နောက်ထပ် အလုပ်အတွေ့အကြုံ
Vol. 5 Ch. 74
ပြတင်းအပြင်ဘက်မှ ည၏ဆူညံသံမှာ တရိပ်ရိပ် ထွက်ပေါ်နေဆဲပင်။
နွေရာသီ၏ အင်းဆက်ကောင်လေးများ စတင် ထွက်ပေါ်နေပြီး ညနေခင်းလေပြေသည် အခန်းအတွင်း၌ အေးမြမှုကို ပေးစွမ်းနေ၏။
ရုံးခန်းထဲ၌။
ရှချင်းချင်း မတ်တပ်ရပ်လျက် တိတ်ဆိတ်နေသည်။
သူ အဖွဲ့မှူးယွီ၏မေးခွန်းကို ဖြေပြီးနောက်အချိန် ဖြစ်၏။
ဝတ္ထုကြော်ငြာရန် ပရိုဂရမ်ရေးဆွဲ၍ အကာအကွယ်များကို ထိုးဖောက်ခဲ့သည်။
ထိုဝတ္ထုမှာလည်း နိုင်ငံခြားဝတ္ထုမဟုတ်ဘဲ လင်းချွမ်၏ စာအုပ်ဖြစ်နေ၏။ ပြောရလျှင် သူ့အကျိုးအမြတ် မရှိဘဲ လင်းချွမ်၏စာအုပ်ကို ကြော်ငြာရန်အတွက်သာ ကြိုးစားခဲ့ခြင်း ဖြစ်သည်။
“ဝတ္ထုနာမည်က ဘာတဲ့လဲ”
ယွီရှန် ထပ်မေးလိုက်၏။
“ဟက်ကာလောကပါ”
ရှချင်းချင်း အမှန်အတိုင်း ပြောပြလိုက်သည်။
“နိုင်ငံခြားစာအုပ်လား”
ယွီရှန် ထင်ထားသည်မှာ စာရေးဆရာသည် သူ့ဝတ္ထုအတွက် ကိုယ်တိုင် ထိုသို့ပြုလုပ်ခဲ့သည်ဟု ဖြစ်၏။
သူ့အရည်အချင်းကို ထုတ်ဖော်ပြသရန်လည်း အကောင်းဆုံး အခြေအနေ ဖြစ်လေသည်။
ဆိုက်ဘာလုံခြုံရေးအဖွဲ့ခေါင်းဆောင် အနေဖြင့် ထိုကဲ့သို့ နည်းပညာတိုက်ခိုက်မှုများစွာကို ကြုံခဲ့ဖူးပါသည်။ အချို့စာရေးဆရာများမှာ ဝက်ဘ်ဆိုဒ်ထဲ ထိုးဖောက်၍ လုပ်ကြံကြသည်လည်း ရှိ၏။
လက်တွေ့မှာ ဝတ္ထုများထက် ပို၍ရှုပ်ထွေးလေသည်။
ရှချင်းချင်း ခေါင်းလေးယမ်းပြ၍
“ကျွန်မ အဲ့ဝတ္ထုကို ဖတ်ပြီးပါပြီ။ ဟက်ကာလောကဆိုတာ နိုင်ငံခြားဝတ္ထု မဟုတ်ပါဘူး။ စာရေးဆရာက အန်လင်းကပါပဲ”
“အန်လင်းကလူလား”
ယွီရှန် မှင်တက်သွား၏။
“ဟုတ်ကဲ့”
ရှချင်းချင်း နေရခက်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
ယွီရှန် မျက်မှောင်ကြုတ်လျက် စားပွဲပေါ်မှ ရေနွေးကြမ်းခွက်ကို လှမ်းယူကာ တစ်ကျိုက် သောက်လိုက်ပြီး
“ချင်းချင်း မင်းရော ဘယ်လိုထင်လဲ”
ရှချင်းချင်း ခဏစဉ်းစား၍
“အဖွဲ့မှူး အဲ့စာရေးဆရာက သူ့ကိုယ်သူ နိုင်ငံခြား ဟက်ကာလို့ ထင်အောင်လုပ်နေတာလို့ ထင်လား”
ယွီရှန် ရေနွေးထပ်သောက်ရင်း ခေါင်းငြိမ့်မိသည်။
ယခုအခြေအနေမှာ လုံခြုံရေးကို ထိခိုက်သော ပြစ်မှုကြီးဖြစ်ပြီး လင်းချွမ်သာဆိုလျှင်လည်း ပြစ်ဒဏ် ခံရပေမည်။
ရှချင်းချင်း မျက်မှောင်လေးကြုတ်လျက် ခဏ စဉ်းစားနေပြီးနောက်
“သူက အဲ့လိုကြီး လုံခြုံရေးချိုးဖောက်စရာတော့ မလိုဘူး ထင်ပါတယ်”
“ဘာလို့လဲ ပြောပါဦး”
ယွီရှန် ပြန်မေးလိုက်သည်။
ရှချင်းချင်းမှ ဆက်၍
“ကျွန်မ သူနဲ့သိတယ်။ ဟက်ကာလောက ဝတ္ထုက အစအဆုံး ထွက်ထားပြီးသားပဲ။ နောက်ပြီး သူ့မှာ အင်တာနက်ဆိုင်တွေနဲ့ချိတ်ပြီး လုံခြုံရေး တည်ဆောက်ပေးတဲ့ စတူဒီယိုလည်း ရှိတယ်။ သူ့အရည်အချင်းကို သက်သက်ကြီး ထပ်ထုတ်ပြစရာတော့ မရှိဘူးထင်တာပဲ။ နောက်တစ်ချက်က အကြမ်းဖက်မှုခင်းအဖွဲ့မှာ ကျွန်မ သူငယ်ချင်းရှိတယ်။ လင်းချွမ်က သူတို့အဖွဲ့နဲ့ ပေါင်းပြီးတော့တောင် ခက်ခဲနေတဲ့အမှုတွေကို ဝိုင်းရှင်းပေးဖူးတယ်တဲ့။ နောက်ထပ် ရှိသေးတယ်။ ဒီည ကျွန်မ ဒီလောက် မြန်မြန် စစ်ဆေးနိုင်တာက အဲ့စာရေးဆရာ ကူညီပေးလို့ပါ။ အဲ့တာကြောင့် သူကတော့ ပြစ်မှုကျူးလွန်မယ်လို့ မထင်ပါဘူး”
ရှချင်းချင်း သူ့အမြင်ကို ပြောပြလိုက်၏။
သို့သော် ထင်မြင်ချက်ဖြင့် မလုံလောက်သေးပေ။
ယွီရှန် ခဏငြိမ်နေပြီးမှ လက်ဖက်ရည်ခွက်ကိုချ၍
“မင်းပြောတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ သူ့အကြောင်း ပါနေတည်းက သူ့နောက်ကြောင်း အချက်အလက်တွေလည်း စစ်ဆေးရမယ်။ ပတ်သက်နေလားလို့”
ရှချင်းချင်းမှ
“ကျွန်မ ဆက်ပြီး စစ်ဆေးလိုက်ပါ့မယ်”
“ချင်းချင်း ခဏလေး။ ဒါတွေ မင်းတစ်ယောက်တည်း လုပ်ဖို့က များလွန်းတယ်လေ။ ဖုန်ကျမ်းကို ကူပေးဖို့ ပြောလိုက်မယ်။ သူက ဒီလိုအဆင့်မြင့် နည်းပညာတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိတယ်။ စစ်ဆေးမှုမှာ အထောက်အကူ ဖြစ်မှာပါ”
“ဟုတ်ကဲ့ပါ”
မည်သို့ပင်ဖြစ်စေ မနက်က လင်းချွမ်ပြောခဲ့သည့် အကြောင်းကိုတော့ စိတ်ထဲထင့်နေ၏။
သူပြောခဲ့သည့်အကြောင်းများမှာ ယခု ဖြစ်ပျက်နေသည်နှင့် တစ်ထပ်တည်းပင်။
ရှချင်းချင်း သက်ပြင်းချ၍ ဆက်စစ်ဆေးရန် ပြင်လိုက်၏။
တီ တီ တီ…
ရှချင်းချင်း ထွက်သွားပြီးနောက် ယွီရှန် ရုံးခန်းဖုန်းမှ အသံမြည်လာသည်။
ယွီရှန် ဆက်သွယ်သူ၏ ID ကိုကြည့်ပြီးမှ ကိုင်လိုက်၏။
ဒါရိုက်တာ ကျန်းပြောင်ထံမှ ဖြစ်သည်။
“အဖွဲ့မှူးယွီရှန် အရေးပေါ် သတိပေးချက်။
ရုံးချုပ်က အရေးပေါ် ဆက်သွယ်လာတယ်။ နယ်အားလုံးမှာ နိုင်ငံခြားတိုက်ခိုက်မှုကို ကာကွယ်ဖို့ အရေးပေါ် လုံခြုံရေးစနစ် ချထားပါတဲ့။ အမှားအယွင်း မဖြစ်စေနဲ့နော်”
“ဟုတ်ကဲ့ပါ”
ယွီရှန်စိတ်ထဲ မွန်းကြပ်နေ၏။
ပုံမှန်အချိန်ဆိုလျှင် ညွှန်ကြားမှုမှာ စာဖြင့်သာ ထုတ်ပေးလေ့ ရှိပါသည်။
ယခုတော့ ဒါရိုက်တာကိုယ်တိုင် ဖုန်းဆက်နေရ၍ မည်မျှ အရေးကြီးနေသနည်း။
“မင်းတို့ ဆိုက်ဘာခုခံရေးအခြေအနေကရော ဘယ်လိုလဲ”
ကျန်းပြောင်မှ မေးလိုက်၏။
“ဟုတ်ကဲ့ ဒါရိုက်တာ။ အခုတော့ ကျင်းထန်ကုမ္ပဏီကနေ လုံခြုံရေးအတွက် အဆင့် ထပ်မြှင့်နေပါတယ်။ မနက်ဖြန်လောက် ပြီးမယ်တဲ့။ ကျွန်တော်တို့အဖွဲ့ဘက်ကလည်း အမှားမရှိအောင် ကြိုးစားနေပါတယ်”
ယွီရှန် ပြန်ဖြေ၏။
“ကောင်းသားပဲ”
ကျန်းပြောင် ထိုအခါမှ လေသံအေးသွားသည်။
ယွီရှန် ခဏစဉ်းစား၍ အားတင်းကာ ထပ်မေးလိုက်၏။
“နောက်ရက်တွေမှာ လူတွေထပ်တိုးလာနိုင်လားဟင်”
ကျန်းပြောင်မှ
“အင်း ငါတို့အဖွဲ့ဘက်ကလည်း နိုင်ငံခြားဟက်ကာတွေ လိုက်ဖမ်းပြီး စစ်ဆေးနေလို့ ရက်ပိုင်းတော့ ကြာဦးမှာပေါ့”
ယွီရှန် ပို၍ လန့်ဖျပ်သွား၏။
အခြေအနေမှာ ပြင်းထန်နေသောကြောင့် သူ စိတ်ကို ပြင်ဆင်ကာ အစီအစဉ်များ ရေးဆွဲရန် ပြင်လိုက်သည်။
ဆိုက်ဘာရဲအဖွဲ့၏အလုပ်မှာ အင်တာနက်တွင် အခြေအနေ လိုက်ကြည့်နေရုံတင် မကပါ။
…
ညမှာ တဖြည်းဖြည်း မှောင်မိုက်လာ၏။
လမင်းကြီးမှာ အေးချမ်းစွာ တောက်ပနေပြီး အန်လင်း တစ်မြို့လုံးအား လွှမ်းခြုံထားသည်။
လင်းချွမ်တစ်ယောက် ပြတင်းပေါက်မှ လှမ်းကြည့်ရင်း ငေးနေသည်။
ထိုတစ်နေ့တာအတွင်း ဝတ္ထု၏ အောင်မြင်မှုလည်း တိုးတက်လာခဲ့သည်။
စနစ်မှ အချက်အလက်များမှာ
[စာအုပ် : ဟက်ကာလောက]
[လက်ရှိအခြေအနေ : ထုတ်ဝေပြီး]
[အောင်မြင်မှုစံနှုန်း : ၇၈၇၈/၆၀၀၀
ပြည်တွင်း : ၂၃၇၀
ပြည်ပ : ၅၅၀၈{
အန်ဂျလီနာ၏ ကျေးဇူးဖြင့် ချက်ချင်း တိုးတက်မှုများ ဖြစ်လာသည်။
ဆက်လက်၍လည်း များပြားလာဆဲ ဖြစ်၏။
ထိုအတိုင်းသာဆိုလျှင် မကြာမီ (၁) သောင်းအထိ ရောက်ရှိသွားနိုင်၏။
လင်းချွမ် ပြတင်းမှ လမင်းကြီးကို မော်ကြည့်၍ ပြုံးရွှင်နေမိသည်။
ကံကောင်းစွာဖြင့် ဟက်ကာလောကမှာ နိုင်ငံတကာအထိ အောင်မြင်သွားလေပြီ။
အောင်မြင်မှုစံနှုန်းအမှတ်လည်း ကျော်သွား၍ နောက်ထကပ် အလုပ်အတွေ့အကြုံအသစ် ကြုံရပေတော့မည်။