စာအုပ်အသစ် ထွက်ရှိခြင်း
Vol. 5 Ch. 63
လင်းချွမ်နှင့် ကျန်နှစ်ဦးတို့ မျက်နှာများ ဝင်းလက်သွားကြသည်။
ကျန်းရှင်းရှင်း၏ မျက်နှာဖောင်းဖောင်းလေးမှာ စပ်ဖြဲဖြဲနှင့်
“ဦးလေး ကျွန်မတို့ စတူဒီယို ၇၂၀ က ကျင်းထန်ထက် မိုက်တယ်မလား”
ကျန်းရန် လက်မထောင်ပြကာ ပြုံး၍
“ရှင်းရှင်း နင်တော့ တကယ့် မိတ်ဖက်ကောင်း ရထားတာပဲ”
ကျန်း ခေါင်းလေးခပ်မော့မော့ဖြင့်
“ဒါပေါ့ ကျွန်မဆရာက အရမ်းတော်။ ဒါဆို ကျွန်မရော နည်းနည်းရမှာမလား”
“နည်းနည်းပေါ့”
ကျန်းရန် သူ့တူမကိုကြည့်ရင်း စာရွက်ပိုင်းလေး လက်သည်းခွံခန့်ဖြဲ၍ လှမ်းပေးလိုက်သည်။
ကျန်းရှင်းရှင်း စူပုတ်၍ ကြည့်နေသောအခါ အားလုံး ရယ်မောမိကြ၏။
ရုံးခန်းငယ်လေးထဲတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေလေသည်။
ကျန်း၏ တည်ရှိမှုဖြင့် အစည်းအဝေးလည်း အောင်မြင်စွာ ပြီးဆုံးသွားပြီး အခြား အသေးစိတ်ကိစ္စများပါ ပြင်ဆင်ပေးခဲ့သည်။
နောက်ဆုံးတော့ စတူဒီယို ၇၂၀ နှင့် ကျန်းသူဌေး၏ အင်တာနက်ဆိုင်တို့ တရားဝင် ပူးပေါင်းသွားပြီး တစ်လလျှင် ယွမ် (၁၅,၀၀၀) ဖြင့် ပွဲဖြစ်သွား၏။
ကျန်းရန် ရလဒ်ကို ကျေနပ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် သူ့ဆိုင်မှာ ကွန်ပျူတာ (၂၀၀) ကျော်ရှိသော ဆိုင်ကြီးဖြစ်ပြီး ကျင်းထန်နှင့် ပူပေါင်းစဉ်က တစ်လလျှင် ယွမ် (၂၀,၀၀၀) အထိ ပေးရသည်။
အကယ်၍ တကယ်တိုက်ခိုက်ခံရလျှင်လည်း ထိုထက်ပိုသောငွေများ ဆုံးရှုံးရဦးမည်။
ထို့ကြောင့် ယွမ် (၁၅,၀၀၀) နှင့် စတူဒီယို ၇၂၀ ကို ပူးပေါင်းခြင်းက အကုန်အကျ သက်သာပြီး နည်းပညာမြင့်ကာ ကာကွယ်ရေးစနစ်လည်း ပိုကောင်းပါသည်။
အားလုံးအတွက် အဆင်ပြေသော အခြေအနေဖြစ်၏။
“စီးပွါးရေးလုပ်ရင်း ပျော်ရွှင်ရတာပဲ”
လင်းချွမ်နှင့် ကျန်းရန်တို့ လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး ကျန်းမှ ဓာတ်ပုံ ရိုက်ပေးလေသည်။
ထိုနေ့ နေ့လယ်ခင်း။
လင်းချွမ် ဆိုင်တွင်ဆက်နေရင်း နည်းပညာအစီအစဉ်များ ဆက်လက်လုပ်ဆောင်ပေးနေ၏။
စတူဒီယိုမှ ဝန်ထမ်းသစ်လေး လီချင်းကတော့ လင်းချွမ်နောက် တကောက်ကောက်လိုက်ရင်း ပညာ လိုက်သင်နေ၏။
…
ညမှာ တဖြည်းဖြည်း ပိုကြီးစိုးလာ၏။
ချင်းရှုနယ်မှ နီယွန်မီးများလည်း တစ်စတစ်စ လင်းလက်လာပြီး ကောင်းကင်မှ ကြယ်များကဲ့သို့ ဖြစ်လေသည်။
ညနေခင်းလေပြေမှာလည်း တလွင့်လွင့်ဖြင့် တီးတိုးစကားပြောသံနှင့် တူနေ၏။
ညစာစားချိန်ပြီးနောက် လူအတော်များများ အင်တာနက်ဆိုင်သို့ ရောက်လာကြသည်။
လီချင်းတစ်ယောက် လင်းချွမ်ထံမှ သင်ယူနေဆဲ ဖြစ်ပြီး ကျန်းကတော့ ရုံးခန်းထဲ၌ အနားယူနေလေသည်။
အံ့ဩစရာကောင်းသည်မှာ သူ ဗီဒီယိုများ လုံးဝ ဝင်ကြည့်မနေဘဲ စတူဒီယို၏ ကုန်ကျစရိတ်များကိုသာ အပြန်ပြန်အလှန်လှန် တွက်နေ၏။
လင်းချွမ်ကတော့ နေ့လယ်က ဝမ်ကျီခန်၏ ဖိတ်ကြားမှုကြောင့် ဂိမ်းဆော့ရန် ကွန်ပျူတာ (၅) လုံးရှိ သီးသန့်ခန်းထဲ ရောက်နေသည်။
ဂိမ်းကစားဖော်များမှာတော့…
ဝမ်ကျီခန်မှ လူခေါ်လာမည် ပြောတည်းက လင်းချွမ် ရှန်ချန်းချန်း ပါလာမည်အား ခန့်မှန်းမိပြီး ဖြစ်ပါသည်။
သို့သော် သူ အရင်လောက်တော့ မကြောက်တော့ပါ။
နောက်ဆုံးတစ်ခါ အတူစစ်ဆေးရေးပြီး ထမင်းစားပြီးနောက် ရှန်ချန်းချန်း၏ ချိုသာသော အခြမ်းကို မြင်တတ်လာသည်။
မည်သို့ပင်ဖြစ်စေ လင်းချွမ်လည်း ပြစ်မှု ကင်းစင်သောကြောင့် အချင်းချင်း သူငယ်ချင်း အဖြစ်တော့ သတ်မှတ်နိုင်ပါသည်။
“လင်း ငါရောက်ပြီ”
အစ်ကိုဝမ် ပြုံး၍ ဝင်လာ၏။
သူ့အနောက်၌ မိန်းကလေး (၃) ယောက် တန်းစီ၍ ပါလာသည်။
ရွှယ်ချီချီ၊ ရှန်ချန်းချန်းနှင့် နောက်တစ်ဦးမှာတော့ လင်းချွမ် မသိသောသူ ဖြစ်သည်။
သူ ထိုသို့ ဂိမ်းဆော့ရန် မိန်းကလေးများ ခေါ်လာသည်ကို ချီချီ စိတ်မဆိုးဘူးလားဟု လင်းချွမ် သိချင်နေမိ၏။
“ဆရာလင်း နောက်ဆုံးတော့ အားပြီပေါ့လေ”
ရဲမေရှန် ပြုံး၍ နှုတ်ဆက်လိုက်သည်။
သူ ဒီနေ့ ပန်းပွင့်ဂါဝန်လေး ဝတ်ဆင်ကာ ဆံနွယ်ရှည်များ ဖြန့်ဝဲချထားပုံက အလွန် ချစ်စရာ ကောင်းနေ၏။
“ရဲမေရှန် အလုပ်အားတာလား”
လင်းချွမ် ရယ်မော၍ မေးလိုက်သည်။
“ရှင် အရင်တစ်ခေါက်က ကူညီပေးပြီးတော့ ကျွန်မတို့ အဖွဲ့လည်း တော်တော် အဆင်ပြေသွားတယ်လေ”
ရှန်ချန်းချန်း ခပ်အေးအေး ရှင်းပြ၏။
“ဆရာလင်း မင်္ဂလာပါ”
နောက်ထပ်ပါလာသော မိန်းကလေးမှ လက်ဆွဲနှုတ်ဆက်ရန် ရှေ့တိုးလာသည်။
“မင်္ဂလာပါ”
လင်းချွမ် ရုတ်တရက် လန့်သွားပြီးမှ ပြန်၍ လက်ဆွဲနှုတ်ဆက်လိုက်၏။
ထိုမိန်းကလေးမှာ အဖြူရောင်တီရှပ်ကို ဝတ်ဆင်ထားပြီး ဆံပင်တိုတိုလေးမှာ မျက်နှာရှင်းရှင်းလေးနှင့် လိုက်ဖက်နေ၏။
ရှန်ချန်းချန်းပြုံး၍ မိတ်ဆက်ပေးလေသည်။
“ဒါက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်လေ။ ရှချင်းချင်းတဲ့။ သူလည်း ဒီနေ့ ညဂျူတီ မရှိလို့ လိုက်လာတာ”
လင်းချွမ် အံ့ဩစွာ ကြည့်နေ၏။
ဒီမိန်းကလေးကလည်း ရဲမေလား။
အရင်ကတော့ ရှချင်းချင်းတစ်ယောက် ဆံပင်အရှည်ကို အနောက်တွင် စည်းထားလေ့ ရှိသော်လည်း ယခုရက်ပိုင်း နိုင်ငံခြားဟက်ကာများကြောင့် အလုပ်အလွန်ရှုပ်နေပြီး မပြင်ဆင်နိုင်တော့သောကြောင့် ဆံပင်အတို ညှပ်ထားခြင်း ဖြစ်၏။
“ဆရာလင်း ကျွန်မလည်း ရှင့်စာအုပ်တွေ ဖတ်ဖူးတယ်”
ရှချင်းချင်း ပြုံး၍ ဆို၏။
“ဟုတ်လား”
လင်းချွမ် ပို၍ အံ့ဩသွားလေသည်။
ငါ့စာအုပ်ကို ရဲဘက်ကတောင် ဖတ်နေကြပြီလား။
ရှချင်းချင်း ပြုံးလျက်
“ရှင့်စာအုပ်လေ ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ ကြော်ငြာတဲ့ live ထဲ စကြည့်ဖြစ်တာ။ တာဝန်ချိန်မို့လို့ ဝင်စစ်ဆေးရင်းနဲ့ပေါ့။ အဲ့တာနဲ့ ချန်းချန်းကိုလည်း ကျွန်မပဲ ညွှန်းပေးလိုက်တာ”
“ဟုတ်တယ်။ အဲ့လိုနဲ့ အမှုတွေလည်း ဖြေရှင်းရ အဆင်ပြေသွားတာပဲ”
“ဪ အဲ့တော့ ရဲမေရှက ဆိုက်ဘာလုံခြုံရေးဘက်ကပေါ့။ ဒီတစ်လော အလုပ်မရှုပ်နေဘူးလား”
ရှချင်းချင်း ရယ်မောလျက်
“ကျွန်မတို့ အလုပ်များနေတာ ဘယ်လိုလုပ် သိတာလဲ”
“အန်လင်းသတင်းကို စောင့်ကြည့်လေ့ ရှိတယ်လေ။ အခုတစ်လော ဟက်ကာတွေ သောင်းကျန်းနေတယ်ဆိုလို့”
ရှချင်းချင်း ခေါင်းငြိမ့်ပြ၍
“ဟုတ်တယ်။ ဒါပေမဲ့ ရဲစခန်းဘက်ကတော့ ကျင်းထန် ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လုံခြုံရေး ဆောက်ထားလိုက်ပြီ။ အဲ့တာကြောင့် အခု ဂိမ်းထွက်ဆော့တာပေါ့”
ထိုစဉ် ဝမ်ကျီခန်မှ
“ရဲမေရှ လင်းချွမ်လည်း ဆိုက်ဘာလုံခြုံရေး အကြောင်းတွေ နားလည်တယ်။ သူ အခု ကိုယ်ပိုင် စတူဒီယိုတောင် ဖွင့်ထားပြီ”
ရှချင်းချင်း မျက်လုံးလေးဝိုင်းသွားပြီး
“ဆရာလင်းက စာရေးတော်ရုံတင်မကဘူး။ ဒါမျိုးလည်း ရတာပဲလား”
သူ့အတွက် အလွန်အံ့ဩစရာ ဖြစ်နေ၏။
“နည်းနည်းလေး သိရုံပါ”
လင်းချွမ် ပြုံး၍ ပြောလိုက်၏။
ရှချင်းချင်းမှ ရယ်မော၍
“ဆရာလင်း ဆိုက်ဘာနည်းပညာနဲ့ ပတ်သက်ပြီး စာအုပ်ရေးထားတာ မရှိသေးဘူးလား။ ကျွန်မ ဒီတစ်လော ဖတ်စရာမရှိလို့”
ဟင်…
လင်းချွမ် သူ့စာအုပ်အကြောင်း ပြန်စဉ်းစားနေမိသည်။
သူ တကယ်ကြိုက်ရင် subscription ထပ်ရမှာပဲ။
ထိုစဉ် ဝမ်ကျီခန်မှ ဝင်ပြောပြန်၏။
“ရဲမေရှကလည်း လင်း စာအုပ်အသစ် ထွက်တယ်လေ။ “ဟက်ကာလောက” တဲ့။ ဒီဆိုက်ဘာ နည်းပညာအကြောင်းတွေ အကုန်ပါတယ်”