← Chapters

ဟက်ကာနတ်ဘုရား

Vol. 5 Ch. 71

ဟက်ကာနတ်ဘုရား

Vol. 5 Ch. 71

“မင်္ဂလာပါ ဆရာလင်း”

ဖုန်းတစ်ဖက်မှ ရှချင်းချင်းအသံ ထွက်လာ၏။ 

“ရဲမေရှ ကျွန်တော် အင်တာနက်ဆိုင်ရာဥပဒေ နည်းနည်း သိချင်လို့ပါ။ အဲ့တာလေး ဆွေးနွေးဖို့ အားလား မသိဘူး”

ရှချင်းချင်း ရယ်မောလျက်

“အခုက အလုပ်ရှုပ်နေတဲ့ကြားက ခဏအချိန်လုပြီး နားနေတာဆိုတော့ အားတယ် ဆိုပါတော့”

လင်းချွမ် ခဏစဉ်းစား၍ သက်ပြင်းချကာ

“နိုင်ငံခြားက ဟက်ကာတစ်ယောက် ကျွန်တော်တို့နိုင်ငံကို ကျူးကျော်ပြီး ဝတ္ထုကြော်ငြာရင် တရားဝင်လား”

“ဥပဒေအရတော့ သူများဆာဗာတွေ၊ အင်တာနက်ကွန်ယက်တွေထဲ ကျူးကျော်တာက တရားမဝင်ဘူးလေ။ အထူးသဖြင့် အချက်အလက် ခိုးတာမျိုး ဖြစ်လာနိုင်တယ်။ ဆိုက်ဘာပြစ်မှုကြီးပဲ”

ရှချင်းချင်း ခဏနားပြီးမှ 

“ဒါပေမဲ့ ရှင်ပြောတာက ဝတ္ထုကြော်ငြာတာနော်”

“ဟုတ်ပါတယ်”

လင်းချွမ် ခေါင်းငြိမ့်လျက်

“ကြော်ငြာရုံကတော့ အချက်အလက်ခိုးမှာ မဟုတ်ဘူး။ အဲ့တော့ အမှုဖြစ်ရအောင်လည်း ခက်တယ်”

ရှချင်းချင်း သူ့အမြင်ကို ပြောပြ၏။ 

ထိုသို့သော ကျူးကျော်မှုမှာ ထိခိုက်မှုကြီးကြီး မရှိဘဲ နိုင်ငံခြားသား ဖြစ်ပါက အမှုဆောင်ရွက်ရန် မလွယ်လှပေ။ 

အငှါးတိုက်ခန်းထဲ၌။ 

လင်းချွမ် ထိုစကားကြားသော်လည်း စိတ်မအေးနိုင်သေးပေ။ 

ထို့နောက် ဆက်၍

“အကယ်လို့ အဲ့နိုင်ငံခြားသား ကြော်ငြာတာက လူတွေ အများကြီးဆီ ရောက်ရင်ရော”

ရှချင်းချင်း မျက်မှောင်ကြုတ်လျက်

“ဘယ်လောက်များတာကို ပြောတာလဲ”

“အင်း အယောက် (၅) သောင်းလောက်ပေါ့”

“(၅) သောင်းလား”

ရှချင်းချင်း မျက်လုံးပြူးလျက်

“ဆရာလင်း ဒါ အင်တာနက်ကွန်ယက် နှောင့်ယှက်မှုပဲ။ ကျွန်မ အကြံပေးမယ်။ ရှင် အဲ့တာကို မလုပ်လိုက်နဲ့နော်”

ရှချင်းချင်း ဒီတစ်လော လင်းချွမ်၏ ဝတ္ထုများကို ဖတ်ရင်း အချိန်ကုန်နေခဲ့၏။ 

ဟက်ကာလောကကို အကြိုက်ဆုံး ဖြစ်သော်လည်း ရလဒ်မှာ အရင် (၂) အုပ်ထက် ပိုဆိုးနေလေသည်။ 

ထို့ကြောင့် ဝတ္ထုကြော်ငြာသည့်အကြောင်း ကြားသောအခါ ချက်ချင်း လင်းချွမ်ကိုသာ တွေးမိသွားသည်။ 

“ဟင်”

လင်းချွမ် မှင်တက်နေပြီးမှ အမြန် ပြန်ရှင်းပြလေ၏။ 

“ရဲမေရှ ကျွန်တော် ဥပဒေ မချိုးဖောက်ပါဘူး”

“ဒါဆို စိုးရိမ်စရာမရှိဘူးလေ”

ရှချင်းချင်း ရယ်မော၍ ပြန်ပြောသည်။ 

“တော်သေးတာပေါ့”

လင်းချွမ် ထိုအခါမှ သက်ပြင်းချနိုင်တော့၏။ 

ရှချင်းချင်း ဖုန်းချလိုက်ပြီးနောက် ပြုံးကာ တစ်ယောက်တည်း ရေရွတ်မိလေသည်။ 

“ဝတ္ထုတစ်ပုဒ် ကြော်ငြာဖို့ကို လူအယောက် (၅) သောင်းရဲ့ ကွန်ယက်ထဲအထိ ကျူးကျော်တယ်လား။ ဘယ်လိုဟက်ကာက အဲ့လောက် တော်မှာလဲ။ ကုန်ကျစရိတ်က အမြတ်ထက် ကြီးနေမှာကို”

…

အန်လင်းမြို့၊ ချင်းရှုအပိုင်း။ 

ကျင်းထန်အင်တာနက်လုံခြုံရေး ကုမ္ပဏီ။ 

နည်းပညာဆိုင်ရာ အကြီးအကဲတစ်ဦး၏ ရုံးခန်းထဲတွင် အဆင့်တစ်ဟက်ကာဟု နာမည်ကြီးသော ဖန်ချန်းတစ်ယောက် စားပွဲပေါ် တံတောင်ထောက်လျက် နဖူးကြောများ ဖိထားလျက် ရှိ၏။ 

သူ့ဆံပင်များမှာ မြင့်နေအောင် ထောင်ထားပြီး သူ့ နည်းပညာအရည်အချင်းအား ဖော်ပြသလို ထင်ရသော်လည်း လက်ရှိအခြေအနေများကို မဖြေရှင်းနိုင်ဘဲ ရှိနေသည်။ 

လတ်တလောတွင် ဟန်မြစ်အပိုင်းမှ နည်းပညာများလည်း ပျက်စီးလျက် ရှိ၍။ 

ဟက်ကာအသိုင်းအဝိုင်းကြား၌ ထိုသို့ နိုင်ငံခြားအဖွဲ့ တိုက်ခိုက်မှုမှာ ပျံ့နှံ့ပြီးလေပြီ။ 

ကျင်းထန်ကုမ္ပဏီမှာ အစတည်းက အန်လင်းရဲစခန်းနှင့် ပူးပေါင်း၍ နိုင်ငံခြားတိုက်ခိုက်မှုများအတွက် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထား၏။ 

နည်းပညာဆိုင်ရာ အကြီးအကဲ ဖန်ချန်းမှာ အရေးပါသောကဏ္ဍမှ ပါဝင်နေသော်လည်း ယခုအခြေအနေကိုတော့ မခုခံနိုင် ဖြစ်နေသည်။ 

ဒေါက် ဒေါက် ဒေါက်!

“ဒါရိုက်တာဖန် ဒါက ဒီလအတွင်း နည်းပညာ ထောက်ပံ့မှုရပ်သွားတဲ့ ကုမ္ပဏီစာရင်းပါ။ ကြည့်ကြည့်ပါဦး”

ဝန်ထမ်းလေးတစ်ဦး တံခါးခေါက်၍ ဝင်လာပြီးနောက် ပြောလိုက်သည်။ 

ဖန်ချန်း ခေါင်းလေးမော့၍ ဖိုင်များ လှမ်းယူလိုက်၏။ 

‘ကန္တာရအင်တာနက်ဆိုင်’

‘အရှိန်မြှင့် အင်တာနက်ဆိုင်’

‘ကြယ်ရောင်ခြယ် အင်တာနက်ဆိုင်’

‘အဖြူရောင်ည အင်တာနက်ဆိုင်’

‘အိပ်မက် အင်တာနက်ဆိုင်’

“ရပြီ”

ဖန်ချန်း ဖိုင်များကို ပြန်တွန်းပေးလိုက်ပြီး

“ကြေးနီနံရံကုမ္ပဏီက အထောက်အပံ့ရထားလို့ ငါတို့နဲ့ ဖျက်လိုက်တာလား”

ဝန်ထမ်းလေး ခေါင်းယမ်းလိုက်ပြီး

“ကျွန်တော်တို့ စစ်ဆေးမှုအရတော့ ကြေးနီနံရံကုမ္ပဏီကြောင့် မဟုတ်ပါဘူး”

“ဟင်”

ဖန်ချန်း မှင်တက်စွာ လှမ်းကြည့်၍

“ဒါဆို ဘယ်သူတွေနဲ့ တွဲလုပ်နေတာလဲ”

လက်ရှိတွင် ဟန်မြစ်အပိုင်းမှ အင်တာနက်ဆိုင်များမှာ နိုင်ငံခြားဟက်ကာ တိုက်ခိုက်မှုများကြောင့် အထိနာနေချိန် ဖြစ်သည်။ 

ထို့ကြောင့် ဖန်ချန်အတွက် အံ့ဩစရာ ဖြစ်လေ၏။ 

ဝန်ထမ်းလေးမှ ခဏစဉ်းစား၍

“ကျွန်တော် ကြားရသလောက်တော့ အဲ့ဆိုင်တွေက အပြင်က ကိုယ်ပိုင်စတူဒီယိုတစ်ခုနဲ့ ချိတ်ထားတာတဲ့”

“ကိုယ်ပိုင်စတူဒီယိုလား။ အကုန် အတူတူပဲလား”

ဖန်ချန်း ပြန်မေးလိုက်မိသည်။ 

“ဟုတ်တယ်။ တစ်ခုတည်း။ စတူဒီယို ၇၂၀ တဲ့။ ဖွင့်ထားတာလည်း မကြာသေးဘူး”

“စတူဒီယို ၇၂၀… နားလည်ပြီ။ အလုပ် ပြန်သွားလုပ်တော့”

ဝန်ထမ်းလေး ထွက်သွားပြီးနောက် ဖန်ချန်း ရယ်မောလိုက်မိသည်။ 

ယခုလိုအခြေအနေတွင် ကျင်းထန်ကို စွန့်ပစ်ကာ အသစ်ဖွင့်ထားသည့် စတူဒီယိုနှင့် လက်တွဲခြင်းသည် ထူးဆန်းလှ၏။  

ပြောရလျှင် စတူဒီယိုအသေးလေးမှာ နည်းပညာ မမြင့်သလို လုံခြုံရေးစနစ်လည်း ပြည့်စုံမည် မဟုတ်ပါ။ အရေးပေါ်အခြေအနေ၌ နှောင့်နှေးနိုင်၏။ 

ရုတ်တရက် တိုက်ခိုက်မှုကြုံရလျှင် တစ်ဆိုင်လုံး ပျက်စီးသွားပေမည်။ 

ကဲပါလေ ထားပါတော့။ 

ဆိုရိုးကတော့ တကယ်မှန်တယ်။ 

“တစ်ယောက်ချင်းစီရဲ့ ကံကြမ္မာကို ကူညီပေးလို့ မရဘူးတဲ့”

ကျင်းထန်အတွက်တော့ ထိုသို့ လမ်းခွဲရခြင်းမှာ အသေးအဖွဲကိစ္စသာ ဖြစ်ပါသည်။ 

လက်ရှိတွင် သူတို့၏ အဓိကလုပ်ငန်းမှာ ရဲစခန်းနှင့် ပူးပေါင်းထားခြင်း ဖြစ်၏။ 

ဖန်ချန်းစိုးရိမ်နေသည်မှာလည်း ထိုအရာပင် ဖြစ်သည်။ 

နိုင်ငံခြားဟက်ကာ တိုက်ခိုက်မှုများမှာ အလွန် ပြင်းထန်ပြီး မည်သို့ ခုခံရမည်နည်း။ 

ဖန်ချန်း ကွန်ပျူတာရှေ့တွင် စိတ်ပျက်လက်ပျက် ထိုင်နေသည်။ 

ထိုစဉ် ရုတ်တရက်။ 

သူ့ကွန်ပျူတာ မျက်နှာပြင်၌ ‘ဟက်ကာလော’ ဟူသော စကားလုံးများ ပေါ်လာ၏။ 

ဖန်ချန်း မျက်မှောင်ကြုတ်၍ ကြည့်နေမိသည်။ 

ကျင်းထန်၏ အကြီးအကဲအနေဖြင့် သူ့ကွန်ပျူတာမှာ လုံခြုံရေးအမြင့်ဆုံး ထားရှိထားပါသည်။ 

သို့သော် ယခုလိုစာလုံးမျိုး ရုတ်တရက် ပေါ်လာ၏။ 

“နိုင်ငံခြားတိုက်ခိုက်မှုလား”

ဖန်ချန်း ရေရွတ်လိုက်မိသည်။ 

ထို့နောက် ထိုစကားလုံး၏ အရင်းအမြစ်ကိုရှာရန် ချက်ချင်း လှုပ်ရှားလေသည်။ 

သို့သော် အရင်းအမြစ်ကို လုံးဝ အစရှာမရ ဖြစ်နေ၏။ 

ထို့အပြင် စကားလုံးအား ဖျက်ပစ်၍လည်း မရပေ။ 

မနက်ခင်းခပ်စောစောတွင် အဲကွန်းအပူချိန် ၂၅ ဒီဂရီ ဆဲဆီးရပ်စ် ထားထားသော်လည်း ဖန်ချန်း နဖူးမှ ချွေးသီးချွေးပေါက်များ ကျနေသည်။ 

အဘယ်ကြောင့်ဆိုသော် ဟက်ကာလောက စကားလုံးမှာ သူ့အလိုလို ရွေ့လျားလာပြီး သူ လုံးဝ မထိန်းချုပ်နိုင်တော့၍ ဖြစ်၏။ 

ထို့နောက် စာတန်းအချို့ ထပ်ပေါ်လာလေသည်။ 

[ဂုဏ်ယူပါတယ်။ သင်က ဟက်ကာလောကဝတ္ထု ဖတ်ရှုသူအဖြစ် ရွေးချယ်ခံရပါတယ်။]

[ဒီအတ္ထုပတ္တိကို ဖွင့်ကြည့်လိုက်ပါ။]

[ဟက်ကာတွေရဲ့သမိုင်း မှတ်တမ်းကို တွေ့ရပါလိမ့်မယ်။]

[(၃) စက္ကန့်အတွင်း ဟက်ကာလောကဝတ္ထု အလိုအလျောက် ပေါ်လာမည်။]

All Chapters