← Chapters

ဒီလို ကြော်ငြာမှာလား

Vol. 5 Ch. 67

ဒီလို ကြော်ငြာမှာလား

Vol. 5 Ch. 67

“ဟက်ကာ တိုက်ခိုက်မှုလား”

လင်းချွမ် မျက်မှောင်ကြုတ်လျက် အပြာရောင် ကွန်ပျူတာမျက်နှာပြင်ပေါ်မှ စာလုံးများကို ကြည့်လိုက်သည်။ 

“မင်္ဂလာပါ မိတ်ဆွေ”

အဝေးမှ နည်းပညာထိန်းချုပ်ခြင်းတစ်မျိုး ဖြစ်၏။ 

စည်းမျဉ်းမှာ ရိုးရှင်းသော်လည်း ပြုလုပ်ရန် ခက်ခဲသည်။ 

အဝေးမှ လှမ်းထိန်းချုပ်ခြင်းသည် လင်းချွမ်၏ အကာအကွယ်ချထားခြင်းကို ထိုးဖောက်ရသောကြောင့် ဖြစ်၏။ 

လင်းချွမ် အချိန်အတိုင်းအတာဖြင့် ခဏတာအကာအကွယ်သာ ချထားခဲ့သော်လည်း ပုံရိပ်ယောင်ကမ္ဘာ၌ ထိုအတွေ့အကြုံမျိုး များစွာ ကြုံခဲ့ဖူးပါသည်။ 

လင်းချွမ် စိတ်မလှုပ်ရှားဘဲ ကီးဘုတ်နှင့် မောက်စ်တို့ကို ကျွမ်းကျင်စွာ ကိုင်တွယ်၍ (၂) မိနစ်အတွင်း သူ့ကွန်ပျူတာအား ပြန်လည် သိမ်းယူနိုင်လိုက်သည်။ 

ထို့နောက် လင်းချွမ် ကွန်ပျူတာကို လုံးဝ မပိတ်ပစ်သေးဘဲ အခြားတစ်ဖက်နှင့် ဆက်သွယ်ရန် ကြိုးစားလေသည်။ 

“မင်း ဘယ်သူလဲ”

“မင်္ဂလာပါ။ အန်ဂျလီနာပါ”

တစ်ဖက်မှ လျင်မြန်စွာ ပြန်ဖြေ၏။ 

အချင်းချင်း အချက်အလက် ဝေမျှရန် သုံးသော ပရိုဂရမ်မျိုးနှင့် ဆက်သွယ်နေခြင်း ဖြစ်သည်။ 

အန်ဂျလီနာတဲ့လား။ 

လင်းချွမ် မျက်မှောင်ကြုတ်၍ တွေးလိုက်မိ၏။ 

သူ့ IP လိပ်စာကိုလည်း ချက်ချင်း ရှာထားပြီး ဖြစ်သည်။ 

“မင်း ဘာလိုချင်တာလဲ”

လင်းချွမ် တိုက်ရိုက်သာ မေးလိုက်၏။ 

“မင်္ဂလာပါ မစ္စတာလင်း ကျွန်တော် ထိခိုက်စေချင်လို့ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ ဟက်ကာလောက ဝတ္ထုက အရမ်းကောင်းလို့ပါ”

အန်ဂျလီနာမှ ပြန်ဖြေသည်။ 

လင်းချွမ် မျက်မှောင်ပိုကြုတ်သွားပြီး မှင်တက်နေမိ၏။ 

“စာဖတ်ပရိသတ်လား”

“ဟုတ်ပါတယ် မစ္စတာလင်းရဲ့ စာဖတ်ပရိသတ်ပါ”

အပြာရောင််မျက်နှာပြင်၌ အန်ဂျလီနာ၏ အချက်အလက်အချို့ ပေါ်လာသည်။ 

လင်းချွမ်လည်း နဖူးကြောကို ဖိထားရင်း အလွန်အံ့ဩနေမိသည်။ 

ငါ့စာဖတ်သူတွေ အဲ့လောက်တော်တာလား။ 

အန်လင်းရဲစခန်းတော့ တိုင်စရာ မလိုလောက်ဘူးမလား။ 

“ဥပဒေကို လိုက်နာကျင့်သုံးရမှာ လူတိုင်းရဲ့ တာဝန်ပဲ”

စာဖတ်သူဖြစ်နေလည်း ပြစ်မှုကျူးလွန်၍ မဖြစ်ပါ။ 

ထိုသူမှာ အဆင့်မြင့်ဟက်ကာတစ်ဦးဖြစ်ပြီး သူ့ကွန်ပျူတာအထိ ထိုးဖောက်ကာ  လာနှုတ်ဆက်နေသေး၏။ 

သာမာန်စာဖတ်သူ လုပ်ရမည့်အပြုအမူမျိုး မဟုတ်ချေ။ 

သူ အချိန်အတော်ကြာအောင် ငြိမ်နေပြီးမှ

“အန်ဂျလီနာ ဒါက နည်းနည်း ရိုင်းတယ်လို့ မထင်ဘူးလား”

“ရှင်က ကမ္ဘာအဆင့်ဟက်ကာတစ်ယောက်ပဲ။ ဒီလို ခပ်မိုက်မိုက် နှုတ်ဆက်တာမျိုးကို ကြိုက်မယ် ထင်လို့ကို”

အန်ဂျလီနာမှ ပြန်ဖြေ၏။ 

“ဟုတ်ပါပြီ။ မိုက်တော့ မိုက်ပါတယ်”

လင်းချွမ် ပြုံး၍ ပြောလိုက်သည်။ 

“မစ္စတာလင်း ကျွန်မလေ ရှေ့ (၂) ရက်လုံး ရှင့် အတ္ထုပတ္တိတွေပဲ ဖတ်နေခဲ့တာ။ ရှင့်ဘဝ အတွေ့အကြုံတွေက သိပ်စုံတာပဲ”

အန်ဂျလီနာမှာ လင်းချွမ်၏ အမာခံပရိသတ်တစ်ဦး ဖြစ်လေသည်။ 

လင်းချွမ်ကတော့ မျက်နှာပျက်သွားပြီး

“ဟက်ကာလောက,က အတ္ထုပတ္တိ မဟုတ်ပါဘူး။ ဒီအတိုင်း ပုံရိပ်ယောင်လောကကို စိတ်ကူးယဉ်ပြီး ရေးထားတာ”

အန်ဂျလီနာ၏ တရုတ်စာအရည်အချင်းမှာ အလွန် ကောင်းလှသည်။ 

ချက်ချင်း စာအရှည်ကြီး ပြန်ပို့၏။ 

“မစ္စတာလင်းကို တကယ် နားလည်ပါတယ်။ ကျွန်မလည်း ပုံရိပ်ယောင်လောကမှာ နေတာပဲ။ တခြားသူတွေ မမြင်နိုင်တဲ့ ဇာတ်လမ်းလေးပေါ့။ တော်တော်များများကတော့ စိတ်ကူးယဉ်တယ်လို့ သတ်မှတ်ပေမဲ့ ဒါက အပြင်မှာ တကယ် ဖြစ်နေတာပဲလေ”

တကယ်ပါပဲ။ 

လင်းချွမ် သက်ပြင်းချလိုက်မိ၏။ 

ဧပြီလ၏ ညနေခင်းလေပြေမှာ အေးစိမ့်နေသေး၏။ 

ဟက်ကာများ၏ ပတ်ဝန်းကျင်မှာ လက်တွေ့ဘဝနှင့် ကွာခြားပါသည်။ 

ကံကောင်းစွာဖြင့် အန်ဂျလီနာမှာ နိုင်ငံခြား စာဖတ်သူ ဖြစ်နေ၏။ 

ပြည်တွင်းမှ စာဖတ်သူသာ ထိုသို့ပြောလာပါက ရဲစခန်းကို ဖုန်းဆက်ပြီး ဖြစ်ပါသည်။ သူပင် ဆုလာဘ် ပြန်ရနိုင်သေး၏။ 

ထိုသို့သော ဆုလာဘ်ကို မည်သူမျှ မငြင်းနိုင်ပါ။ 

သူတို့ အကြိုက်ဆုံးစာရေးဆရာပင် မတတ်နိုင်ပေ။ 

လင်းချွမ် ခပ်ပြုံးပြုံးဖြင့်

“ဒါက ဒီအတိုင်း စိတ်ကူးယဉ်ပြီး ရေးထားတာပါ။ ဘာမှ အရမ်းကြီးမတွေးပါနဲ့”

“မဟုတ်သေးဘူး​လေ”

အန်ဂျလီနာမှ ချက်ချင်း ပြန်ပြောသည်။ 

“ကျွန်မတွေ့နေတာက ကမ္ဘာ့အဆင့်ဟက်ကာရဲ့ လက်ရာလေ”

လင်းချွမ် မျက်ခုံးပင့်လျက် ကီးဘုတ်ခလုတ်များအား ကျွမ်းကျင်စွာ နှိပ်လိုက်သည်။ 

“အန်ဂျလီနာ ဒီလိုသတိထားမိပေးတာ ကျေးဇူးတင်ပါတယ်”

“အဲ့တာကြောင့် ကျွန်မတို့ HK နဲ့ လာပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်”

“…”

လင်းချွမ် လန့်ဖျပ်သွား၏။ 

သူတို့နဲ့ ပူးပေါင်းရမှာလား။ 

HK ဆိုသည်မှာ မြောင်ပိုင်းအဖွဲ့၏ အလွှမ်းမိုးနိုင်ဆုံး အဖွဲ့ဖြစ်သည်။ ဆိုက်ဘာတိုက်ပွဲ၌ ဟက်ကာအဖွဲ့များစွာကို အောင်မြင်ခဲ့ပြီး နာမည်ကြီးလေ၏။ 

အန်ဂျလီနာမှ လင်းချွမ်ကို ခေါ်ရသည့်အကြောင်းအား ရှင်းပြ၏။ 

“ရှင့်အတ္ထုပတ္တိထဲမှာ အစပိုင်းတော့ ပြစ်မှုတွေ ကျူးလွန်ခဲ့ပေမဲ့ နောက်ပိုင်း Red Hacker အဖြစ် ပြောင်းလဲပြီး နိုင်ငံအတွက် တိုက်ခိုက်ပေးတယ်လေ။ အဲ့တာက HK ရဲ့ စည်းမျဉ်းနဲ့တော့ အရမ်းကိုက်ညီတယ်။ အဲ့တာကြောင့် ရှင့်ကို ခေါ်ချင်တာ”

လင်းချွမ် စိတ်တည်ငြိမ်အောင်ထိန်း၍ ယဉ်ကျေးစွာ ငြင်းလိုက်သည်။ 

“အားနာပေမဲ့ ကျွန်တော်က စာရေးရတာပဲ ကြိုက်ပါတယ်”

“ရှင့်ဆန္ဒကို လေးစားပါတယ်။ ရှင့်ဝတ္ထုကလည်း အရမ်းကောင်းတော့ သူငယ်ချင်းတွေကိုတောင် ညွှန်းပေးဖို့ တွေးနေတာ။ သူတို့လည်း ကြိုက်မှာပါ”

မစ္စတာလင်း မျက်လုံးအရောင်များတောက်၍ ပြုံးရွှင်စွာဖြင့်

“ကျေးဇူးတင်ပါတယ်”

သူ့စေတနာကိုတော့ ကျေးဇူးတင်ပါသည်။ 

“ကျွန်မတို့ သူငယ်ချင်းတော့ ဖြစ်လို့ရပါတယ်နော်”

အန်ဂျလီနာမှ စိတ်ရင်းဖြင့် ပြောလိုက်၏။ 

လင်းချွမ်ပြုံးကာ

“ကျွန်တော်လည်း မျှော်လင့်မိပါတယ်”

“ကောင်းပါပြီ။ နောက်မှ ထပ်လာခဲ့မယ်နော်”

အန်ဂျလီနာမှ ပြောလိုက်သည်။ 

“နောက်တစ်ခါတော့ ဒီလိုထပ်မလာပါနဲ့။ တခြား ဆိုရှယ်မီဒီယာကနေ ဆက်သွယ်ပါ”

လင်းချွမ် ရယ်မော၍ ပြောလိုက်၏။ 

“ကောင်းပါပြီ”

မိနစ်ပိုင်းမျှ ကြာသောအခါ။ 

လင်းချွမ် အကောင့်သို့ စာများ ဝင်လာ၏။ 

ဒင် ဒေါင်!

‘အန်ဂျလီနာမှ သူငယ်ချင်းဖြစ်ခွင့် တောင်းနေပါသည်။’

‘မစ္စတာလင်း ကျွန်မက ရှင့်ရဲ့ အမာခံပရိသတ်ပါ’

လင်းချွမ် ပြုံးလိုက်မိသည်။ 

ထိပ်တန်းဟက်ကာတစ်ဦးအနေဖြင့် အကောင့်ရှာရန်မှာ အရမ်းမခက်ခဲပေ။ 

သူ အကောင့်လက်ခံလိုက်၏။ 

“နောက်ဆို ပြောစရာရှိရင် ဒီကနေပဲ ဆက်သွယ်ပါ”

လင်းချွမ် စာပြန်ပို့လိုက်သည်။ 

“ကောင်းပါပြီ”

အန်ဂျလီနာ ချစ်စရာအီမိုဂျီလေးဖြင့် ပြန်ဖြေ၏။ 

“ရှင့်ဝတ္ထုကလည်း အရမ်းကောင်းတာပဲ။ ဒီည လိုက်ကြော်ငြာပေးမယ်နော်”

“ဒါဆိုရင်လည်း ထပ်ကျေးဇူးတင်ပါတယ်နော်”

လင်းချွမ်ပြုံး၍ ပြောလိုက်၏။ 

သူမသိသေးသည်မှာ အန်ဂျလီနာသည် အမာခံပရိသတ်မဟုတ်ဘဲ အလွန်ကိုးကွယ်လိုသူ ဖြစ်သည်။ 

…

မြောက်ပိုင်းအဖွဲ့။ 

သိပ္ပံနည်းပညာပုံစံဖြင့် စတူဒီယိုခန်းထဲတွင်။ 

အနက်ရောင်ပုခုံးပျောက် အင်္ကျီလေး ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ရှိပြီး ဖြူဝင်းသော ပုခုံးသားနှင့် လည်တိုင်ကျော့ကျော့မှာ ငန်းမလေးသဖွယ် ဖြစ်နေသည်။ 

မိန်းကလေးမှာ မျက်လုံးညိုလေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ရေရွတ်လိုက်၏။ 

“ဟက်ကာလောကဝတ္ထုက တကယ် ကြောက်စရာပဲ။ သူ့ဖြစ်တည်မှုကို ဟက်ကာတိုင်း သိသင့်တယ်”

“ဟုတ်တယ်”

ထိုသူမှာ အန်ဂျလီနာဖြစ်၏။ 

ထို့နောက် ကွန်ပျူတာထဲ၌ ကုဒ်တစ်ခုရေးဆွဲ၍ အဖွဲ့သားအားလုံးအား ပရိုဂရမ်များ လှမ်းပို့လိုက်တော့သည်။ 

လင်းချွမ်၏ဝတ္ထုကို ကြော်ငြာရန် ဖြစ်၏။ 

All Chapters