ဟက်ကာများ စတူဒီယို ၇၂၀ သို့ ဝင်ရောက်ခြင်း
Vol. 5 Ch. 66
ရုံးခန်းထဲ၌။
အသက် (၄၀) ဝန်းကျင်ရှိသော အယ်ဒီတာချုပ်မှာ ယုယွီအား နားမလည်နိုင်စွာ ကြည့်နေ၏။
“ယုယွီ မင်းစာရေးဆရာကို အားပေးပြီး ရလဒ်ကောင်း လိုချင်တာ နားလည်ပါတယ်။ ဒါပေမဲ့ စာအုပ်ရဲ့ လုပ်ဆောင်ချက်က အရမ်းနိမ့်နေတာ”
ယုယွီမှ
“ဒါပေမဲ့ လုပ်ဆောင်ချက် မကောင်းတာက အရည်အသွေး မကောင်းတာ မဟုတ်ဘူးလေ။ နိုင်ငံခြားတွေမှာ ပြနိုင်ရင် သေချာပေါက် အောင်မြင်မှာပါ”
ရုံးခန်းထဲ၌ တိတ်ဆိတ်သွား၏။
“ဟက်ကာလောက”
အယ်ဒီတာချုပ်မှာ လက်ထဲမှဖောင်ကို ကြည့်ရင်း သက်ပြင်းချ၍
“ယုယွီ မင်း အရမ်းခေါင်းမာတာပဲကွာ”
“ပြန်စဉ်းစားပေးပါနော်”
ယုယွီ စိတ်အားထက်သန်စွာ ပြော၏။
အယ်ဒီတာချုပ်လည်း မနိုင်တော့ပုံဖြင့် ဖောင်ကို မြှောက်ပြကာ
“ခဏနေ ဝန်ထမ်းတွေခေါ်ပြီး အစည်းအဝေး လုပ်ကြည့်မယ်။ ပြီးရင် မင်း ဒီလောက်ညွှန်းနေတဲ့ စာအုပ်ကို အကဲဖြတ်ကြည့်တာပေါ့”
“တကယ်လား”
ယုယွီမျက်လုံးအရောင်များ တောက်သွား၏။
အယ်ဒီတာချုပ် ခေါင်းငြိမ့်ပြ၍
“အင်း အခု အလုပ်သွားလုပ်တော့”
“ကျေးဇူးတင်ပါတယ် ဆရာ”
ယုယွီ ပြုံးရွှင်၍ နှုတ်ဆက်လိုက်လေသည်။
ယခုလို အကဲဖြတ်ခံရသည်နှင့်ပင် မျှော်လင့်ချက် ရှိနေလေပြီ။
ငါ့ရဲ့လင်းချွမ် အဟမ်း… မှားလို့။ မစ္စတာ လင်းချွမ် ကျွန်မလက်အောက်မှာ အဆင်ပြေမှာပါ။
ငါ့ရဲ့ နှစ်ကုန်ဘောနပ်စ်ကတော့ ရှင့်အပေါ် မူတည်နေပြီ။ ကောင်းကောင်း ကြိုးစားပေတော့။
မကြာမီ အလုပ်ဆင်းချိန် နီးကပ်လာလေသည်။
မင်ယွဲ့မှာ အပြာရောင် အနောက်တိုင်းဝတ်စုံနှင့် ဒေါက်ဖိနပ်တို့ကို ဆင်မြန်းထား၏။
ယုယွီ သူ့ကိုတွေ့သောအခါ ချက်ချင်း ကိုယ်ကို မတ်လိုက်ပြီး ခေါင်းလေးမော့လျက်
“မမမင်ယွဲ့ အခြေအနေ ဘယ်လိုဖြစ်သွားပြီလဲ”
အစည်းအဝေး တက်ရောက်သူများထဲတွင် မင်ယွဲ့လည်း ပါလေသည်။
“အကြိတ်အနယ်ပါပဲကွယ် ပြောရတာ”
“ဟင်”
ယုယွီ မှင်တက်လျက် ငေးကြည့်နေ၏။
မင်ယွဲ့ကတော့ ပြုံး၍
“အစည်းအဝေးမှာ တခြားအယ်ဒီတာတွေလည်း သဘောမတူကြဘူး။ လုပ်ဆောင်ရည်က အရည်အချင်း မပြည့်မီဘူးတဲ့”
ယုယွီ၏ ခန္ဓာကိုယ်မတ်မတ်လေးမှာ ခွေကျသွား၏။
“အဲ့တာဆို မဖြစ်နိုင်တော့ဘူးပေါ့”
“အဲ့တာက အရေးမကြီးပါဘူး”
မင်ယွဲ့ ယုယွီ၏ ပါးလေးကို ခပ်ဖွဖွညှစ်၍ ပြုံးကာ
“အယ်ဒီတာချုပ်တွေ သဘောမတူပေမဲ့ အဖွဲ့ဝန်ထမ်းတွေက လက်ခံတယ်လေ။ အားလုံး ဝတ္ထုကို အရမ်းသဘောကျနေကြတာ”
“ဟင်”
ယုယွီမျက်လုံးအရောင်များ ပြန်လက်လာ၏။
“အဲ့တာဆို ကောင်းတာပေါ့”
အဖွဲ့မှာ မားကတ်တင်းအတွက် အဓိက တာဝန်ယူရသောကြောင့် ထိုအခြေအနေနှင့် ပိုရင်းနှီးပါသည်။
“ဪ ဒါနဲ့ မားကတ်တင်းအဖွဲ့သားတွေ တော်တော်များများက မင်းရဲ့လင်းချွမ်ကို ချီးကျူးနေကြတယ်နော်”
မင်ယွဲ့ ရယ်မော၍ ပြော၏။
“မမမင်ယွဲ့ကလည်း။ မင်းလင်းချွမ်က ဘာကြီးလဲ။ ကျွန်မလက်အောက်မှာ ရေးနေတဲ့ စာရေးဆရာပါပဲ”
ယုယွီ ပြုံးလျက် ဆက်မေးလိုက်သည်။
“အဲ့တော့ အခြေအနေက ဘယ်လိုဖြစ်သွားပြီလဲ”
“နိုင်ငံခြားမှာ ပြဖို့က ဘာသာပြန်တဲ့အချိန်တော့ ကြာလိမ့်မယ်။ ဒါပေမဲ့ တခြားဝက်ဘ်ဆိုဒ်တွေလည်း ဒီလိုပဲ လုပ်နေတာပဲ။ အဲ့တာကြောင့် ငါတို့ရုံးလည်း ဈေးကွက်တိုးဖို့ ကြိုးစားမှာပါ”
မင်ယွဲ့မှ ရှင်းပြ၏။
“နားလည်ပါပြီ”
“ကဲ ဒါဆိုလည်း မင်းရဲ့ အရည်အချင်းရှိတဲ့ စာရေးဆရာကြီးကို သတင်းကောင်း ပြောပြလိုက်ဦး”
မင်ယွဲ့ မျက်လုံးလေးတစ်ဖက် မှိတ်ပြ၏။
“ကျေးဇူးတင်ပါတယ် မမမင်ယွဲ့”
ယုယွီ ပျော်ရွှင်စွာဖြင့် ဖုန်းလှမ်းယူလိုက်ပြီး စာပို့လိုက်သည်။
“ရတနာ”
“ယုယွီ ဘာလို့လဲ”
လင်းချွမ် ချက်ချင်း စာပြန်လာ၏။
“သတင်းကောင်း ပြောမလို့”
“ခင်ဗျား အယ်ဒီတာချုပ်ရာထူး တိုးသွားပြီလား”
“အဲ့လို မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင်သာ နည်းနည်း ပိုကြိုးစားရင် အဲ့သတင်းက တကယ် ဖြစ်လာနိုင်တယ်”
“အဲ့တော့ သတင်းကောင်းက ဘာမို့လို့လဲ”
“ဟက်ကာလောက ဝတ္ထုကို နိုင်ငံခြားမှာပါ ဖတ်လို့ရတော့မယ်”
အခန်းငယ်လေးထဲ၌။
လင်းချွမ် ထိုစာကိုဖတ်ရင်း မျက်လုံးလေး ကြောင်နေသည်။
Subscription (၃၁၈) ခုသာ ရထားသော သူ့ဝတ္ထုလေး နိုင်ငံခြားအထိ ရောက်တော့မည်ကို တစ်ခါမှ မတွေးခဲ့ဖူးပေ။
ယုယွီ၏အားထုတ်မှု များစွာ ပါဝင်ကြောင်း သိသာပါသည်။
“စနစ်ရေ နိုင်ငံခြား subscription တွေရော ထည့်တွက်မှာလား”
“ဟုတ်ကဲ့။ ထည့်တွက်မှာပါ”
လင်းချွမ် အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ရင်ထဲတွင် နွေးထွေးသွားပြီး ယုယွီအား စာပြန်ပို့လိုက်သည်။
“ကျေးဇူးတင်ပါတယ် ယုယွီ”
“ဘာမှမဟုတ်ပါဘူး”
ယုယွီ နေရခက်စွာဖြင့်
“နောက်ဆို အောင်မြင်မယ့်ဝတ္ထုတွေသာ များများ ထပ်ရေးပြီး အကြွေးဆပ်။ အဲ့တာဆို ရပြီ”
“ဒါပေါ့”
လင်းချွမ် ပြုံးရွှင်၍ ပြန်ဖြေ၏။
ယုယွီက ဆက်၍
“ဒါဆို ရှင် ကျွန်မကို ထားမသွားဘူးမလား”
“…”
လင်းချွမ် ရုတ်တရက် နားမလည်နိုင်ဖြစ်ကာ ဘာပြန်ဖြေရမသိ ဖြစ်နေသည်။
ထိုစဉ် ယုယွီမှ စာထပ်ပို့လာ၏။
“အာ ကျွန်မပြောချင်တာက အောင်မြင်မှ ရှင် တခြား အယ်ဒီတာဆီ မပြောင်းဘူးမလားလို့”
လင်းချွမ် ထိုအခါမှ သက်ပြင်းချကာ ရယ်မော၍
“ယုယွီရယ် မင်းမဟုတ်တာတွေ တွေးနေတာလားလို့ ရုတ်တရက် ထင်မိသွားတာ”
ယုယွီ နှုတ်ခမ်းလေးစူလျက်
“ဘာ ကျွန်မက အဲ့လောက်ဆိုးလို့လား”
“မဆိုးပါဘူးဗျာ”
“မဆိုးဘူးတဲ့လား။ မဆိုးရုံပဲလား”
“အာ ယုယွီရယ် မင်းက အကောင်းဆုံး အယ်ဒီတာပါ”
လင်းချွမ် စိတ်ထဲရှိသည့်အတိုင်း အမှန်အတိုင်း ပြောလိုက်၏။
အမှန်ပင် ယုယွီကဲ့သို့ အယ်ဒီတာမျိုး ထပ်တွေ့နိုင်တော့မည် မဟုတ်ပေ။
“ဒီလိုမှပေါ့”
ယုယွီ ကျေနပ်စွာ ပြုံးလိုက်မိသည်။
ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ရုံးခန်း။
အယ်ဒီတာတစ်ဦးပင် ဖြစ်သော လီရွှယ်တစ်ယောက် ယုယွီထံ လျှောက်လာပြီး ဖုန်းကိုကြည့်၍ ပြုံးနေသည့် ယုယွီအား စချင်လာ၏။
“ယုယွီ ရည်းစားထားနေတာလား”
“ရွှယ် ဘာတွေ လျှောက်ပြောနေတာလဲ”
ယုယွီ မကျေမနပ် ပြန်ပြောကာ ဖုန်းကို အမြန်ပိတ်ချလိုက်သည်။
လီရွှယ်မှာ ပြုံးလျက်
“ယုယွီ ရှင့်အပြုံးက လမင်းကြီးထက်တောင် တောက်ပနေတာကို။ ရည်းစားထားတာ မဟုတ်ဘူးတဲ့လား။ လာပါဦး။ ဘယ်က သူဌေးလေးလဲ”
“ရွှယ် ရှင်တော့ အရိုက်ခံချင်နေပြီပဲ”
ယုယွီ လက်သီးလေး ထောင်ပြလိုက်၏။
…
မျက်စိတစ်မှိတ်အတွင်း (၁၀) ရက်မျှ ကုန်ဆုံးသွားပြီးလေပြီ။
ဧပြီ (၁၃) ရက်၊ ညနေခင်း။
ပျော်ရွှင်ခြင်းရပ်ကွက်၌ မီးဝါဝါခပ်မှိန်မှိန်များ လင်းလာ၏။
ကြောင်အမေကြီးတစ်ကောင်မှာ ကလေးများအတွက် အစာထွက်ရှာရင်း အန္တရာယ်တွေ့နေပုံဖြင့် ကလေးတစ်ယောက်ငိုသံကဲ့သို့ အော်နေလေသည်။
ဆိုင်ငယ်လေးထဲတွင်။
ကျန်းမှာ ဘောပင်လေးကိုင်လျက် မှတ်စုစာအုပ်ပေါ် ရေးခြစ်ရင်း စီးပွါးရေးလုပ်ငန်းရှင်ငယ်လေးနှင့် တူနေသည်။
ယခု (၁၀) ရက်အတွင်း ဟက်ကာလောက ဝတ္ထုလည်း နိုင်ငံခြားသို့ ပြသနိုင်ပြီး အခြေအနေ စောင့်ကြည့်သည့်ကာလ ဖြစ်လေသည်။
ထို့အပြင် နိုင်ငံခြားဟက်ကာများ၏ တိုက်ခိုက်မှု ပြင်းထန်လာကာ အင်တာနက်ဆိုင်၊ ကုမ္ပဏီနှင့် အစိုးရ အဖွဲ့အစည်းများအထိ အနည်းနှင့်အများ ထိခိုက်ကုန်ကြ၏။
ဤသို့ဖြင့် လင်းချွမ်တို့ စတူဒီယိုလည်း နောက်ထပ် ဖောက်သည် (၅) ဦး ထပ်ရထားလေသည်။
ထိုအားလုံးမှာ သူဌေးကျန်း မိတ်ဆက်ပေး၍ ဖြစ်၏။
ကျန်း အလုပ်ရှုပ်နေစဉ် လင်းချွမ်လည်း စတိုးဆိုင်ဘေးမှ စတူဒီယို ၇၂၀ အခန်းထဲတွင် ကုဒ်ရေးဆွဲခြင်းပြီးဆုံး၍ အကြောဆန့်လျက် ရှိ၏။
ရုတ်တရက်။
လင်းချွမ်ကွန်ပျူတာမှာ အပြာရောင်ဖြစ်သွားပြီး စကားလုံးအချို့ ပေါ်လာလေသည်။