အန်ဂျလီနာ ဒုက္ခရောက်စေသူ
Vol. 5 Ch. 70
“အန်ဂျလီနာ မင်္ဂလာနံနက်ခင်းပါနော်”
သူတို့ စသိသည်မှာ မနေ့ညကမှ ဖြစ်သော်လည်း လင်းချွမ်မှစ၍ နှုတ်ဆက်လိုက်သည်။
သို့သော်။
အန်ဂျလီနာမှာတော့ အလွန်ရင်းနှီးခဲ့ပြီးသူများကဲ့သို့ သဘောထား၏။
သူ ဟက်ကာလောက စာအုပ်ထဲ အလွန်နစ်ဝင်ခဲ့၍လည်း ဖြစ်နိုင်သည်။ လင်းချွမ်ဘဝကို သိနေသကဲ့သို့ အိုင်ဒေါလ်တစ်ယောက်ကဲ့သို့ တွေးနေ၏။
သူ ကွန်ပျူတာရှေ့တွင် ထိုင်နေရင်း လေးစားရသော စာရေးဆရာမှ စာစပို့လာသောကြောင့် အလွန် ပျော်ရွှင်သွားသည်။ ထို့နောက် ကီးဘုတ်ပေါ်၌ လက်ကလေး အသာအယာ တင်၍ စာပြန်လိုက်သည်။
“မင်္ဂလာနံနက်ခင်းပါ အိုင်ဒေါလ်ရေ”
“မနေ့ညက ကျွန်မမိတ်ဆွေတွေအားလုံး ဝတ္ထုကို ကြိုက်ကြတယ်လေ။ စိတ်ဝင်စားစရာလည်း ကောင်းတယ်။ ဟက်ကာလောကရဲ့ အကောင်းဆုံး အနုပညာလက်ရာပဲ”
“တချို့ဆို အစကတော့ ကျွန်မညွှန်းတာတွေ့ပြီး ဆဲကြတာပေါ့။ ဒါပေမဲ့ နောက်မှ လက်ကမချနိုင် ဖြစ်သွားကြတာ ဟားဟား”
အန်ဂျလီနာ ချီးကျူးပြောဆိုလိုက်၏။
အန်ဂျလီနာ၏မျက်လုံးလေးများ တောက်ပနေမည်ကို လင်းချွမ် မမြင်ရသော်လည်း ခန့်မှန်းနိုင်ပါသည်။
စာရေးဆရာတစ်ဦးအနေဖြင့် ပိုက်ဆံရှာရသည်ကို သဘောကျသော်လည်း ထိုသို့ ချီးကျူးခံရခြင်းကြောင့်လည်း ရင်ထဲ နွေးထွေးရပါသည်။
လင်းချွမ် သေချာစဉ်းစားရင်း မြောက်ပိုင်းအဖွဲ့မှ အန်ဂျလီနာမှာ အခြားစာဖတ်သူများနှင့် ကွဲပြားကြောင်း သိလာသည်။
နည်းပညာကို အတင်းသင်လိုခြင်း၊ သူ့ပြစ်မှုမှတ်တမ်းများ စိတ်ဝင်စားခြင်း မရှိဘဲ “ဟက်ကာလောက” ဝတ္ထုကိုသာ ဂရုတစိုက်ဖတ်ရှုပြီး သဘောကျပေးခြင်း ဖြစ်လေ၏။
ထိုကဲ့သို့ အသိအမှတ်ပြုခြင်းကြောင့် လင်းချွမ် စိတ်ထဲ၌ ပျော်ရွှင်ခြင်း၊ ဂုဏ်ယူခြင်းတို့ ပြည့်နှက်နေတော့သည်။
တကယ့် အမာခံပရိသတ်ပဲ။
လင်းချွမ် အန်ဂျလီနာအား ထိုသို့ အမည်တပ်မိလေသည်။
“အန်ဂျလီနာ မနေ့ညက မင်းညွှန်းပေးတာ အရမ်းကြမ်းတာပဲ။ တိုးတက်မှုကလည်း များတယ်”
လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။
“ကြမ်းတာလား။ အဲ့စကားကို သိတယ်။ ဒါပေမဲ့ တိုးတက်မှုများတာက ဘာလဲ”
“ဝတ္ထုအောင်မြင်တာ အရမ်းမြန်တယ်လို့”
“ဪ သိပြီ။ အိုင်ဒေါလ်က အဲ့တာကြောင့် ကျေးဇူးတင်တယ်ပေါ့”
“ဒါပေါ့”
လင်းချွမ် အမှန်ပင် အမာခံပရိသတ်ကြီး အန်ဂျလီနာကို ကျေးဇူးတင်နေပါသည်။
“ရှင့်အနီးအနားရောက်လာရင် လာလည်မှာနော်”
အန်ဂျလီနာ စနောက်သလိုလေး ပြောလိုက်သည်။
“ရတာပေါ့”
“အဲ့တာဆို ပြီးရော။ ကျွန်မအလုပ်တွေပြီးတာနဲ့ ပြေးလာပြီ”
အန်ဂျလီနာ တောက်ပစွာ ပြုံးနေ၏။
“ဒါနဲ့ အန်ဂျလီနာ ကျွန်တော် မေးချင်တာလေး ရှိတယ်”
လင်းချွမ် ခဏစဉ်းစား၍ ပြောလိုက်သည်။
“ပြောလေ အိုင်ဒေါလ်ရဲ့”
“မနေ့ညက ဟက်ကာလောကမှာ အမှတ်တွေ အများကြီး တက်လာတယ်လေ။ လူအရေအတွက်နဲ့ ယှဉ်ကြည့်ရင် လူအယောက် (၁၀၀,၀၀၀) ပေါ့။ အဲ့တာတွေအကုန် မင်း ညွှန်းပေးလို့ ရောက်လာတာလား”
လင်းချွမ် နားမလည်နိုင်စွာ ပြောလိုက်၏။
“ဒီလောက်လေးကို”
“ဒီလောက်လေးလား”
လင်းချွမ် မျက်မှောင်ကြုတ်နေမိ၏။
အန်ဂျလီနာက ဒီလောက်ကို နည်းတယ် ထင်နေသေးတာလား။
“မနေ့ညက ကျွန်မ လူအယောက် (၂၀၀,၀၀၀) ကို ညွှန်းထားတာလေ”
အန်ဂျလီနာ့စကားကြောင့် လင်းချွမ် မှင်တက်သွား၏။
၂၀၀,၀၀၀ လား။
နေပါဦး။
စကားပုံအရ သူငယ်ချင်းများစွာရှိခြင်းသည် ဘဝတွင် လမ်းကြောင်းများစွာရှိခြင်း ဖြစ်၏။
လူကြီးသူမများမှာတော့ မိတ်ဆွေပေါခြင်းကို ကြိုက်ကြသည်။
သို့သော် ယခုလို မိတ်ဆွေသိန်းချီ၍ ရှိနေသည်မှာတော့ အံ့ဩစရာ ကောင်းလွန်း၏။
အားလုံး အန်ဂျလီနာ၏ မိတ်ဆွေများတော့ မဖြစ်တန်ရာပေ။
လင်းချွမ် တွေးနေရင်း ချက်ချင်း မေးလိုက်၏။
“အန်ဂျလီနာ အဲ့လောက် အများကြီးကို ဘယ်လိုလုပ် ညွှန်းပေးလိုက်တာလဲ”
“ဒီလိုအတ္ထုပတ္တိစာအုပ်မျိုးကို ညွှန်းဖို့က သေချာပေါက် ခပ်မိုက်မိုက် နည်းပညာနဲ့ပေါ့”
အန်ဂျလီနာမှ ပြန်ဖြေ၏။
နည်းပညာနဲ့လား။
လင်းချွမ် စိတ်ထဲတွင် ဒုန်းစိုင်းပြေးလွှားသွားသည်။
အန်ဂျလီနာက မြောက်ပိုင်းအဖွဲ့ရဲ့ ဟက်ကာပဲ။ သူပြောတဲ့ ခပ်မိုက်မိုက်နည်းပညာဆိုတာက… ဆိုက်ဘာနည်းပညာလား။
တကယ်ပါပဲ။
ရုတ်တရက် လင်းချွမ် ပိုလန့်လာ၏။
မနေ့ညက အန်ဂျလီနာ သူ့ချန်နယ်များမှ ဝတ္ထုကို ညွှန်းပေးမည်ဟု ပြောခဲ့ပါသည်။
လင်းချွမ် လန့်ဖျပ်၍ အသက်ကို ဝအောင်ရှူကာ အမြန် ထပ်မေးလိုက်သည်။
“ကျွန်တော့်ဘက်ကလူတွေကိုတော့ မညွှန်းရသေးဘူးမလား”
သို့သော် အန်ဂျလီနာမှ ထပ်ပို့လိုက်သော စာများကြောင့် လင်းချွမ် တစ်ကိုယ်လုံး ကြက်သီးများ ထသွား၏။
“ကျွန်မအိုင်ဒေါလ်နဲ့ ပတ်သက်တာကို ဘယ်လိုလုပ် လျစ်လျူရှုထားရမှာလဲ”
“မနက် (၄) နာရီမှာ မိုမြို့ကို တွေ့ဖူးလား”
“ကျွန်မကတော့ (၄) နာရီဆိုထပြီး ပရိုမိုးရှင်းအတွက် လုပ်နေပြီ”
လင်းချွမ်လည်း ဟက်ကာတစ်ဦးအနေဖြင့် တစ်ခုခု ထူးခြားနေသည်အား ခံစားမိ၏။
“အန်ဂျလီနာ ဒါ နည်းပညာတွန်းအားလား”
“နည်းပညာတွန်းအားဆိုတာ”
အန်ဂျလီနာ တရုတ်စကားလုံးကို ကောင်းကောင်း နားမလည်ပေ။
“ကျွန်တော် ပြောချင်တာက ဆိုက်ဘာနည်းလမ်းနဲ့ ပရိုမိုးရှင်း လုပ်တာလားလို့”
“အင်းပေါ့။ အဲ့လိုပြောလို့ ရပါတယ်”
အန်ဂျလီနာမှ ပြန်ဖြေ၏။
လင်းချွမ် စကားပြောနေရင်း မျက်လုံးထဲ အမှောင်ကျသွားသည်။
တစ်ယောက်ယောက်မှ လည်ပင်းလာညှစ်ထားသကဲ့သို့ အသက်ရှူလည်း ကြပ်လာ၏။
အန်ဂျလီနာရဲ့ ဝတ္ထုညွှန်းနည်းက ကြမ်းတာပဲ။
အမာခံပရိသတ်ဆိုတာထက် ထောင်ထဲပို့နေတဲ့ ပရိသတ် ဖြစ်နေပြီ။
အန်ဂျလီနာမှာ အခြားပရိသတ်များနှင့်မတူသည်မှာ အမှန်ပင်။
အခြားသူများမှာ လင်းချွမ် ထောင်ကျတော့မည်လားဟု ပြောဆိုရုံသာဖြစ်ပြီး အန်ဂျလီနာမှာတော့ အရောက်ပို့နေသူ ဖြစ်၏။
အချိန်အတော်ကြာမှ လင်းချွမ် စိတ်ထိန်းကာ
“အန်ဂျလီနာ အခုကစပြီး ကြော်ငြာတာကို ရပ်လိုက်ပါတော့”
“ဘာလို့လဲ အိုင်ဒေါလ်ရဲ့”
လင်းချွမ် စိတ်လှုပ်ရှားလျက်
“ကျွန်တော့်နိုင်ငံမှာ ဘယ်လောက်တောင် ပျံ့သွားပြီးပြီလဲ”
အန်ဂျလီနာ ခဏစဉ်းစား၍
“နိုင်ငံမတူရင် အချိန်တော့ယူရလို့ ဟန်မြစ်နားလောက်ဆိုတော့ လူ (၅) သောင်းလောက်ပေါ့”
ဘာ။
လင်းချွမ် မျက်လုံးပြူးသွားလေသည်။
အဲ့လောက်မြန်လား။
လင်းချွမ် သေချာစဉ်းစား၍
“မင်း ဟက်ကာလောကဝတ္ထုကို အားပေးတာ သိပေမဲ့ ဒီလိုကြော်ငြာတာက မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်”
အန်ဂျလီနာ သူ့စာကိုကြည့်ရင်း မျက်မှောင်ကြုတ်လျက်
“ဘာပြဿနာလဲ”
“စာအုပ်ပိတ်သိမ်းခံရတာ၊ အဖမ်းခံရတာအထိပေါ့”
လင်းချွမ် ဖြစ်နိုင်ခြေများကို ပြောပြ၏။
လင်းချွမ် မြောက်ပိုင်းနယ်ကို နားမလည်သော်လည်း ဒီမှာတော့ အဆင်မပြေပါ။
ချက်ချင်း အဖမ်းခံရနိုင်၏။
ထိုအခြေအနေမျိုးတွင် တတ်ကျွမ်းသူနှင့် ကြို၍ တိုင်ပင်သင့်ပါသည်။
သူ ချက်ချင်း ဂိမ်းအတူဆော့ခဲ့သော ရှချင်းချင်းအား သတိရသွား၏။
ထိုနေ့က ဖုန်းနံပါတ် လဲထားခဲ့၍ တော်ပါသေးသည်။
တူတူ…
လင်းချွမ် ရှချင်းချင်းအား ချက်ချင်း ဖုန်းခေါ်လိုက်တော့သည်။