လင်းချွမ်က ဘယ်အဆင့်လဲ
Vol. 5 Ch. 64
အင်တာနက်ဆိုင် သီးသန့်ခန်း၌။
ရှချင်းချင်း ဆောင်းဦးရေကြည်ကဲ့သို့ တောက်ပသော မျက်ဝန်းများဖြင့် လင်းချွမ်အား ပြုံး၍ ကြည့်နေသည်။
“ဟက်ကာဝတ္ထုလား”
“ဟုတ်ပါတယ်”
လင်းချွမ် ခေါင်းငြိမ့်ပြ၍ ရှင်းပြရန် ကြိုးစားလေသည်။
“ဇာတ်လိုက်က သူ့ငယ်ဘဝမှာ တရားမဝင် ဝက်ဆိုဒ်တစ်ခုထဲ ဝင်မိပြီး ဟက်ကာဘဝ ရောက်လာတာ။ နောက်ဆုံး Red Hacker ဖြစ်သွားတဲ့အထိပေါ့”
လင်းချွမ် ရှချင်းချင်း စာအုပ်ဖတ်သောအခါ အထင်လွဲမှု မဖြစ်စေရန် Red Hacker ဟူသော စကားလုံးအား တမင်သုံးလိုက်သည်။
“ဒါဆို ပိုတောင် စိတ်ဝင်စားလာပြီ။ ဒီညပဲ အကုန် အပြီး ဖတ်တော့မယ်”
ရှချင်းချင်း ပြုံး၍ ပြောလိုက်၏။
ရှချင်းချင်း ကွန်ပျူတာနည်းပညာ စတင်လေ့လာစဉ်က ဟက်ကာယဉ်ကျေးမှုလည်း ထွန်းကားလာသောကြောင့် ထိုကဲ့သို့ ဝတ္ထုများ ဖတ်ခြင်း၊ ရုပ်ရှင်များကြည့်ခြင်းကို အလွန် သဘောကျခဲ့ပါသည်။
သို့သော် နောက်ပိုင်း တဖြည်းဖြည်း ရှားပါးလာပြီး ရေးသူအလွန်နည်းသွား၏။
ထို့ကြောင့် ယခု လင်းချွမ်မှ ရေးထားသည်ကို ကြားသောအခါ အလွန်ကျေနပ်သွားလေသည်။
သေချာပေါက် ဖတ်ရမည်။
“ကောင်းသားပဲ။ ခဏနေ ဂိမ်းထဲမှာ ကျွန်တော် ကူညီပေးပါ့မယ်”
လင်းချွမ် ဆံပင်တိုနှင့် ရဲမေမလေးကိုကြည့်ရင်း ပြောလိုက်၏။
သူ အမှန်တော့ ဘေးမှကူညီ၍ ဆော့ပေးလေ့ မရှိပါ။ ယခုတွေ့နေရသူမှာ subscription အပြည့်ပေးမည့် အမာခံပရိသတ် ဖြစ်လေသည်။
အားလုံး ပျော်ရွှင်စွာ ရယ်မောရင်း သီးသန့်ခန်းလေးမှာ ပျော်စရာများ ပြည့်နေသည်။
ရှန်ချန်းချန်းလည်း အမှန်တော့ နေ့လယ်တည်းက ထိုဝတ္ထုကိုတွေ့ကာ အစအဆုံး subscribe လုပ်ထားပြီး ဖြစ်ပါသည်။
လင်းချွမ်သာ ဖတ်ရှုသူစာရင်း ပြန်ကြည့်လိုက်လျှင် ရှန်ချန်းချန်းအား ထိပ်ဆုံးတွင် တွေ့ရမည် ဖြစ်၏။
အရင်စာအုပ်နှစ်အုပ်ကိုပင် သိပ်မကြိုက်ဘဲ ယခု ဟက်ကာလောက ဝတ္ထုကျမှ ပြစ်မှုတစ်ခုချင်းစီ စွဲလန်းကာ စိတ်ထဲတွင် မြင်ယောင်နေသည်။
သူတင်မက စခန်းမှူးဟူတာချန်းလည်း ပါဝင်သည်။
ဒါရိုက်တာချုပ် ကျန်းပြောင်ပင် ပရိသတ်ဖြစ်လာ၏။
သို့သော် ကျန်းပြောင်၏ စိတ်ထဲတွင် စွဲနေသည့်အရာ ရှိပါသေးသည်။
“ဆရာလင်း ဒီကောင်လေး ပြစ်မှု မကျူးလွန်စေနဲ့”
…
မကြာမီ (၅) ယောက်သား ဂိမ်းစဆော့ကြလေသည်။
လင်းချွမ် အစက အပျော်ဆော့ရုံသာ ထင်ထားသော်လည်း မိန်းကလေးများ၏ အရည်အချင်းကြောင့် အလွန် အံ့ဩခဲ့ရသည်။
ကိုယ်တိုင် ရုန်းကန်နိုင်ရုံသာမက လင်းချွမ်နှင့် ဝမ်ကျီခန်တို့ပင် ကယ်ပေးနေသေးသည်။
အင်တာနက်ဆိုင် သီးသန့်ခန်းလေးထဲ၌ စိတ်လှုပ်ရှား ပျော်ရွှင်စရာ ပတ်ဝန်းကျင်လေး ဖြစ်ပေါ်နေပြီး အားလုံး ပြုံးပျော်၍ အရည်အချင်းများ ထုတ်ပြနေကြသည်။
ညမှာ တဖြည်းဖြည်း မှောင်မိုက်လာသည်။
တိုက်ခန်းများ၏ ပြတင်းပေါက်မှ ကျရောက်လာသော ခပ်မှိန်ဖျဖျ အလင်းသည် ကြယ်ကြွေလာသကဲ့သို့ ထင်ရသည်။
လမ်းကြားများမှာ အထီးကျန်စရာကောင်းပြီး လမ်းမများတွင်တော့ ကားမီးအလင်းရောင် တစ်ချက်တစ်ချက်ကြောင့် အမှောင်ထုကို ဖြိုခွင်းနိုင်၏။
ရှချင်းချင်း ဆိုင်မှ ထွက်လာချိန်တွင် ည (၁၁) နာရီပင် ထိုးနေလေပြီ။
သု့အိမ်မှာလည်း ချင်းရှုနယ်ထဲ၌သာ ရှိ၍ တော်သေး၏။
ရှချင်းချင်း အိမ်ရောက်ပြီးနောက် ကိုယ်လက်သန့်စင်ပြီး အဖြူရောင် ညအိတ်ပိုးဂါဝန်လေး ဝတ်ဆင်လိုက်ပြီး ဆံပင်တိုတိုကြောင့် ညှပ်ရိုးလေးများကို ထင်ရှားစွာ မြင်နေရသည်။
သူ အိပ်ခန်းထဲ ဝင်လာကာ ပျင်းရိစွာ လှဲချလိုက်ပြီး
ဖုန်းမီးရောင် ခပ်လင်းလင်းက မျက်နှာနုနုလေးအပေါ် ကျရောက်လာသည်။
“ဟက်ကာ လောက”
ရှချင်းချင်း ခပ်တိုးတိုး ရေရွတ်ကာ ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်ထဲ ရိုက်ရှာလိုက်သည်။
[စာအုပ် : ဟက်ကာ လောက]
[စာရေးဆရာ : မစ္စတာလင်း]
ရှချင်းချင်းပြုံးလျက်
“မစ္စတာလင်း… သံသယရှိသူ မစ္စတာလင်းနဲ့ အတူတူပဲလား”
သူ လင်းချွမ်၏ ဝတ္ထုများ ဖတ်ဖူးသောကြောင့် စာဖတ်သူများမှ သံသယရှိသူလင်းဟု နောက်ပြောင် ခေါ်ကြသည်ကို သိထားပါသည်။
သူ့စာအုပ်များမှာလည်း အမှန်ပင် ပြစ်မှုမှတ်တမ်းနှင့် တူလေ၏။
ရှချင်းချင်း ဝတ္ထုထဲသို့ ဝင်ဖတ်ကြည့်လိုက်သည်။
‘ကျွန်တော်ဟာ ဟက်ကာတစ်ယောက်’
‘…’
ရှချင်းချင်း အဖွင့်ကိုဖတ်ရင်း
“မစ္စတာလင်း လိမ်နေတာ မဟုတ်ဘူးပဲ။ Red Hacker နဲ့ ပတ်သက်တာ တကယ်ပါတယ်”
သူနှင့် လီချင်းတို့မှာ နည်းပညာအကြောင်း နားလည်ပြီးဖြစ်၍ ဝတ္ထုဖတ်သောအခါ ပို၍ သဘောပေါက်လွယ်လေသည်။
ထိုမျှသာမက ဆိုက်ဘာလုံခြုံရေးရဲမေဖြစ်၍ အခြားသူများ၏ အမြင်နှင့်မတူဘဲ ကောင်းစွာ အာရုံစိုက်နိုင်၏။
ထို့နောက် ဆက်၍ ဖတ်ကြည့်လေသည်။
‘အင်တာနက်ဆိုင်ရဲ့ ထောင့်လေးတစ်ခုမှာထိုင်ပြီး ကုဒ် (၁၆) လုံး ရိုက်ထည့်လိုက်တာနဲ့ ကျွန်တော့်ဘဝလည်း တစ်ဆစ်ချိုး ပြောင်းလဲသွားတော့တယ်။ ကျွန်တော် တွေ့လိုက်တာက…”
ရှချင်းချင်း မျက်မှောင်ကြုတ်၍ ရေရွတ်မိလေသည်။
“လင်းချွမ် ဒီစာအုပ်ရေးဖို့ အများကြီး ကြိုးစားခဲ့တာပဲ။ တရားမဝင်ဝက်ဘ်ဆိုဒ်ထဲတောင် ဝင်ခဲ့သေးတယ်”
အများအားဖြင့် ထိုဝက်ဘ်ဆိုဒ်များမှာ ကြောက်စရာ မကောင်းဆိုးဝါးဟု ဆိုကြသော်လည်း သူကတော့ လင်းချွမ်နှင့် အမြင်တူပါသည်။
မကောင်းသည့်ပြစ်မှုများ ကိုယ်တိုင် မကျူးလွန်သရွေ့ အသုံးပြုနိုင်ကြ၏။
ရှချင်းချင်း ဆက်၍ဖတ်ရင်း ပို၍ နစ်မျောလာသည်။
‘…’
ပြတင်းပေါက်အပြင်ဘက်၌ လရောင်မှာ ကြည်လင်နေသည်။
ရှချင်းချင်းလည်း မျက်မှောင်ပိုကြုတ်လာ၏။
“ဒီဆိုက်ဘာတိုက်ခိုက်မှုတွေက တကယ်ကြောက်စရာပဲ။ လင်းချွမ် ဘယ်အဆင့်အထိ ရောက်နေတာလဲ”
‘…’
ထိုစဉ် သူ အတွေးစများ ပြတ်သွားရလေသည်။
ရဲစခန်းအဖွဲ့ထဲမှ စာများ တက်လာ၏။
“အားလုံးသတိ… မြို့အတော်များများမှာ နိုင်ငံခြား ဟက်ကာတွေရဲ့ ဆိုက်ဘာတိုက်ခိုက်မှု ခံနေရတယ်။ အန်လင်းကိုတော့ အရေးပေါ် လုံခြုံရေး ချလိုက်ပြီး။ အားလုံး ဧပြီ (၃) ရက်၊ မနက် (၆) နာရီအရောက် လူစုကြပါ”
“ဟုတ်ကဲ့ပါ”
ရှချင်းချင်းလည်း ချက်ချင်း ပြန်စာပို့၍ ဝတ္ထုဖတ်ခြင်း ရပ်ကာ အမြန်အိပ်ရာဝင်လိုက်တော့သည်။