← Chapters

နောက်ကွယ်မှ လက်မည်းကြီး

Vol. 118 Ch. 1801

နောက်ကွယ်မှ လက်မည်းကြီး

Vol. 118 Ch. 1801

အင်မော်တယ်တစ်ပါးအတွက်တော့ အာဏာစက်က သူတို့၏ အနှစ်သာရ ဖြစ်သည်။

သူတို့၏ အာဏာစက် ပြိုကွဲပျက်စီးသွားသည်ဆိုလျှင် ယင်းက…

“ အင်မော်တယ်(仙) ”ဟူသော စကားလုံးက “ တောင်(山) ”ဟူသော စကားလုံးကို ဆုံးရှုံးသွားသည့်အလား “ လူသား(人) ”ဟူ၍သာ ကျန်ရှိတော့လိမ့်မည်။

ယင်းက ကောင်းကင်ပေါ်မှာ ရုန်းကန်နေသော ရှေးခေတ်အင်မော်တယ်၏ လက်ရှိအခြေအနေနှင့် ဆင်တူသည်။

သူက ယိုယွင်းပျက်စီးနေသော သူ၏ လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။ တစ်ချိန်က သူ့အား အနန္တတန်ခိုးကို အပ်နှင်းပေးခဲ့သော အကြောင်းအကျိုးမျဉ်းကြောင်းများက ယခု သေဆုံးနေသော နေရောင်ခြည်သဖွယ် သူ၏ ပြိုကွဲပျက်စီးနေသော အသွေးအသားများထဲမှာ စီးဆင်းနေသည်။ ယင်းတို့၏ နောက်ဆုံးထွန်းလင်းမှုထဲမှာ မရေမတွက်နိုင်သော ရောင်စုံလိပ်ပြာများက ကိန်းအောင်းနေကြပြီး လိပ်ပြာတစ်ကောင်စီက သူ၏ အတိတ်နှင့် အနာဂတ်မှ အကြောင်းအကျိုးကို ဖော်ပြနေကြသည်။

ဤအခိုက်အတန့်မှာ ထိုရောင်စုံလိပ်ပြာများက အပြင်းအထန် ရုန်းကန်နေကြပြီး စတင်လွင့်ပြယ်သွားကြသည်။

ထိုအချင်းအရာကို မြင်သွားသောအခါ ရှေးခေတ်အင်မော်တယ်က ခါးသီးစွာ ပြုံးလိုက်သည်။

သူ၏ အသွင်သဏ္ဍာန်က ညှိုးနွမ်းခြောက်သွေ့သွားနေပြီး သူ၏ အသက်ဓာတ်က ဆုတ်ယုတ်သွားနေသည်။ ယခင်က ပျောက်ကွယ်သွားခဲ့သော အက်ကွဲရာများက သူ၏ မျက်နှာပေါ်မှာ တဖန်ပြန်ပေါ်လာကြသည်။ သူ၏ ငွေရောင်ဆံပင်က ကွေးကောက်သွားပြီး တစ်မျှင်ပြီးတစ်မျှင် လောင်ကျွမ်းသွားကြသည်။

သူ၏ နောက်ကျောမှ ဧရာမအင်မော်တယ်အသွင်သဏ္ဍာန်သည်ပင် စတင်ပြိုကွဲသွားသည်။

လွန်ခဲ့သော တစ်ခဏက အထွတ်အထိပ်တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားခဲ့သော သူ၏ အရှိန်အဝါက ယခု စတင်မှေးမှိန်သွားသည်။

ရွှေရောင်သွေးက သူ၏ ပါးစပ်ထဲမှ ထိန်းချုပ်မရစွာ အန်ထွက်လာပြီး လေထဲမှာ အနီရောင်မြူခိုးအဖြစ် အငွေ့ပျံသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်က သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းက ဝမ်ကူးကုန်းမြေမှ အသင်္ချေမျိုးနွယ်စုများ၏ မျှော်လင့်ချက်အလင်းရောင်ကို တဖန်နိုးထလာစေသည်။

ဧကရီက အသက်ရှူမြန်လာသည်။ သတ္တမသခင်ကြီးက နှလုံးတင်းကျပ်မှုကို ခံစားမိသွားသည်။ ကျိုးကျန်းလီနှင့် တခြားလူများ၏ မျက်လုံးထဲမှာ အံ့အားသင့်သော အလင်းရောင်က အထင်အရှား ထွက်ပေါ်လာသည်။

ထိုသို့အာဏာစက်ချင်းယှဉ်ပြိုင်မှုက အလွန်အံ့ဖွယ်ကောင်းသည်။ အထူးသဖြင့် ရန်သူ၏ အခြေခံအုတ်မြစ်ကို အဓိကပစ်မှတ်ထားသော ရွှီချင်း၏ တိုက်ခိုက်မှု ဖြစ်သည်။ ထိုသို့တိုက်ပွဲမျိုးက အင်မော်တယ်များကြားထဲမှာပင် မြင်တွေ့ရခဲသည်။

အားညိုတစ်ယောက်တည်းသာ ကောင်းကင်ပေါ်မှ အင်မော်တယ်များတိုက်ပွဲကို ကြည့်နေရင်း နှုတ်ခမ်းသပ်လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

“ အဲ့ဒါက စကားစစ်ထိုးရုံပဲ မဟုတ်ဘူးလား… စကားစစ်ထိုးတာက ငါ့ရဲ့ အထူးကျွမ်းကျင်မှုတစ်ခုပဲ… အင်မော်တယ်တွေက အဲ့ဒီလို တိုက်ခိုက်တာဆိုရင် နွေဦးအင်မော်တယ်အဆင့်ကို ငါရောက်တဲ့အခါ ငါက ပြိုင်ဘက်ကင်းပြီပေါ့ ”

အားညိုက သူ့ကိုယ်ပိုင်အတွေးကြောင့် ဝမ်းသာပျော်ရွှင်နေစဉ် ရွှီချင်း၏ အဓိပ္ပာယ်ရှိသော စကားသံက ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားသည်။

“ ခင်ဗျားမှာ တခြားရွေးချယ်စရာတစ်ခု ကျန်နေသေးတယ် ”

ရှေးခေတ်အင်မော်တယ်က ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်သည်။ သူ၏ ဇရာအိုနေသော မျက်လုံးထဲမှာ ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူက ရွှီချင်းကို မကြည့်ပေ။ ယင်းအစား သူက အောက်ဘက်မှ ဝမ်ကူးကုန်းမြေကို ကြည့်လိုက်သည်။

ရင်းနှီးကျွမ်းဝင်ဟန် ထင်ရသော်လည်း သူ့အတွက် စိမ်းကားနေသော ထိုလောကထဲမှာ သူက အသင်္ချေမျိုးနွယ်စုများနှင့် လူသားများကို မြင်တွေ့သွားသည်။

နောက်ဆုံးမှာ သူ၏ အကြည့်က သတ္တမသခင်ကြီးပေါ်သို့ ကျရောက်သွားသည်။

သတ္တမသခင်ကြီးက နှုတ်ဆိတ်နေသည်။

ရှေးခေတ်အင်မော်တယ်က မျက်လုံးမှိတ်လိုက်သည့်အခါ အက်ကွဲရာများက သူ၏ မျက်နှာတစ်ပြင်လုံးကို ဖုံးလွှမ်းသွားသည်။ ထိုအက်ကွဲရာများက သူ၏ တစ်ကိုယ်လုံးကို အပြည့်အဝ ဝါးမျိုပစ်တော့မည့်အချိန်…

သူ၏ မှိတ်ထားသော မျက်လုံးက ရုတ်တရက် ပြန်ပွင့်သွားသည်။ ဤတစ်ကြိမ်တွင် စိတ်ဓာတ်ပြတ်သားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်လာသည်။

ငွေရောင်အင်မော်တယ်မီးတောက်က သူ၏ အမြူတေထဲမှ ပေါ်လျှိုးထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသည်။ တစ်ဆက်တည်းမှာ ယင်းက အက်ကွဲကြောင်းများမှတဆင့် ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားသည်။

ယင်းက သူ့အား အသေးစား နေလုံးတစ်လုံးအဖြစ် အသွင်ပြောင်းလဲစေသည်။

သူက ငြိမ်းသတ်ခါနီးနေသော သူ၏ အင်မော်တယ်အရင်းအမြစ်ကို သူ၏ ဘယ်လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

သူ၏ ညာလက်ထဲတွင် လွန်ခဲ့သော နှစ်တစ်သိန်းအတွင်း သူစုဆောင်းထားခဲ့သော အကြောင်းအကျိုးအားလုံးက စုဝေးသွားကြသည်။

ရှေးခေတ်အင်မော်တယ်က သူ၏ လက်နှစ်ဖက်ထဲမှ စွမ်းအားကို အာရုံခံပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ သူ၏ အင်မော်တယ်အရင်းအမြစ်ကို မီးတောက်အဖြစ် အသုံးပြုလိုက်ပြီး သူ၏ အကြောင်းအကျိုးကို လောင်စာအဖြစ် အသုံးပြုလိုက်ကာ အကြီးအကျယ် မီးလောင်ကျွမ်းစေသည်။

ချက်ချင်းဆိုသလို အင်မော်တယ်အရင်းအမြစ်က ပြန့်ကျဲသွားပြီး အကြောင်းအကျိုးက ပျောက်ကွယ်သွားသည်။

သူ၏ အင်မော်တယ်ခန္ဓာကိုယ်ထဲမှ ငွေရောင်မီးတောက်မီးလျှံများက တစ်ဟုန်ထိုး အားကောင်းသွားပြီး သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ တစ်ဆက်တည်းမှာ မီးတောက်မီးလျှံများက မရပ်တန့်နိုင်သော အရှိန်အဟုန်ဖြင့် ကောင်းကင်အထိ ပျံတတ်သွားကြသည်။

ဤအခိုက်အတန့်မှာ ကျယ်လောင်သော မိုးခြိမ်းသံများက ကောင်းကင်နှင့်မြေပြင်ကြားမှာ မရပ်မစဲ ပဲ့တင်ထပ်သွားသည်။ ကောင်းကင်ဘုံမိုးခြိမ်းသံအောက်မှာ လောကက အပြင်းအထန် တုန်လှုပ်သွားသည်။

မိုးခြိမ်းသံက အသင်္ချေမျိုးနွယ်စုများ၏ သွေးမျိုးဆက်ထဲသို့လည်း ပဲ့တင်ထပ်သွားသည်။

နောက်ဆုံးမှာ အင်မော်တယ်မီးတောက်မီးလျှံများက ဝမ်ကူးကုန်းမြေမှ ကောင်းကင်ဘုံကိုးလွှာ၏ ထိပ်ဆုံးမှ ကောင်းကင်ဘုံချိပ်တံဆိပ်များအထိ ပျံတတ်သွားသည့်အခါ မိုးကောင်းကင်တစ်ခုလုံးက ငွေရောင်ပြောင်းသွားသည်။

သို့တိုင် ထိုငွေရောင်အလင်းထဲမှာ ဝမ်းနည်းဖွယ်ကောင်းသော လေထုက ကိန်းအောင်းနေသည်။ ဤသည်မှာ ၎င်းက ရှေးခေတ်အင်မော်တယ်၏ နောက်ဆုံးခရီးအတွက် ဝမ်းနည်းကြေကွဲနေသည့်အလားပင်။

ရှေးခေတ်အင်မော်တယ်က သူ့ကိုယ်သူနှင့် သူ၏ အင်မော်တယ်စွမ်းအင်ကိုသာ လောင်ကျွမ်းနေခြင်း မဟုတ်ပေ။ သူက ရှေးခေတ်ကာလတွင် ရွှမ်ကမ္ဘာမြေမှ စွန့်ခွာ၍ ဝမ်ကူးကုန်းမြေအထိ ဦးဆောင်တိုက်ခိုက်ခဲ့သော စစ်ပွဲအတွင်းမှ သူ၏ အကျိုးဆောင်မှုများကိုလည်း လောင်ကျွမ်းပစ်လိုက်သည်။

တစ်ချိန်က သူရရှိခဲ့သော အထွတ်အထိပ် ဂုဏ်ကျက်သရေများက ယခု ယဇ်ပူဇော်မှု ဖြစ်လာသည်။

သူက သူ့အသက်ကို ဆက်ပြီး ထိန်းသိမ်းနိုင်ရန်အလို့ငှာ သူ့အာဏာစက်၏ ပြိုကွဲပျက်စီးမှုနှင့် အလဲအလှယ်လုပ်လိုက်သည်။

နောက်ဆုံးမှာ မီးတောက်မီးလျှံများ ငြိမ်းသတ်သွားသည့်အခါ ငွေရောင်အလင်းက သူ၏ ခန္ဓာကိုယ်ဆီသို့ ပြန်ဝင်လာသည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ပေါ်မှ အက်ကွဲရာများက ပျောက်ကွယ်သွားပြီး သူက ပုံမှန်ပြန်ဖြစ်သွားသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် သူက သာမန်အဖိုးအိုတစ်ယောက်မျှသာ ဖြစ်သည်။

သူ့ဆီမှာ အင်မော်တယ်၏ ကြီးကျယ်မြင့်မြတ်မှုနှင့်ပတ်သက်၍ တစ်စွန်းတစ်စမှ မကျန်ရှိတော့ပေ။

မီးတောက်မီးလျှံများ လုံးဝ ကွယ်ပျောက်သွားသည်နှင့် နေဝင်ဆည်းဆာ၏ ပထမဆုံး အလင်းရောင်က ပါးလွှာသော တိမ်တိုက်များကို ဖြတ်သန်းသွား၍ အဖိုးအို၏ စုတ်ပြဲနေသော ဝတ်စုံပေါ်သို့ ကျရောက်သွားသည်။

“ နောက်ဆုံးမှာတော့ အင်မော်တယ်ဘဝကနေ ကျရှုံးသွားရတာပါပဲ ”

“ အခုကစပြီး… ဒီအဖိုးကြီးဆီမှာ ဝမ်ကူးကုန်းမြေနဲ့ ဘာဆက်သွယ်မှုမှ မရှိတော့ဘူး ”

ရှေးခေတ်အင်မော်တယ်က တီးတိုးရေရွတ်လိုက်သည်။

ထို့နောက် ရွှီချင်းကို သူကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှ အလင်းရောင်က တဖန်ထွန်းလင်းလာသည်။

“ ကောင်လေး… မင်းရဲ့ ဆန္ဒကို ငါဖြည့်ဆည်းပေးမယ် ”

“ အခု ငါ့မှာလည်း ဆန္ဒတစ်ခုရှိတယ် ”

“ လွန်ခဲ့တဲ့(၂၇)နှစ်တုန်းက အဲ့ဒီဓားသမားက ကောင်းကင်ပေါ်မှာ သူ့ရဲ့ အမှတ်အသားကို ချန်ထားခဲ့တယ်… သူ့ရဲ့ ဓားပညာက တကယ်ပဲ နက်နဲသိမ်မွေ့တယ် ”

“ အဲ့ဒီအချိန်တုန်းက မင်းက သူ့ဘေးမှာ ရပ်နေခဲ့တယ်… သူ့ဆီက ဓားအမွေအနှစ်ကို မင်းသင်ယူနိုင်ခဲ့လား ”

ရွှီချင်းက ရှေးခေတ်အင်မော်တယ်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ရှေးခေတ်အင်မော်တယ်၏ မျက်လုံးထဲမှ အလင်းရောင်က ပိုပြီးထွန်းလင်းလာသည်။

“ ဓားထုတ်လိုက်ပါ ”

ရွှီချင်းက ရုတ်တရက် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး သူ့အောက်မှ မြေပြင်ပေါ်သို့ ညင်သာစွာ ဖိချလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ နက်ရှိုင်းသော အသံက အရပ်မျက်နှာအသီးသီးသို့ ပဲ့တင်ထပ်သွားသည်။

“ ဓားကိုင်ဧကရာဇ်က သူ့ရဲ့ တာအိုကို သူ့ရဲ့ ဓားအပေါ်မှာပဲ မြှုပ်နှံထားခဲ့တယ် ”

“ သူက စုစုပေါင်း ဓားသိုင်းငါးကွက်ကို ဖန်တီးခဲ့တယ် ”

“ ပထမဓားကွက်ကို… မြေပြင်သိုလှောင်ခြင်းလို့ ခေါ်တယ် ”

သူစကားပြောလိုက်သည်နှင့် လူသားမျိုးနွယ်၏ ကုန်းမြေက ပရမ်းပတာ တုန်ယင်သွားသည်။ ရွှီချင်း၏ အင်မော်တယ်စိတ်အာရုံအောက်မှာ မြေပြင်တုန်လှုပ်မှုက ဝမ်ကူးကုန်းမြေတစ်လျှောက်သို့ ပျံ့နှံ့သွားသည်။

ဝမ်ကူးကုန်းမြေ၏ မြေပြင်က အပြင်းအထန် တုန်လှုပ်နေစဉ် ရွှီချင်း၏ အသံက ဆက်ပြီး ပဲ့တင်ထပ်သွားသည်။

“ မြေပြင်သိုလှောင်ခြင်းက ကမ္ဘာမြေရဲ့ စွမ်းအင်ကို လှုံ့ဆော်ပေးပြီး ဓားစိတ်ဆန္ဒကို မြေကြီးစိတ်ဆန္ဒနေရာမှာ အစားထိုးတာပဲ… မြေကြီးစွမ်းအင်က ဓားစွမ်းအင်အဖြစ် အသွင်ပြောင်းလဲသွားမယ် ”

“ အဲ့ဒီနောက် မြေကြီးဓားတစ်လက်အဖြစ် စုစည်းသွားမယ် ”

သူစကားပြောလိုက်သည်နှင့် တုန်ယင်နေသော ဝမ်ကူးကုန်းမြေ၏ မြေကြီးက မရေမတွက်နိုင်သော မြေနဂါးများသဖွယ် ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော မြေကြီးစွမ်းအင်လှိုင်းများက ကောင်းကင်ပေါ်မှာ မြန်ဆန်စွာ စုစည်းသွားကြသည်။

ယင်းတို့က ဧရာမဓားတစ်လက်ကို ဖွဲ့စည်းလိုက်သည်။

ဓား၏ အရောင်က မြေကြီးကဲ့သို့ ဝါကြင့်ကြင့်ဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်ကြားမှာ ထီးထီးမားမား ရပ်နေသည်။

သို့သော်လည်း ဓားက မဆင်းသက်သွားပေ။

“ ဒုတိယဓားကွက်ကို လေဟာနယ်အက်ကွဲခြင်းလို့ ခေါ်တယ် ”

ရွှီချင်းက သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ထံသို့ ညင်သာစွာ တွန်းထုတ်လိုက်သည်။

ဤအခိုက်အတန့်မှာ ကောင်းကင်က မည်းမှောင်သွားပြီး ဟင်းလင်းပြင်က မထင်မရှားဖြစ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက နေရာအနှံ့မှ ဆင်းသက်လာပြီး ဝမ်ကူးကုန်းမြေ၏ ဟင်းလင်းပြင်အားလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် လေဟာနယ်၏ သဏ္ဍာန်မဲ့သော အနှစ်သာရက ဆွဲထုတ်ခံလိုက်ရသည်။

“ ဓားကိုင်ဧကရာဇ်က ရှေးဘုရင်ရွှမ်ယုံအတွက် အသင်္ချေမျိုးနွယ်စုတွေကို နှိမ်နင်းဖို့ ဒီဓားကွက်ကို ဖန်တီးခဲ့တယ် ”

“ ဓားစွမ်းအင်ကြောင့် ဟင်းလင်းပြင်က အပိုင်းပိုင်းအစစ အက်ကွဲသွားတဲ့အခါ အက်ကွဲသွားတဲ့ လေဟာနယ်အစိတ်အပိုင်းတွေက ဓားအမှတ်အသားတွေ ဖြစ်လာကြလိမ့်မယ် ”

“ ဓားအမှတ်အသားတွေ အရေအတွက် အကန့်အသတ်မဲ့သွားပြီး အတူတကွ ပေါင်းစည်းသွားတဲ့အခါ လေဟာနယ်အက်ကွဲဓား ဖြစ်ပေါ်လာလိမ့်မယ် ”

ရွှီချင်း၏ စကားသံ ပျံ့လွင့်သွားသည်နှင့် ဟင်းလင်းပြင်က ရုတ်တရက် အက်ကွဲသွားသည်။

မရေမတွက်နိုင်သော လေဟာနယ်အက်ကွဲကြောင်းများက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်တစ်လျှောက်မှာ ဆက်တိုက် ပျံ့ပွားသွားသည်။

အက်ကွဲကြောင်းများက အလွန်နက်ရှိုင်းပြီး အရေအတွက် အကန့်အသတ်မဲ့သည်။

ထို့ပြင် ယင်းတို့က ဓားအမှတ်အသားများ ဖြစ်ကြသည်။

ရွှီချင်းက သူမြှောက်တင်ထားသော ညာလက်ကို အကြမ်းပတမ်း ဖျစ်ညှစ်လိုက်သည့်အခါ အရေအတွက် အကန့်အသတ်မဲ့သော ဓားအမှတ်အသားများက သူ့ဆီသို့ အရပ်မျက်နှာအဘက်ဘက်မှ ပျံသန်းလာကြပြီး အံ့ဖွယ်ကောင်းသော လေဟာနယ်အက်ကွဲဓားကို ဖွဲ့စည်းလိုက်ကြသည်။

ဓားဖွဲ့စည်းသွားသည့်အခိုက် ဓားရောင်ခြည်က လောကတစ်ခွင် ပျံ့နှံ့သွားပြီး ဓားစွမ်းအင်က ၎င်း၏ လမ်းကြောင်းအရှေ့မှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ဓားစိတ်ဆန္ဒက ကောင်းကင်နှင့်မြေပြင်ကို ဖိနှိပ်လိုက်သည်။

ထိုဓားနှစ်လက်ကို မြင်သွားသောအခါ လူသားများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အထူးသဖြင့် ဧကရီပင်။ ယခု သူ၏ မျက်လုံးထဲမှာ အတိတ်ကို လွမ်းဆွေးသော အရိပ်အယောင်က ထွက်ပေါ်လာသည်။

အသင်္ချေမျိုးနွယ်စုများသည်လည်း တူညီစွာ တုံ့ပြန်လိုက်ကြသည်။

မည်သို့ဖြစ်ပါစေ အတိတ်တွင် ဓားကိုင်ဧကရာဇ် ထုတ်ဖော်ခဲ့သော ဓားကွက်က ဝမ်ကူးကုန်းမြေအတွက် အနှစ်သုံးဆယ်ကြာ အချိန်ဆွဲပေးခဲ့သည် မဟုတ်ပါလော။ ထိုသို့အချိန်ဆွဲပေးမှုသာမရှိလျှင် ဝမ်ကူးကုန်းမြေပေါ်မှ သက်ရှိများသည် ဤမဟာကပ်ဘေး၏ အန္တရာယ်ကို နည်းနည်းလေးမှ ပြောင်းလဲပစ်နိုင်လိမ့်မည် မဟုတ်ချေ။

ရှေးခေတ်အင်မော်တယ်သည်တော့ သူ၏ အမူအရာပေါ်မှာ ညှိုးမှိုင်သော အရိပ်အယောင်တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

အတိတ်မှာ ဓားကိုင်ဧကရာဇ်က ရှေးဦးအပျက်အစီး၏ နိုးထလာနိုင်ခြေကို အသုံးပြု၍ သူ့အား ခြိမ်းခြောက်ခဲ့ကြောင်း ရှေးခေတ်အင်မော်တယ် သိသော်လည်း ထိုဓားကွက်က ယခုအချိန်မှာပင် အံ့ဖွယ်ထူးခြားနေဆဲဖြစ်ကြောင်း သူဝန်ခံရလိမ့်မည်။

" ဆက်လုပ်ပါ "

ရှေးခေတ်အင်မော်တယ်က တည်ကြည်လေးနက်စွာ ပြောသည်။

ရွှီချင်း၏ မျက်လုံးထဲမှာ လေးနက်သော အဓိပ္ပာယ် ထွက်ပေါ်လာသည်နှင့် သူက နောက်တစ်ကြိမ် လက်ဝှေ့ယမ်းလိုက်သည်။

“ တတိယဓားကွက်ကို ကောင်းကင်ဘုံနန်းတော်လို့ ခေါ်တယ် ”

“ ဒီဓားကွက်က ကျင့်ကြံသူတွေကို သတ်ဖြတ်ဖို့ အဓိကရည်ရွယ်တယ်… အဲ့ဒါကြောင့် နတ်ဘုရားတွေ ဆင်းသက်လာပြီးနောက်ပိုင်း ဓားကိုင်ဧကရာဇ်က ဒီဓားကွက်ကို တစ်ကြိမ်ပဲ အသုံးပြုခဲ့တယ် ”

“ ကောင်းကင်ဘုံနန်းတော်က ရွှေအမြူတေအဆင့်နဲ့ အထက်အဆင့်က ကျင့်ကြံသူတွေ ဖွဲ့စည်းထားကြတဲ့ နတ်နန်းတော်တွေကနေ ဆင်းသက်လာတာ ဖြစ်တယ် ”

ရွှီချင်းက တည်ငြိမ်စွာ စကားပြောပြီးနောက် သူမြှောက်တင်ထားသော ညာလက်ကို ရုတ်တရက် အောက်ချလိုက်သည်။

သူတော်စင်ကုန်းမြေများမှ ရွှေအမြူတေအဆင့်နှင့် အထက်အဆင့် ကျင့်ကြံသူအားလုံးသည် သူတို့က မည်သည့်နေရာမှာရှိနေပါစေ ဤအခိုက်အတန့်မှာ သူတို့၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။

သူတို့၏ ခန္ဓာကိုယ်ထဲမှ နတ်နန်းတော်များက တစ်စုံတစ်ယောက်၏ ထိန်းချုပ်ခံလိုက်ရသည့်အလား အပြင်းအထန် တုန်ယင်သွားကြသည်။ နတ်နန်းတော်တစ်ခုစီက သိမ်မွေ့သော ဓားတစ်လက်အဖြစ် သိပ်သည်းသွားပြီး သူတို့၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကြသည်။

နောက်အခိုက်အတန့်မှာ ယင်းတို့က ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်သွားစေမည့် ဓားပင်လယ်အဖြစ် စုဝေးသွားကြသည်။

အဝေးမှကြည့်လျှင် ဓားဆူနာမီလှိုင်းများက ရွှီချင်းထံသို့ အရပ်မျက်နှာအဘက်ဘက်မှ စုဝေးသွားနေကြောင်း မြင်ရလိမ့်မည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။

နောက်ဆုံးမှာတော့ ဓားပင်လယ်က ရွှီချင်း၏ အရှေ့မှာ ကမ္ဘာတုန်ဟီးသွားစေမည့် တတိယမြောက်ဓားကို ဖွဲ့စည်းသွားသည်။

“ စတုတ္ထဓားကွက်ကို ကြယ်အလင်းရောင်လို့ ခေါ်တယ် ”

ထိုစကားကို သူပြောလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဘုံက တုန်လှုပ်သွားသည်။ နေ့အချိန်က ညသို့ ချက်ချင်း ကူးပြောင်းသွားသည်။

အမှောင်ညကောင်းကင်ယံတွင် မရေမတွက်နိုင်သော ကြယ်များက ထွန်းလင်းတောက်ပနေကြသည်။

အရေအတွက် အကန့်အသတ်မဲ့သော ကြယ်အလင်းတန်းများက ဓားအလင်းတန်းများအဖြစ် အသွင်ပြောင်းလဲသွားပြီး ကြယ်တာရာကောင်းကင်ထံမှ ကမ္ဘာမြေပေါ်သို့ ဓားမိုးသဖွယ် ရွာသွန်းလာကြသည်။

ထို့နောက် ကြယ်အလင်းရောင်ဓားမိုးက လောကတုန်လှုပ်သွားစေမည့် စတုတ္ထမြောက်ဓားကို ဖွဲ့စည်းသွားသည်။

ဝမ်ကူးကုန်းမြေမှ နတ်ဘုရားများသည် ထိုဓားလေးလက်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ထိုစဉ် ကောင်းကင်ပေါ်မှ ရှေးခေတ်အင်မော်တယ်၏ အကြည့်က ချက်ချင်း ထွန်းလင်းတောက်ပသွားသည်။

ဧကရီ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။

ဤအခိုက်အတန့်မှာ အမှောင်ညကောင်းကင်ယံမှ ကြယ်အလင်းရောင်နှင့် ကမ္ဘာတုန်ဟီးစေနိုင်သော ဓားလေးလက်၏ ရောင်ခြည်တော်အောက်မှာ ရွှီချင်း၏ ပုံရိပ်က အနည်းငယ် ဝေဝါးသွားသည်။ ထိုတဒင်္ဂအတွင်းမှာ ဧကရီ၏ မျက်လုံးထဲတွင် ရွှီချင်းက ဓားကိုင်ဧကရာဇ်ဖြစ်လာဟန် ရ၏။

“ နောက်ဆုံးဓားကွက်ကတော့… ”

ဓားလေးလက်၏ ရောင်ခြည်တော်အောက်တွင် ရွှီချင်း၏ အသိစိတ်ထဲမှာ အတိတ်၌ ဓားကိုင်ဧကရာဇ်ပြောခဲ့သော စကားများက တဖန်ပဲ့တင်ထပ်လာသည်။ ထို့နောက် သူက နူးညံ့စွာ ပြောသည်။

“ ဒီဓားကွက်ကို ဓားကိုင်ဧကရာဇ်က လူသားမျိုးနွယ်ကို ကာကွယ်ပေးဖို့ ဖန်တီးခဲ့တာ… အဲ့ဒါကြောင့် ဒီဓားကွက်ရဲ့ နာမည်က… လူသားလောက ”

လူသားမျိုးနွယ်က ရှန့်ထျန်းခေတ်မှာ အသက်ရှင်ရပ်တည်နိုင်ရန် ရုန်းကန်ခဲ့ရသည်။

ကျင့်ယွင်၏ အုပ်ချုပ်မှုအောက်မှာ လူသားမျိုးနွယ်က ပြန်နာလန်ထူလာနိုင်ခဲ့သည်။

တာအိုရှီကျဲက သန်မာနေသည့်အချိန် လူသားမျိုးနွယ်က အလျော့မပေးခဲ့ပေ။

ရွှမ်ကျန်းက နှစ်ပေါင်းတစ်သောင်းကြာအောင် အုပ်ချုပ်ခဲ့သည့်အချိန် လူသားမျိုးနွယ်က ဖရိုဖရဲဖြစ်ခဲ့သည်။

နွေဦးထွက်ခွာဧကရီ နန်းတတ်ပြီးသည့်နောက် လူသားမျိုးနွယ်က စတင်မြင့်တတ်လာခဲ့သည်။

“ အဲ့ဒါက ဓားကိုင်ဧကရာဇ် ကာကွယ်ပေးချင်တဲ့ လူသားလောကပဲ… အခု သူမရှိတော့ပေမဲ့ ငါရှိနေသေးတယ် ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ယင်းက အတိတ်မှာ နှလုံးသားအလင်းစစ်ဆေးပွဲအတွင်း သူ၏ အဖြေကြောင့် အကန့်အသတ်မဲ့အလင်းတန်းများ ထွက်ပေါ်လာခဲ့စဉ်ကနှင့် တူညီသည်။

အံ့ဖွယ်ကောင်းသော အလင်းရောင်က ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

ကောင်းကင်ယံတွင် အကန့်အသတ်မဲ့ အလင်းတန်းများက ယခင်ဓားလေးလက်ဖြင့် တစ်လက်တည်း ပေါင်းစည်းသွားပြီး စစ်မှန်သော လူသားလောကဓားကို ဖွဲ့စည်းလိုက်သည်။

နောက်အခိုက်အတန့်မှာ လူသားလောကဓားက ရှေးခေတ်အင်မော်တယ်ထံသို့ ဦးတည်သွားသည်။

ရှေးခေတ်အင်မော်တယ်က မျက်လုံးမှိတ်လိုက်သည်။

သို့သော်လည်း ထိုစဉ် ဓားက ရုတ်တရက် ဦးတည်ရာပြောင်းလဲသွားပြီး သူ့အနောက်မှ ဟင်းလင်းပြင်ဆီသို့ ပျံသန်းသွားသည်။

ဟင်းလင်းပြင်က ပရမ်းပတာ လှုပ်ခတ်သွားသည်နှင့် ရွှေရောင်မြစ်ရေတစ်စက်က ဟင်းလင်းပြင်ထဲမှာ မယုံကြည်နိုင်ဖွယ်ကောင်းစွာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။

ဓားက ရွှေရောင်မြစ်ရေစက်ကို ထိမှန်သွားသည့်အခိုက် ကျယ်လောင်သော ဝုန်းခနဲ ပေါက်ကွဲသံကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် မြစ်ရေစက်က ရုတ်တရက် အဆမတန် ကျယ်ပြောသွားပြီး စမ်းချောင်းများကို ဖွဲ့စည်းလိုက်သည်။

နောက်အခိုက်အတန့်မှာ စမ်းချောင်းများက အတူတကွ ပေါင်းစည်းသွားပြီး ဝမ်ကူးကုန်းမြေနှင့် ကြယ်တာရာကောင်းကင်ကို တုန်လှုပ်သွားစေမည့် နတ်ဘုရားမြစ်တစ်စင်းအဖြစ် အသွင်ပြောင်းလဲသွားသည်။

ထိုမြစ်က ဒြပ်ထည်မရှိပေ။ ယင်းက ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း ထိုပုံရိပ်ယောင်မြစ်ထဲမှာ မရေမတွက်နိုင်သော ကြယ်ဂြိုလ်များ၊ သက်ရှိအားလုံးနှင့် ကြာပန်းများက ပွင့်လန်းနေကြောင်း မြင်ရလိမ့်မည်။

ထိုကြာပန်းများပေါ်မှာ မရေမတွက်နိုင်သော ပုံရိပ်များက တင်ပျဉ်ခွေထိုင်နေကြသည်။ ၎င်းတို့က မျိုးနွယ်ခြားများ၊ လူသားများ၊ နတ်ဘုရားများနှင့် ကျင့်ကြံသူများ အစရှိသူတို့ ဖြစ်ကြသည်။

မြစ်ရေ၏ အနက်ပိုင်းထဲတွင် အေးတိအေးစက် ရွှေရောင်မျက်လုံးတစ်လုံးက ဖြည်းညင်းစွာ ပွင့်သွားသည်။

၎င်းက အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ မြောက်ဘက်အရပ်ကို အုပ်စိုးသော နတ်ဘုရင်မိခင်မြစ် ဖြစ်သည်။

“ မင်းကမှ ငါတကယ် စောင့်နေတဲ့လူ ”

ချက်ချင်းဆိုသလိုပင် ရွှီချင်း၏ မျက်လုံးထဲမှာ အချိန်အတော်ကြာ သူဖိနှိပ်ထားခဲ့သော အေးတိအေးစက်အလင်းက ယခုအချိန်မှာ အထိန်းအကွပ်မဲ့စွာ ပေါ်လျှိုးလာသည်။

All Chapters