဉ်တကျရှိခြင်းကို ဖရိုဖရဲအဖြစ် ပြောင်းလဲသွားစေသည်။ တစ်နည်းဆိုရသော် သူက ပြိုကွဲပျက်စီးသွားသော သံမဏိလှောင်ချိုင့်ကို အဆိပ်နွယ်ပင်များအဖြစ် ပြောင်းလဲသွားစေသည်။
အပြိုင်စကြာဝဠာတစ်ခုစီမှ အပြောင်းအလဲများက ရှေးခေတ်အင်မော်တယ်၏ အစစ်အမှန်အသွင်သဏ္ဍာန်အပေါ် သက်ရောက်မှုရှိသည်။
ယင်းက အလုံးစုံအစီအစဉ်တကျရှိခြင်းကို ဆန့်ကျင်ရန် ဖရိုဖရဲကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
နောက်အခိုက်အတန့်မှာ ရွှီချင်းက ရုတ်တရက် လက်သီးဆုပ်လိုက်သည့်အခါ ကြေးမုံအားလုံးက ရှေးခေတ်အင်မော်တယ်ဆီသို့ တစ်ပြိုင်နက် လှည့်ပတ်သွားကြသည်။
“ မူလတစ်ခုတည်းသို့ ပြန်ခြင်း ”
ထိုစကားလုံးသုံးလုံးက လောကထဲမှာ ပဲ့တင်ထပ်သွားသည်နှင့် ကြေးမုံအားလုံးက အလိုအလျောက် အက်ကွဲသွားကြသည်။ ထို့နောက် ဖရိုဖရဲဖြစ်နေသော အကြောင်းအကျိုးနှင့် ကပြောင်းကပြန်ဖြစ်နေသော ကံကြမ္မာက ရှေးဟောင်းဒီရေသဖွယ် ပေါ်လျှိုးလာပြီး ရှေးခေတ်အင်မော်တယ်ဆီသို့ ဒလဟော ဦးတည်သွားသည်။
သူ၏ အနန္တအကြောင်းအကျိုးက မသန့်စင်တော့ပေ။
သူ၏ အနန္တကံကြမ္မာက ညစ်ထေးသွားသည်။
ရွှီချင်းထံသို့ ဦးတည်၍ စတုတ္ထမြောက် ခြေလှမ်းကို လှမ်းရန် ဟန်ပြင်နေသော ရှေးခေတ်အင်မော်တယ်က ရုတ်တရက် တောင့်တင်းသွားသည်။ တစ်ချိန်က သလင်းကျောက်သဖွယ် ကြည်လင်တောက်ပခဲ့သော သူ၏ ကံကြမ္မာနှင့် အကြောင်းအကျိုးချည်မျှင်များက ယခု ညစ်ထေးသွားကြောင်း သူအာရုံခံမိသွားသောအခါ ရှေးခေတ်အင်မော်တယ်က ထိတ်လန့်ချောက်ချားသွားသည်။
ဤသည်မှာ ခမ်းနားမြင့်မြတ်သော ရေပူစမ်းက သွေးစွန်းနေသော အလောင်းတစ်လောင်းကြောင့် ညစ်ထေးသွားသည့်အလားပင်။
ရွေရောင်အလင်းက မီးခိုးရောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ ကံကြမ္မာချည်မျှင်များက အညစ်အကြေးများကြောင့် ဖောင်းပွလာသည်။
ထို့ပြင် ထိုလုပ်ငန်းစဉ်ကို သူပြောင်းပြန်မလှန်နိုင်ပေ။
ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများသည်ပင် ချက်ချင်း ထွက်ပေါ်လာသည်။
သူ၏ အရွယ်အိုမင်းနေသော မျက်နှာပေါ်မှာ အက်ကွဲရာများက ထွက်ပေါ်လာကြသည်။
အင်မော်တယ်တစ်ပါး၏ အမှတ်သင်္ကေတဖြစ်သော သူ၏ မျက်လုံးထဲမှ ငွေရောင်အလင်းသည်ပင် မြန်ဆန်စွာ မှေးမှိန်သွားသည်။ သို့ဖြစ်၍ သူ၏ ရီဝေနေသော သူငယ်အိမ်များက နောက်တစ်ဖန် ပြန်ထွက်ပေါ်လာသည်။
ဂလက်စီနှင့်ဆင်တူသော သူ၏ အဖြူရောင်ဆံပင်က တစ်မျှင်ပြီးတစ်မျှင် ညှိုးနွမ်းခြောက်သွေ့သွားသည်။ သူ၏ ဆံပင်အစများက ကွေးကောက်သွားပြီး မည်းနက်သွားကြသည်။ ဤသည်မှာ ယင်းတို့က ကံကြမ္မာမီးတောက်ဖြင့် လောင်ကျွမ်းခံလိုက်ရသည့်အလားပင်။
သူ၏ ဘေးပတ်ဝန်းကျင်မှ ခုနစ်ရောင်ခြယ်အင်မော်တယ်မြူခိုးက စေးပျစ်သော အနက်ရောင်အရည်အဖြစ် သိပ်သည်းသွားပြီး သူ၏ တာအိုဝတ်စုံပေါ်သို့ ကျဆင်းသွားသည်။ အပုပ်နံ့တထောင်းထောင်း ပျံ့လွင့်သွားစဉ် သူ၏ ဝတ်စုံပေါ်မှာ မှိုကဲ့သို့ အနက်ရောင်အကွက်များ ထွက်ပေါ်လာကြသည်။
အင်မော်တယ်စွမ်းအားသည်ပင် သူ၏ ခန္ဓာကိုယ်ပေါ်မှ အက်ကွဲရာများမှတဆင့် အပြင်သို့ စိမ့်ထွက်သွားနေသည်။ ယင်းတို့က သူ့ခန္ဓာကိုယ်၏ အပြင်ဘက်တွင် အနက်ရောင်အဆိပ်ငွေ့အဖြစ် ပြောင်းလဲသွားသည်။ တချို့အင်မော်တယ်စွမ်းအင်က သူ၏ မရီဒျန်များထဲမှာ ကပြောင်းကပြန်စီးဆင်းသွားပြီး သူ၏ အရိုးများနှင့် သွေးကို ယိုယွင်းတိုက်စားလိုက်သည်။ ယင်းက သူ့အား ကြီးမားသော နာကျင်မှုဝေဒနာကို ခံစားရစေသည်။
အဟွတ်…
ရှေးခေတ်အင်မော်တယ်က အနက်ရောင်သွေးကို ပါးစပ်အပြည့် အန်ထုတ်လိုက်ရပြီး အနောက်သို့ ဒယိမ်းဒယိုင်ဆုတ်သွားသည်။
သူက အင်မော်တယ်စွမ်းအင်ကို အပြင်းအထန် ဆင့်ခေါ်လိုက်သည်။ သို့သော်လည်း တစ်ချိန်က ရိုသေကျိုးနွံခဲ့သော အင်မော်တယ်စွမ်းအင်က ယခု ပျင်းရိလေးဖင့်နေကြောင်း သူရှာတွေ့သွားသည်။ ဤသည်မှာ ယင်းက အလွန်သိပ်သည်းသော မြူခိုးထုထဲ၌ ရွေ့လျားနေသည့်အလားပင်။
သူ၏ လက်ချောင်းထိပ်မှာ စုဝေးနေသော အင်မော်တယ်အလင်းက မီးခိုးရောင်ပိုးဖလံအစုအဝေးအဖြစ် အသွင်ပြောင်းလဲသွားဟန် ရ၏။ ၎င်းတို့က မြေပေါ်သို့ ပြုတ်ကျမသွားမီ အားအင်ချည့်နဲ့စွာ တဖျပ်ဖျပ်လှုပ်ခတ်လိုက်ကြသည်။
သို့သော်လည်း အဓိက သေခြင်းရှင်ခြင်းကပ်ဘေးက သူ၏ ဝိညာဉ်အတွင်းမှာ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူ၏ ဝိညာဉ်က ယိုယွင်းတိုက်စားခံနေရသည်။
သူ၏ အသိစိတ်ထဲမှ မရေမတွက်နိုင်သော မှတ်ဉာဏ်များက ဖရိုဖရဲဖြစ်သွားသည်။
ထိုအရာအားလုံး၏ ဇစ်မြစ်က ညစ်ထေးသွားသော သူ၏ အကြောင်းအကျိုးနှင့် ကံကြမ္မာမှ ဖြစ်သည်။
အရာအားလုံးက ပုံပျက်တွန့်လိမ်သွားသည်။ ဤသည်မှာ ဂန္တဝင်ပန်းချီကားတစ်ချပ်က အဆိပ်မြူမှုန်ဖြင့် စွန်းထင်သွားသည့်အလားပင်။ ယခင်က ရွှန်းလဲ့တောက်ပခဲ့သော အရောင်အသွေးတိုင်းက ယခုအခါ သူ၏ နတ်ဘုရားစိတ်အာရုံကို ဖျက်ဆီးပစ်မည့် အဆိပ်ငွေ့ကို သယ်ဆောင်ထားကြသည်။
သူ၏ နားထင်ပေါ်မှ သွေးကြောများက ဖောင်းကားလာကြသည်။ ဤသည်မှာ ကျိန်စာထောင်သောင်းချီက သူ၏ သွေးကြောများထဲမှာ ကိန်းအောင်းနေသည့်အလားပင်။ သူ့ကိုယ်ပိုင် အပြိုင်စကြာဝဠာများနှင့် အချိန်လေဟာနယ်များထဲမှ သူ၏ မူကွဲပုံစံအားလုံး၏ မကျေနပ်ချက်များက ယခု သူ၏ မူလခန္ဓာကိုယ်ကို ယိုယွင်းတိုက်စားပစ်နေသည်။
မူကွဲပုံစံအားလုံးက တာအိုအပေါ် သူတို့၏ ကျမ်းကျိန်မှုကို မေ့လျော့သွားကြပြီး မူလခန္ဓာကိုယ်၏ ဝါးမျိုခံရခြင်းအပေါ် သူတို့၏ မကျေနပ်မှုကိုသာ မှတ်မိကြတော့သည်။
ထို့ကြောင့် သူ၏ အရှိန်အဝါက သိသိသာသာ စတင်လျော့ကျသွားသည်။ သူက အထွတ်အမြတ် အင်မော်တယ်တစ်ပါးမှ နိမ့်ကျသော သေမျိုးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
ဤအခိုက်အတန့်မှာ သေးငယ်သော ရိုက်ခတ်မှုတစ်ခုကပင် သူ့အား မီးခိုးငွေ့ဖြစ်သွားစေနိုင်ပြီး သူ၏ အသက်မီးတောက်ကို အပြည့်အဝ ငြိမ်းသတ်ပစ်နိုင်သည်။
သို့တိုင်…
ရွှီချင်းက အရှေ့သို့ မချီတတ်သွားပေ။ သူက နေရာမှာ လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေပြီး စိတ်တည်ငြိမ်စွာ လေ့လာစောင့်ကြည့်နေသည်။
တစ်ခဏကြာပြီးနောက် ရှေးခေတ်အင်မော်တယ်က ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး ခက်ခက်ခဲခဲ ပြောသည်။
“ ဘယ်လောက်… ခမ်းနားလိုက်တဲ့… ပြောင်းပြန်လှန်ခြင်းလဲ… ”
“ ယိုယွင်းတိုက်စားမှုက… အောင်မြင်တယ်… ဒါပေမဲ့ မင်းက ငါ့ဆီ ချဉ်းကပ်လာဖို့ ချုပ်ထိန်းထားတယ်… ”
သူ၏ အသံက ကျောက်တုံးများ ကြိတ်ခြေနေသောအသံနှင့် ဆင်တူသည်။
ရွှီချင်း၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ ခင်ဗျားရဲ့ အာဏာစက်က ‘ ရေတွက်၍မရခြင်း ’ကို မွေးဖွားပေးခဲ့တယ်… ‘ အနန္တ ’က ‘ ရေတွက်၍မရခြင်း ’ရဲ့ ပြီးပြည့်စုံမှု ဖြစ်တယ်… ဒါပေမဲ့ ဥပဒေသကို ခင်ဗျားဖမ်းဆုပ်မိထားတယ်ဆိုတာ ရှင်းလင်းတယ်… ဒါပေမဲ့ အခုထိ ခင်ဗျားက အဲ့ဒါကို ဖုံးကွယ်ထားတုန်းပဲ ”
“ ခင်ဗျားက အဲ့ဒါကို ဖုံးကွယ်ချင်တယ်ဆိုမှတော့… အခု ခင်ဗျားရင်ဆိုင်နေရတဲ့ အခြေအနေက အဲ့ဒါကို အတင်းအဓမ္မ ထုတ်သုံးလာစေဖို့ ဖိအားပေးနိုင်လောက်လား ”
ရှေးခေတ်အင်မော်တယ်က နှုတ်ဆိတ်သွားသည်။
အချိန်အတန်ကြာပြီးနောက် သူက ရုတ်တရက် ရယ်လိုက်သည်။
“ မင်းရဲ့… အပြိုင်စကြာဝဠာအာဏာစက်ကို… လေ့လာဖို့… မင်းရဲ့ ထောင်ချောက်ထဲကို… ငါဝင်သွားခဲ့တယ်… အဲ့ဒါမှ… မင်းရဲ့ ဥပဒေသကို… ငါသိနိုင်လိမ့်မယ် ”
“ မင်းကတော့… ငါ့ရဲ့ ဥပဒေသကို စူးစမ်းချင်တဲ့အတွက်… ငါ့ကို… ဒီအခြေအနေထိ… ဖိနှိပ်ခဲ့တယ်… ”
“ ဒါပေမဲ့… မင်းရဲ့ တကယ့်ရည်ရွယ်ချက်က… အဲ့ထက် ပိုပြီးနက်နဲမယ်လို့… ငါအာရုံရနေတယ် ”
သူ၏ ရီဝေသော မျက်လုံးက ရုတ်တရက် မီးဟုန်းဟုန်းတောက်လာပြီး ငွေရောင်အလင်းကို အသစ်တဖန် ထုတ်လွှတ်လိုက်သည်။
“ မင်း… တကယ်ပဲ… ဘာကို… စောင့်နေတာလဲ ”
ရွှီချင်းက ခပ်ရေးရေး ပြုံးလိုက်သည့်အခါ သူ၏ အကြည့်က နက်နဲသိမ်မွေ့သွားသည်။
“ ကျွန်တော်က ခင်ဗျားစောင့်နေတဲ့အရာကို စောင့်နေတာ ”
“ ပြီးတော့… အချိန်က အမြဲတမ်း ကျွန်တော့်ဘက်မှာ ရှိတယ် ”
ရှေးခေတ်အင်မော်တယ်၏ သူငယ်အိမ်များက ကျုံ့သွားကြသည်။