← Chapters

ဆန်းကြယ်ရှေးဟောင်းယဇ်ပူဇော်မှု

Vol. 118 Ch. 1805

ဆန်းကြယ်ရှေးဟောင်းယဇ်ပူဇော်မှု

Vol. 118 Ch. 1805

ပရမ်းပတာ လှုပ်ခတ်နေသော ရွှေရောင်ငွေရောင်ပင်လယ်ထဲဝယ် ရွှီချင်း၏ မှတ်ဉာဏ်များထဲမှ အချိန်ပုလင်းက ဒြပ်ထည်ဖွဲ့စည်းသွားသည်။

ယင်းက သာမန်ပုလင်းတစ်လုံးနှင့် မခြားသော်လည်း ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယင်းက အလွန်ရှေးကျလေရာ ဆန္ဒစွမ်းအားသည်ပင် အချိန်ပုလင်း၏ ဇစ်မြစ်ကို ထုတ်ဖော်ရန် ရုန်းကန်နေရသည်။

ရွှီချင်း၏ အာဏာစက်ဥပဒေသ၏ အားဖြည့်ပေးမှုအောက်မှာပင် ယင်းက အများဆုံးအနေဖြင့် ပုလင်း၏ မျက်နှာပြင်ပေါ်မှာ ရုပ်ကြွပုံရိပ်တစ်ခု ထွက်ပေါ်လာစေရန်သာ စွမ်းဆောင်ပေးနိုင်သည်။

ထို့နောက် ရုပ်ကြွပုံရိပ်၏ မျဉ်းကြောင်းများက အသက်ဝင်လာကြပြီး အတူတကွ ယှက်ထွေသွားကြသည်။ နောက်ဆုံးမှာ ယင်းတို့က မထင်မရှား စက်လုံးတစ်လုံးကို ဖွဲ့စည်းသွားကြသည်။

စက်လုံးက လှည့်ပတ်နေစဉ် အသက်ရှူငွေ့က ထွက်ပေါ်လာသည်။

“ အဲ့ဒါက… ကြယ်ဂြိုလ်တစ်ခုလား ”

ရွှီချင်း၏ သူငယ်အိမ်များက ကျုံ့သွားကြသည်။

ကြယ်ဂြိုလ်က ၎င်းဘာသာ လှည့်ပတ်နေရင်း ပုလင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားမည့် ရောင်ခြည်တန်းများကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

ရွှီချင်းက ပိုပြီးမျက်မှောင်ကြုတ်သွားပြီး သူ၏ အကြည့်က စူးရှလာသည်။ သို့သော်လည်း ယင်းကို အသေးစိတ် သူစစ်ဆေးမလေ့လာနိုင်မီ စူးရှသော အော်ဟစ်သံက မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်ထံမှ ထွက်ပေါ်လာသည်။

၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေက အကြမ်းပတမ်း တုန်ယင်လာပြီး အကန့်အသတ်မဲ့သော နတ်ဘုရားရောင်ခြည်တန်းများကို ထုတ်လွှတ်လိုက်သည်။ သို့ဖြစ်၍ ၎င်းကို ချည်နှောင်ထားသော ဥပဒေသချိန်းကြိုးက နောက်ဆုံးမှာ အပိုင်းပိုင်းအစစ အက်ကွဲသွားပြီး ၎င်းနှင့် ရွှီချင်းကြားမှ ဆက်သွယ်မှုက ပြတ်တောက်သွားသည်။

ထို့ကြောင့် ဇစ်မြစ်ခြေရာခံမှုက ပျောက်ကွယ်သွားပြီး အချိန်ပုလင်းက မူလအခြေအနေသို့ ပြန်ရောက်သွားသည်။

ထိုစဉ် မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်က အနောက်သို့ ဒယိမ်းဒယိုင်ဆုတ်သွားပြီး ၎င်း၏ မျက်နှာက ဖြူဖျော့သွားသည်။ ၎င်း၏ ခန္ဓာကိုယ်က အားအင်ချည့်နဲ့နေသော်လည်း ၎င်း၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာ ၎င်း၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။

ဤတစ်ကြိမ်တွင် ၎င်းရရှိထားသော ဒဏ်ရာများက အလွန်ဆိုးဝါးပြင်းထန်သည်။ ယခု ဆင်းသက်လာသည်မှာ ၎င်း၏ အစစ်အမှန်အသွင်သဏ္ဍာန်၏ (၃၀)ရာခိုင်နှုန်းမျှသာဖြစ်သော်လည်း ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေပေါ်မှ အက်ကွဲရာများသည် ၎င်း၏ မူလခန္ဓာကိုယ်အပေါ်သို့လည်း သက်ရောက်မှုရှိလိမ့်မည်။

“ ဒီလူသား… သူက နတ်ဘုရင်အများကြီးရဲ့ လျှို့ဝှက်အစီအစဉ်တွေကို သယ်ဆောင်ထားရုံတင်မကဘူး သူ့ဆီမှာ ထူးဆန်းတဲ့ တခြားပစ္စည်းတွေလည်း ရှိသေးတယ် ”

“ ထူးဆန်းတဲ့ အဲ့ဒီပစ္စည်းအများစုက ဝမ်ကူးကုန်းမြေနဲ့ နက်ရှိုင်းတဲ့ ကမ္မချည်နှောင်မှုရှိတယ်… ”

“ ဒီလူသား… သူက ရှေးဦးအပျက်အစီးရဲ့ ဝါးမျိုဖျက်ဆီးခြင်းကို ခုခံတားဆီးဖို့ ဝမ်ကူးကုန်းမြေက ဖန်တီးထားတဲ့ နောက်ဆုံးမျှော်လင့်ချက်လား ”

“ ဒါကြောင့် ဝမ်ကူးကုန်းမြေရဲ့ ကံကြမ္မာက သူ့အပေါ် မျက်နှာသာပေးတယ်… ကောင်းကင်ဘုံတာအိုတွေက သူ့အပေါ် မျက်နှာသာပေးတယ်… လောကဖန်ဆင်းမှုရဲ့ ပထမဆုံးအလင်းရောင်က သူ့အပေါ် မျက်နှာသာပေးတယ်… ထူးဆန်းတဲ့ အဲ့ဒီပုလင်းကတောင် သူနဲ့ ဆက်စပ်နေတယ် ”

“ နတ်ဘုရင်တွေရဲ့ လျှို့ဝှက်အစီအစဉ်တွေက သူ့အပေါ်မှာ လာစုစည်းနေတာ မထူးဆန်းတော့ပါဘူး ”

“ ဒါပေမဲ့… မင်းက မင်းရဲ့ အာဏာစက်ကို ချိန်းကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲစေပြီး ငါ့ကို ချည်နှောင်ခဲ့တယ်… ဒါပေမဲ့ ငါလည်းပဲ မင်းနဲ့ ငါ့ကြားက ဆက်သွယ်မှုကနေ မင်းရဲ့ အားနည်းချက်ကို ရှာတွေ့သွားခဲ့တယ် ”

ရွှေရောင်မီးတောက်များသည် မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်၏ မျက်လုံးထဲမှာ ထွန်းလင်းလာပြီး ၎င်း၏ ခန္ဓာကိုယ်တစ်လျှောက်သို့ ချက်ချင်း ပျံ့နှံ့သွားသည်။

၎င်းက မြင့်မြတ်ထည်ဝါသော မီးတောက်ပုံရိပ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။

ရွှေရောင်မီးတောက်များကြားတွင် ၎င်း၏ နတ်ဘုရားအသွင်သဏ္ဍာန်က ဝေဝါးလာသည်။ သို့တိုင် ၎င်း၏ မျက်နှာပေါ်မှာ စိတ်ဓာတ်ပြတ်သားသော အရိပ်အယောင်က အထင်အရှား ထွက်ပေါ်နေသည်။

“ မင်းရဲ့ အားနည်းချက်က ငါခန့်မှန်းထားသလိုပဲ… အင်မော်တယ်နဲ့ နတ်ဘုရားရဲ့ ပေါင်းစပ်မှုက… ဘယ်လိုလုပ် အဲ့လောက်လွယ်ကူနိုင်မှာလဲ ”

“ မင်းက အဲ့ဒါကို ထိန်းထားနိုင်ရုံပဲ ”

“ မင်းရဲ့ လက်ရှိအသွင်သဏ္ဍာန်က ယာယီပဲ… အင်မော်တယ်နဲ့ နတ်ဘုရားရဲ့ ပေါင်းစပ်မှုကို အချိန်ကြာကြာ မင်းမထိန်းထားနိုင်ဘူး ”

၎င်း၏ နတ်ဘုရားအသံက ရူးသွပ်မှုတစ်စွန်းတစ်စကို သယ်ဆောင်လျက် ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ၎င်း၏ မျက်လုံးထဲမှ မီးတောက်များက တဟုန်းဟုန်း တောက်လောင်လာသည့်အခါ ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေက စတင်လောင်ကျွမ်းသွားသည်။

နောက်အခိုက်အတန့်မှာ ပိုပြီးအားကောင်းသော မီးတောက်မီးလျှံများက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကြသည်။ ထိုအခါ ၎င်းက အာကာသဟင်းလင်းပြင်ထဲမှာ မသေဆုံးနိုင်သော ဧရာမမီးတောက်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မီးတောက်မီးလျှံများက ၎င်း၏ အနီးနားမှ အရာအားလုံးကို ဝါးမျိုပစ်လိုက်ပြီး အားလုံးကို ဗလာနတ္ထိအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ယင်းတို့က ၎င်း၏ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းမှုအတွက် လောင်စာများ ဖြစ်လာကြပြီး မီးတောက်မီးလျှံများကို ပိုပြီးအားကောင်းလာစေသည်။

အလင်းနှင့် အပူက တစ်ဟုန်ထိုး အားကောင်းလာပြီး နတ်ဘုရားစွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။ ဤအခိုက်အတန့်မှာ ၎င်းက စကြာဝဠာတစ်ခုလုံးကို မီးလောင်ကျွမ်းပစ်မည့် စိတ်ဆန္ဒတစ်ခု ဖြစ်လာဟန် ရ၏။

ဤစက္ကန့်ပိုင်းလေးအတွင်းမှာ ၎င်း၏ နတ်ဘုရားတည်ရှိမှုက ကြယ်တာရာကောင်းကင်တစ်လျှောက် ပျံ့နှံ့သွားသည်။

ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းထားသော ဤအခြေအနေတွင် မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်က ၎င်း၏ လက်ကို မြှောက်လိုက်ပြီး ရွှီချင်းထံသို့ လက်ညှိုးညွှန်လိုက်သည်။

ဤအခိုက်အတန့်မှာ ၎င်း၏ စကားများက ကြယ်တာရာစက်ဝန်း၏ စစ်မှန်သော နိယာမများ ဖြစ်လာကြသည်။

“ ငါဆန္ဒပြုတယ်… မင်းရဲ့ အင်မော်တယ်နဲ့နတ်ဘုရား ပေါင်းစပ်မှုက မတည်မငြိမ်ဖြစ်လာပြီ အသက်သုံးခါရှူချိန်အတွင်း ပြိုကွဲသွားပါစေ ”

“ ငါဆန္ဒပြုတယ်… မင်းရဲ့ အင်မော်တယ်ဝိညာဉ်တစ်ခုတည်း ကျန်ရစ်နေခဲ့ပါစေ… ပြီးတော့ မင်းရဲ့ အင်မော်တယ်ဝိညာဉ်က ပြိုကွဲသွားပါစေ ”

“ ငါဆန္ဒပြုတယ်… မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ်က မင်းရဲ့ ဝိညာဉ်ကို ဝါးမျိုပြီး အရာအားလုံးကို ပုံရိပ်ယောင်အဖြစ် ပြောင်းလဲပစ်ပါစေ ”

၎င်း၏ ဆန္ဒပြုမှုတိုင်းသည် အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှာ စကြာဝဠာဥပဒေသများ ဖြစ်လာကြသည်။ ယင်းတို့က အာကာသဟင်းလင်းပြင်တစ်လျှောက် ပဲ့တင်ထပ်သွားပြီး သက်ရှိအားလုံးကို တုန်လှုပ်ချောက်ချားသွားစေသည်။ ထို့နောက် ယင်းတို့က မျက်လုံးမှိတ်ထားသော နိယာမမျက်လုံးသုံးလုံးကို ဖွဲ့စည်းသွားကြသည်။

ပထမမျက်လုံးသည် မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်၏ နဖူးပေါ်မှာ ပွင့်သွားသည်။

ထိုမျက်လုံးက ရွှီချင်းကို စိုက်ကြည့်လိုက်သည့်အခိုက် သူ၏ ဘေးပတ်ပတ်လည်မှ ရွှေရောင်ငွေရောင်ပင်လယ်က အပိုင်းပိုင်း ဆုတ်ပြဲသွားပြီး ရွှေရောင်သက်သက် ငွေရောင်သက်သက် ခွဲထုတ်ခံလိုက်ရသည်။

ငွေရောင်အလင်းက ဘယ်ဘက်သို့ ရွေ့လျားသွားပြီး ရွှေရောင်အလင်းက ညာဘက်သို့ ရွေ့လျားသွားသည်။ ယင်းတို့နှစ်ခု၏ အလယ်မှာ ရပ်နေသော ရွှီချင်းသည်တော့ သူက နှစ်ခြမ်းကွဲထွက်သွားတော့မည့် လက္ခဏာများကို စတင်ဖော်ပြလာသည်။

နဂိုကတည်းက ဖရိုဖရဲဖြစ်နေသော သူ၏ ပေါင်းစပ်မှုသည် ယခု ပိုပြီးမတည်မငြိမ်ဖြစ်လာသည်။

ယင်းကို မြင်သွားသောအခါ မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်၏ မျက်နှာပေါ်မှာ ရက်စက်ကြမ်းကြုတ်သော အမူအရာက ထွက်ပေါ်လာသည်။ ထို့နောက် ၎င်း၏ နဖူးပေါ်မှ ဒုတိယမြောက်မျက်လုံးက ဆတ်ခနဲ ပွင့်သွားသည်။

ထိုအခါ နိယာမများက ပေါ်လျှိုးလာကြသည်။ ကြယ်တာရာကောင်းကင်က တုန်ယင်သွားသည်။ ရွှီချင်း၏ ဝိညာဉ်က အပြင်းအထန် လှုပ်ခတ်သွားသည်။

သို့တိုင် ရွှီချင်းက မထူးမခြားနား အမူအရာဖြင့် ရှိနေဆဲပင်။ ရွှေရောင်ငွေရောင်ပင်လယ်၏ သီးခြားခွဲထွက်မှုဖြစ်စေ သို့မဟုတ် သူ၏ အင်မော်တယ်ဝိညာဉ်မှ ပရမ်းပတာ လှုပ်ခတ်မှုဖြစ်စေ ယင်းတို့က သူ၏ အာရုံစိုက်မှုကို မရရှိကြချေ။

သူက မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်ကို ၎င်း၏ မျက်လုံးများအား လွတ်လပ်စွာ ဖွင့်လှစ်နိုင်ရန် ခွင့်ပြုပေးထားသည်။ ထိုအတောအတွင်းမှာ သူ၏ အသိစိတ်ထဲတွင် သူ၏ နတ်ဘုရားအတတ်ပညာအားလုံးမှ ဖွဲ့စည်းသွားသော နတ်ဘုရားစွမ်းရည်တစ်ခုက ရုပ်လုံးပေါ်လာနေသည်။

ယင်းက လီဇီဟွား၏ အမွေအနှစ်ဖြစ်သော နတ်ဘုရားကွပ်မျက်စင် ဖြစ်သည်။

“ ဘာပဲပြောပြော အဲ့ဒီနတ်ဘုရားကွပ်မျက်စင်က တခြားလူရဲ့ အမွေအနှစ်ပဲ… ငါ့ကိုယ်ပိုင်ဟာ မဟုတ်ဘူး… ဒါပေမဲ့ အဲ့ဒါကို မှီငြိမ်းပြီးတော့ ငါ့ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်တစ်ခုကို ဖန်တီးနိုင်တယ် ”

ရွှီချင်းက သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ဟင်းလင်းပြင်ကို ဆင့်ခေါ်လိုက်သည်။

အနီရောင်လနတ်ဘုရားအခွင့်အာဏာသည် သူ၏ ဆင့်ခေါ်မှုကို တုံ့ပြန်လိုက်သည်။ သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ အနီရောင်လစန္ဒာက သူ၏ ခြေဖဝါးအောက်တွင် လှိုင်းတဝုန်းဝုန်းထနေသော သွေးပင်လယ်အဖြစ် အသွင်ပြောင်းလဲသွားသည်။

သွေးလှိုင်းလုံးများက ပရမ်းပတာ လှုပ်ခတ်နေစဉ် သွေးပင်လယ်၏ အလယ်ဗဟိုမှာ ဧရာမအနီရောင်ယဇ်ပလ္လင်တစ်ခုက ဒြပ်ထည်ဖွဲ့စည်းသွားသည်။

အနီရောင်လစန္ဒာယဇ်ပလ္လင်…

နောက်တစ်ခုက အနက်ရောင်ကြေးမျှော်စင်မှ ဆင်းသက်လာသော တစ္ဆေအင်ပါယာတောင်ကုန်း ဖြစ်သည်။ တောင်ကုန်းက သွေးပင်လယ်ပေါ်သို့ ဆင်းသက်လာသည်။ သို့သော်လည်း တောင်ကုန်းက လေထဲမှာ ဇောက်ထိုးလှည့်သွားပြီး ယဇ်ပလ္လင်၏ ထောင့်တိုင် ဖြစ်လာသည်။

တစ္ဆေအင်ပါယာတောင်ကုန်း၏ အောက်ခြေမြှင့်တင်ပေးမှုကြောင့် ယဇ်ပလ္လင်က အပေါ်သို့ မြှောက်တတ်သွားသည်။

နောက်အခိုက်အတန့်မှာ ရွှေကျီးကန်း၏ စွမ်းအားမှ မီးလျှံသံကြိုးများ ထွက်ပေါ်လာကြသည်။ သံကြိုးများက တစ္ဆေအင်ပါယာတောင်ကုန်း၏ အောက်ခြေမှ ဘေးပတ်ပတ်လည်ကို ရစ်ပတ်ချည်နှောင်လိုက်ပြီး တောင်ကုန်းနှင့် ယဇ်ပလ္လင်ကို ခိုင်မြဲစွာ ချိတ်ဆက်ပေးလိုက်ကြသည်။

လေတိုးဝှေ့သွားသည့်အခါတိုင်း သံကြိုးများက ကျောချမ်းဖွယ်ကောင်းသော တချွင်ချွင်မြည်သံကို ထုတ်လွှတ်လိုက်ကြသည်။

ယင်းတို့က ရွှီချင်း၏ အရှေ့တွင် ထူးခြားအံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။

ထို့နောက် ရွှီချင်းက မျက်လုံးမှိတ်လိုက်သည်။

တားမြစ်အဆိပ်က သူ၏ အင်မော်တယ်စိတ်အာရုံအောက်မှာ အနက်ရောင်မြူခိုးထုသဖွယ် တလိပ်လိပ် ပေါ်လျှိုးလာသည်။ မြူခိုးအတွင်းမှ ဝေဝါးနေသော ဧရာမသားရဲက အပြင်သို့ ထွက်လျှောက်လာပြီး ယဇ်ပလ္လင်၏ အနောက်ဘက်ထောင့်မှာ နေရာယူလိုက်သည်။

(ဃ၁၃၂)သည်လည်း ဆင့်ခေါ်ခံလိုက်ရသည်။

ပန်းချီဆရာအဖိုးအိုက စိတ်ဖောက်ပြန်နေသော အမူအရာဖြင့် ထွက်ပေါ်လာသည်။ အဖိုးအိုက ကြိတ်ဆုံကို အသုံးပြု၍ ကျောက်ရှာအလင်းကို အမှုန့်ချေလိုက်ပြီး ထိုအမှုန့်များဖြင့် ယဇ်ပလ္လင်ကို အရောင်ခြယ်လိုက်သည်။

ထို့နောက် သူက ကျန်ရှိသော ကျောက်ရှာအမှုန့်များကို ကောင်လေး၏ ကံကြမ္မာသွေးဖြင့် ရောစပ်၍ ကျောက်တုံးခြင်္သေ့၏ မျက်လုံးပေါ်သို့ သုတ်လိမ်းလိုက်သည်။ ထိုအခါ ကျောက်တုံးခြင်္သေ့က အလွန်နာကျင်သွားပြီး စူးရှသော အော်ဟစ်ညည်းညူသံကို ထုတ်လွှတ်လိုက်သည်။

ပန်းချီဆရာအဖိုးအိုက စူးစူးဝါးဝါး အော်ရယ်လိုက်ပြီး သူ၏ စုတ်တံကို သူ၏ နဖူးထဲသို့ တိုက်ရိုက် ထိုးစိုက်လိုက်သည်။ သူက သေဆုံးတော့မည့်ဆဲဆဲမှာ ယဇ်ပလ္လင်၏ မြောက်ဘက်ထောင့်ဆီသို့ တွားသွားလိုက်ပြီး ထိုနေရာမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်လိုက်သည်။

နောက်အခိုက်အတန့်မှာ မျက်နှာပြုံးဖြီးနေသော စာခြောက်ရုပ်က အဆိပ်မြူခိုးထဲမှ ဒယိမ်းဒယိုင် ထွက်ပေါ်လာသည်။ ၎င်းက ယဇ်ပလ္လင်၏ တောင်ဘက်ထောင့်မှာ ဒူးထောက်လိုက်ပြီး လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်သည်။ ဤသည်မှာ ၎င်းက တစ်စုံတစ်ခုကို ယဇ်ပူဇော်နေသည့်အလားပင်။

ယင်းက အချိန်ပုလင်း ဖြစ်သည်။

နောက်ဆုံးမှာ ယဇ်ပလ္လင်၏ အရှေ့ဘက်ထောင့်တွင် နတ်ဘုရားလက်က ဒြပ်ထည်ဖွဲ့စည်းသွားသည်။ ထို့နောက် နတ်ဘုရားလက်က (ဃ၁၃၂)ထဲမှ ခေါင်းကြီးကို ၎င်း၏ အရှေ့သို့ ဆွဲခေါ်လိုက်သည်။

ခေါင်းကြီး၏ စူးစူးဝါးဝါး အော်သံက ဆက်တိုက် မြည်ဟိန်းသွားသည်။

“ မင်းတော့ သေပြီ… မင်းတော့ သေပြီ… မင်းတော့ သေပြီ… ”

ထူးခြားအံ့ဖွယ်ကောင်းသော ထိုမြင်ကွင်းက မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်ကို အပြင်းအထန် တုန်လှုပ်ချောက်ချားသွားစေသည်။ ယခင်အခေါက်များထက် ပိုပြီးပြင်းထန်သော သေခြင်းရှင်ခြင်းသတိပေးမှုက ၎င်း၏ အသိစိတ်ထဲမှာ အလွန်အားကောင်းစွာ ထွက်ပေါ်လာသည်။

ဤသည်မှာ မရှောင်လွှဲနိုင်သော အန္တရာယ်ကပ်ဘေးက ၎င်းအပေါ်သို့ ကျရောက်လာတော့မည်ကို ကြိုတင်အာရုံရနေသည့်အလားပင်။

“ အဲ့ဒါက… ဘာကြီးလဲ… ”

၎င်း၏ နတ်ဘုရားအသံက ပဲ့တင်ထပ်သွားသည်နှင့် ယဇ်ပလ္လင်အပေါ်မှ ဟင်းလင်းပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းက ဆတ်ခနဲ မျက်လုံးဖွင့်လိုက်သည်။

သူ၏ အကြည့်က မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်ကို ပစ်မှတ်ထားလိုက်သည်။

သူ၏ အေးတိအေးစက်အသံက ကြယ်တာရာကောင်းကင်တစ်ခွင် ပျံ့လွင့်သွားသည်။

“ ဒီဘဝမှာ ထူးခြားဆန်းကြယ်တဲ့ ပစ္စည်းအများအပြားနဲ့ ငါပေါင်းစပ်ခဲ့တယ်… အခု အဲ့ဒါတွေအားလုံးကို ဒီနေရာမှာ ငါစုစည်းလိုက်ပြီး မင်းဆီက ဆန္ဒစွမ်းအားရဲ့ ခြေရာခံခြင်းစွမ်းရည်နဲ့အတူ ဒီယဇ်ပူဇော်မှုစင်မြင့်ကို ငါတည်ဆောက်လိုက်တယ် ”

“ အဲ့ဒါကို… ဆန်းကြယ်ရှေးဟောင်းယဇ်ပူဇော်မှုလို့ ငါနာမည်ပေးတယ် ”

နောက်ဆုံးစကားက ရွှီချင်း၏ နှုတ်မှ ထွက်သွားသည့်အခိုက် ကြယ်တာရာကောင်းကင်က တုန်ယင်သွားသည်။ တစ်ချိန်တည်းမှာ သူ့အောက်မှ ယဇ်ပလ္လင်က တုန်လှုပ်သွားသည်။

ချက်ချင်းဆိုသလိုပင် ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ဝေဝါးသွားပြီး ပုံပျက်တွန့်လိမ်သွားသည်။ ဤသည်မှာ သဏ္ဍာန်မဲ့စွမ်းအားတစ်ခုက လောက၏ အမှန်တရားဘောင်ကို ဆုတ်ဖြဲပစ်နေသည့်အလားပင်။

တားမြစ်အဆိပ်ထက် ပိုပြီးနက်မှောင်သော အမှောင်ထုက အရပ်မျက်နှာအသီးသီးမှ ပေါ်လျှိုးလာပြီး ယဇ်ပလ္လင်တစ်ဝိုက်၌ ချောက်ချားဖွယ်ကောင်းစွာ စုဝေးသွားသည်။ တအင့်အင့်ညည်းသံကို ထုတ်လွှတ်နေသော လေကြမ်းများက ကျောချမ်းဖွယ်ကောင်းစွာ တိုက်ခတ်လာသည်။

အမှောင်ထုထဲဝယ် ကြောက်စရာကောင်းသော ဆန်းကြယ်ပုံရိပ်များက ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။ ၎င်းတို့တစ်ယောက်စီက နတ်ဘုရားများထက် ပိုပြီးရှေးကျသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။

နတ်ဘုရားများသည်ပင် ၎င်းတို့၏ တည်ရှိမှုကြောင့် တုန်ယင်သွားကြသည်။

ကျွက်ကျွက်ညံသော အော်ဟစ်သံများနှင့် စူးရှသော ညည်းတွားသံများက ကြယ်တာရာကောင်းကင်တစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ လောကအာရုဏ်ဦးဖန်ဆင်းမှု၏ ရှေးဟောင်းချောက်ချားမှုများက အမှောင်ထုထဲမှာ ထွက်ပေါ်လာနေကြသည့်အလားပင်။

၎င်းတို့က သားကောင်ကို ဆာလောင်နေကြသည်။

၎င်းတို့က အမှောင်ထုထဲမှာ ပုံပျက်တွန့်လိမ်ပြီး လူးလွန့်နေကြသည်။ ယခု ရွှီချင်း၏ အကြည့်အောက်မှာ ၎င်းတို့က မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်ထံသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။

၎င်းတို့က အဆုံးမဲ့ဒီရေသဖွယ် သို့မဟုတ် အမှောင်ထုအိမ်မက်ဆိုးသဖွယ် ရွေ့လျားသွားကြသည်။ ဤအခိုက်အတန့်မှာ ၎င်းတို့အား မြင်လိုက်ရသော မည်သူမဆို တုန်လှုပ်ချောက်ချားသွားလိမ့်မည်။

၎င်းတို့ဖြတ်သန်းသွားသည့်နေရာတိုင်း ကြယ်တာရာကောင်းကင်က ပုပ်သိုးနေသော အသားတုံးသဖွယ် ယိုယွင်းပျက်စီးသွားသည်။

မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်၏ အမူအရာက သိသာစွာ ပျက်ယွင်းသွားသည်။ အသက်ရှင်သန်ချင်သော ၎င်း၏ ပင်ကိုယ်ဗီဇက ကျယ်လောင်စွာ မြည်ဟိန်းလိုက်သည်။ ဤသည်မှာ ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက စူးရှစွာ အော်ဟစ်နေသည့်အလားပင်။

သို့ဖြစ်၍ ၎င်းက ၎င်း၏ နတ်ဘုရားရောင်ခြည်တန်းများကို ထုတ်လွှတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်လိုက်သည်။ ၎င်း၏ ဆန္ဒနတ်ဘုရားအခွင့်အာဏာက ၎င်း၏ ဘေးပတ်ပတ်လည်မှာ အကာအကွယ်အလွှာအထပ်ထပ်ကို ဖွဲ့စည်းသွားသည်။

တစ်ချိန်တည်းမှာ ၎င်းက ၎င်း၏ ခန္ဓာကိုယ်ကို ဗလာနတ္ထိအဖြစ် အသွင်ပြောင်းလဲလိုက်ပြီး လျှို့ဝှက်အတတ်ပညာတစ်ခုဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့တိုင် ရှေးဟောင်းယဇ်ပူဇော်မှုမှ မွေးဖွားလာကြသော ထိုဆန်းကြယ်သက်ရှိများက သွေးဆာနေသော သားရဲများနှင့် ဆင်တူကြသည်။ ၎င်းတို့က သက်ရှိအားလုံး၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေမည့် စူးစူးဝါးဝါး အော်သံများကို ထုတ်လွှတ်လိုက်ကြပြီး မယုံကြည်နိုင်စရာကောင်းသော အလျင်ဖြင့် နတ်ဘုရားအရှင်သခင်ကို ခုန်အုပ်လိုက်ကြသည်။

မည်သည့်ဟင်းလင်းပြင်ကမှ ၎င်းတို့ထံမှ မပုန်းကွယ်နိုင်ပေ။ မည်သည့်အချိန်နှင့် လေဟာနယ်ကမှ ၎င်းတို့၏ လမ်းကြောင်းကို မတားဆီးနိုင်ပေ။ ၎င်းတို့က ဒိုင်မန်းရှင်းအားလုံး၊ နိယာမအားလုံးနှင့် ပုံပြင်အားလုံးကို ဖောက်ထွင်းသွားကြပြီး မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်ကို လိုက်လံဖမ်းဆီးကြသည်။ ထို့နောက် ၎င်းတို့က နတ်ဘုရားအရှင်သခင်ကို ပစ္စုပ္ပန်လောကဆီသို့ ပြန်ဆွဲထုတ်လိုက်ကြသည်။

သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ နတ်ဘုရားအရှင်သခင်က ယဇ်ပလ္လင်၏ အလယ်ဗဟိုမှာ ထွက်ပေါ်လာသည်။

ထို့နောက် ဘေးပတ်ဝန်းကျင်မှ အော်ဟစ်ညည်းတွားသံများကြားတွင် ယဇ်ပူဇော်မှုက စတင်လာသည်။

ယဇ်ပလ္လင်က အပြင်းအထန် တုန်ယင်သွားပြီး နတ်ဘုရားအရှင်သခင်၏ ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်သည်။

တစ္ဆေအင်ပါယာတောင်ကုန်းက ဝုန်းခနဲ မြည်ဟိန်းသွားပြီး ၎င်း၏ ဝိညာဉ်ကို ဖိနှိပ်လိုက်သည်။

တားမြစ်အဆိပ်က ယဇ်ပလ္လင်ပေါ်မှာ ပျံ့နှံ့သွားပြီး ၎င်း၏ နတ်ဘုရားစွမ်းအားကို ချိပ်ပိတ်လိုက်သည်။

ယဇ်ပူဇော်မှုအခမ်းအနားက စတင်လာသည်နှင့် ယဇ်ပလ္လင်တစ်ခုလုံးက ပရမ်းပတာ တုန်လှုပ်သွားသည်။

ဆန်းကြယ်သက်ရှိများက အင်းဆက်အုပ်စုများသဖွယ် အရူးအမူး ထွက်ပေါ်လာကြပြီး ၎င်းကို ဝါးမျိုကိုက်စားလိုက်ကြကာ အပိုင်းပိုင်း ဆုတ်ဖြဲလိုက်ကြသည်။

သေဆုံးသွားသော ပန်းချီဆရာအဖိုးအို၏ အလောင်းက သူ၏ လက်ကို မြှောက်လိုက်ပြီး ရူးသွပ်စွာ ရယ်လိုက်သည်။ ထို့နောက် သူက စတင်ပန်းချီဆွဲတော့သည်။

ကျောက်တုံးခြင်္သေ့က မာန်ဖီဟိန်းဟောက်လိုက်သည်။

“ ဆန်းကြယ်သက်ရှိတွေက နတ်ဘုရားတွေထက် ပိုပြီးရှေးကျတယ်… သူတို့က ကြယ်တာရာစက်ဝန်းတွေကို အုပ်စိုးတယ်… သူတို့ရဲ့ လောကက နတ်ဘုရားတွေမတိုင်ခင်ကတည်းက တည်ရှိခဲ့တယ် ”

ခေါင်းကြီးသည် သားပိုက်ကောင်သဖွယ် ခုန်လိုက်ပြီး သီချင်းအော်ဆိုလိုက်သည်။

“ သန်းခေါင်ယံအချိန်မှာ သွေးက လက်ချောင်းတွေကနေ တတောက်တောက်ကျလာပြီး ဆန်းကြယ်အရှင်သခင်အတွက် ယဇ်ပူဇော်မှု ဖြစ်လာတယ် ”

“ ဘယ်ဘက်မျက်လုံးကို ကျိန်စာသားရဲစာကလေးက ဆွဲထုတ်သွားပြီး ညာဘက်မျက်လုံးက အချိန်စာလိပ်အတွက် လက်ဆောင်ဖြစ်တယ် ”

“ နားရွက်တွေကို ကျီးကန်းနက်ရဲ့ အတောင်ပံပေါ်မှာ ချိတ်ဆွဲထားတယ်… လျှာက ကြေးဖလားထဲမှာ နစ်မြှုပ်နေတယ် ”

“ နတ်ဘုရားခြင်ဆီနဲ့ မီးပွား… စိတ်ဝိညာဉ်နဲ့ ဝိညာဉ်က… မေ့ပျောက်ခြင်းမြစ်ထဲကို ကျဆင်းသွားကြတယ် ”

“ ကျန်တဲ့အစိတ်အပိုင်းတွေက ဒုစရိုက်တောင်အောက်မှာ မြှုပ်နှံခံလိုက်ကြရတယ်… နတ်ဘုရားတိုင်းပြည်က မိုးကြိုးသွားရဲ့ အမျက်ဒေါသအောက်မှာ ပျက်စီးသွားတယ် ”

“ ကြိတ်ဆုံက သုံးခါလှည့်သွားတဲ့အခါ ဆန်းကြယ်ရှေးဟောင်းယဇ်ပူဇော်မှုက အမှန်တရားကို ဖော်ထုတ်လိမ့်မယ် ”

ခေါင်းကြီးက ၎င်း၏ စူးစူးဝါးဝါး အော်သံဖြင့် ဈာပနတေးသီချင်းကို အော်ဆိုနေသည်။

မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်က မည်သို့ရုန်းကန်ပါစေ၊ ၎င်းက မည်သို့အော်ဟစ်ပါစေ သို့မဟုတ် မည်သို့ခုခံပါစေ အချည်းနှီးသာ ဖြစ်သည်။ ၎င်းက ၎င်း၏ ချောက်ချားဖွယ်ကောင်းသော အဆုံးသတ်ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။

အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ ဖရိုဖရဲစွမ်းအားက ဤနေရာမှာ စုဝေးသွားပြီး အဆုံးမဲ့ဒီရေကို ထုတ်လွှတ်လိုက်သည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ဆန်းကြယ်ရှေးဟောင်းယဇ်ပူဇော်မှု၏ အစွမ်းအာနိသင်အောက်မှာ မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်၏ ခန္ဓာကိုယ်က ဖယ်ရှားခံလိုက်ရသည်။ ၎င်း၏ နတ်ဘုရားမီးတောက်က ငြိမ်းသတ်သွားသည်။

ယဇ်ပလ္လင်နှင့်အတူ ၎င်းက ဗလာနတ္ထိအဖြစ် လုံးဝ ပျောက်ကွယ်သွားသည်။

ဆန်းကြယ်သက်ရှိများ၏ အကြွင်းအကျန်အရှိန်အဝါသာလျှင် ကြယ်တာရာကောင်းကင်ထဲမှာ ဆက်ပြီး ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာ အချိန်စေ့သွားသော ရှေးခေတ်အင်မော်တယ်က ဖုန်မှုန့်အဖြစ် မလွင့်ပြယ်သွားမီ နူးညံ့စွာ သက်ပြင်းချလိုက်သည်။

ထို့နောက် ကြယ်တာရာကောင်းကင်က တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရွှီချင်းသည် အာကာသဟင်းလင်းပြင်ထဲမှာ မတ်တတ်ရပ်နေလျက် သူ၏ ဘေးပတ်ပတ်လည်မှ အချိန်စီးဆင်းမှုကို အာရုံခံလိုက်သည်။

အချိန်အတန်ကြာပြီးနောက် သူက ခေါင်းမော့လိုက်ပြီး အဝေးမှ စကြာဝဠာဆီသို့ ကြည့်လိုက်သည်။

ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး အင်မော်တယ်ဘုရင်၏ ရတနာကို ထုတ်လိုက်ကာ သူ၏ ခြေထောက်အောက်တွင် မျဉ်းကြောင်းရှည်တစ်ခုကို ရေးဆွဲလိုက်သည်။ မျဉ်းကြောင်းက ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းသွားသည်။

ယင်းက နယ်နိမိတ်စည်း ဖြစ်သည်။

ထိုနယ်နိမိတ်စည်းက ဝမ်ကူးကုန်းမြေကို စက်ဝိုင်းသဏ္ဍာန် ဝန်းရံသွားသည်။

ရွှီချင်းက နယ်နိမိတ်စည်းပေါ်မှာ မတ်တတ်ရပ်နေစဉ် သူ၏ အသံက အမှတ်ကိုးကြယ်တာရာစက်ဝန်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

“ ဒီနေ့ကစပြီး… ဒီစည်းကို ကျော်လာတဲ့ ဘယ်အပြင်လူမဆို ငရဲသွားရမယ် ”

*****

ဘာသာပြန်သူရဲ့ မှတ်ချက်။   ။ အချိန်ကိုကျော်လွန်၍က ဇာတ်သိမ်းဖို့ နှစ်အုပ်ပဲ လိုပါတော့တယ်… ကျန်တဲ့ အပိုင်းတွေအားလုံးကို အဲ့နှစ်အုပ်ထဲမှာပဲ အပြီးရေးသွားမှာပါ… တစ်အုပ်ကို (၁၇)ပိုင်းလောက် ပါပါမယ်… အဲ့ဒါကြောင့် တစ်ပတ်တစ်အုပ် ထွက်မှာမဟုတ်တော့ပါဘူး… နှစ်ရက်နောက်ကျပြီးမှ ထွက်ပါလိမ့်မယ် 

All Chapters