← Chapters

ဒါအရောင်းဝန််ထမ်းလား

Vol. 5 Ch. 75

ဒါအရောင်းဝန််ထမ်းလား

Vol. 5 Ch. 75

ညမှာ တဖြည်းဖြည်း ပို၍မှောင်မိုက်လာပြီး အရာအားလုံး တိတ်ဆိတ်နေ၏။ 

လင်းချွမ်၏စိတ်ထဲတွင်တော့ ရင်းနှီးနေသော လျှပ်စစ်အသံတစ်ခု ပေါ်ထွက်လာလေသည်။ 

သူ့အတွက်တော့ နားဝင်ချိုကာ သာယာနေ၏။ 

[အမြဲကြိုးစားပြီး ဆောင်ရွက်ခဲ့တဲ့ ပိုင်ရှင်အတွက် ဂုဏ်ယူပါတယ်။]

[ကျွမ်းကျင်ဟက်ကာ အတွေ့အကြုံမှ ‘ဟက်ကာလောက’ ဝတ္ထုကို ရေးသားနိုင်ခဲ့ပြီး အောင်မြင်မှုစံနှုန်း (၇၈၇၈) ရရှိပါသည်။ နောက်ထပ် အလုပ်အတွေ့အကြုံ စတင်နိုင်ပါပြီ။]

[အခုချက်ချင်း စတင်မည်လား]

“စမယ်”

လင်းချွမ် အံကြိတ်လျက် မဆိုင်းမတွ ဖြေလိုက်သည်။ 

ပြတင်းတံခါးမှ တိုးဝင်လာသော လေညင်းများမှာ သူ့ကို အားပေးချီးမြှောက်နေသလို ခံစားရ၏။ 

ဟက်ကာဘဝမှ အတွေ့အကြုံကြောင့် အဆင့်မြင့် ဟက်ကာ အရည်အချင်းရရှိကာ စတူဒီယိုတစ်ခု ထောင်နိုင်ခဲ့ပြီးလေပြီ။ ထို့နောက် အင်တာနက်ဆိုင်အချို့နှင့် ပူးပေါင်းကာ အရှိန်လေးတစ်ခု ရနေပြီဖြစ်၏။ 

ထို့အပြင်။ ဧပြီလ (၁၀) ရက်နေ့က။ 

ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်မှ လင်းချွမ်၏ စာမူခများကို ရှင်းပေးခဲ့သည်။ 

‘လူလိမ်’ နှင့် ‘ကျွမ်းကျင်လှသောလုပ်ကြံသူ’ တို့မှာ အလွန် အောင်မြင်ခဲ့သောကြောင့် သူရဲကောင်းပြိုင်ပွဲမှ ဆုလာဘ် ယွမ် (၅) သောင်းလည်း ရရှိခဲ့သေးသည်။ 

မတ်လအတွက် စာမူခအားလုံးမှာ ယွမ် (၄၅၀,၇၃၀.၂၈) ဖြစ်ပြီး အခွန်အခ နုတ်လိုက်လျှင် (၄၀၀,၂၄၈.၄၉) ရရှိပါသည်။ 

လင်းချွမ်တစ်ယောက် ညတွင်းချင်း ချမ်းသားလာခြင်း ဖြစ်သည်။ 

သို့သော် စတူဒီယို၌လည်း အလုပ်ရှုပ်နေသောကြောင့် ပိုက်ဆံဖြုန်းရန်ပင် အချိန်မရပေ။ 

အရင်အတိုင်း အငှါးတိုက်ခန်းငယ်၌ ကျဉ်းကြပ်စွာ နေနေဆဲ ဖြစ်သည်။ 

သို့သော် ထိုသို့အဆင်ပြေလာခြင်းမှာ စနစ်၏ ကျေးဇူးများပါဝင်သည်ဟု နားလည်ပါသည်။ 

လင်းချွမ်ကိုယ်တိုင်လည်း များစွာ ကြိုးစားခဲ့လေ၏။ 

မည်သို့ပင်ဖြစ်စေ စနစ်မှပေးသော အလုပ်အကိုင်များမှာ ထောင်ကျနိုင်သော အခြေအနေ ရှိပြီး အနည်းငယ်မှားသွားသည်နှင့် ယခုလို အေးဆေး ထိုင်နေနိုင်မည် မဟုတ်ချေ။ 

ယခုနောက်ပိုင်း ထောင်ထဲတွင်လည်း အသက်မွေးဝမ်းကျောင်း ပညာအချို့တော့ သင်ရပါသည်။ 

လင်းချွမ် ဆက်မတွေးတော့ဘဲ စနစ်အား ဖြစ်ချင်သည်ကို တိုက်ရိုက်မေးလိုက်၏။ 

“စနစ်ရေ ငါ့ကို ပုံမှန်အလုပ်မျိုး စီစဉ်ပေးလို့ မရဘူးလား”

“ဒီလို စိတ်လှုပ်ရှားထိတ်လန့်နေရတဲ့ ဘဝမျိုး မလိုချင်တော့ဘူး”

စနစ်မှ ပြန်ဖြေလေသည်။ 

[ကျွန်တော်တို့ပေးတဲ့ အလုပ်တွေက တမင် စီစဉ်ထားတာ မဟုတ်ပါဘူး။ အလုပ်ကောင်းရဖို့ ဆုတောင်းပါ]

လင်းချွမ် မျက်နှာပျက်လျက်

“တော်လိုက်တော့”

ထားပါတော့လေ။ 

သူပြောသလို တမင်မဟုတ်ဘူးဆိုရင် ဒီလောက် ထောင်ထဲဝင်ရခါနီး အလုပ်တွေ ဆက်တိုက်လုပ်ပြီးရင် မတူတာလေးတော့ ခံစားရဦးမှာပေါ့။ 

စနစ်မှဆက်၍

[အတွေ့အကြုံတိုင်းက အမှတ်တရကောင်းတွေပါ။]

[သင့်အမှတ်တရကို ဝတ္ထုအဖြစ် ပြောင်းလဲပေးပါမယ်။]

[ယခုရရှိမည့် အလုပ်အတွေ့အကြုံမှာ… အရောင်းဝန်ထမ်း]

“…”

လင်းချွမ် ရုတ်တရက် မှင်တက်နေပြီးမှ အလွန် ပျော်ရွှင်သွားသည်။ 

ရေးဟေး!

စနစ်ရယ် မင်းကိုငါ ယုံသားပဲ။ 

တကယ် တမင်လုပ်နေတာ မဟုတ်ဘူးပဲ။ 

ဒါဆို အခု အရောင်းဝန််ထမ်းပေါ့။ 

အရင်လို အလုပ်ကနေ အရည်အချင်းရမယ်ဆိုရင် စီးပွါးရေးအတွေ့အကြုံ သေချာယူပြီး ကိုယ်ပိုင်စီးပွါးရေးနယ်ပယ် တည်ဆောက်ရမယ်။ 

လင်းချွမ် တွေးနေရင်းပင် စိတ်လှုပ်ရှားလာပြီး ကြက်သီးများ ထလာ၏။ 

ဒီတစ်ခါ ဝတ္ထုကတော့ အန္တရာယ်မရှိဘဲ လူကြိုက်များမယ့် စာအုပ်ဖြစ်လာတော့မှာပဲ။ 

ကောင်းလိုက်တာ။ 

[အရောင်းဝန်ထမ်းအလုပ်အကိုင် ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ အရောင်းဝန်ထမ်း အရည်အချင်း ဖြစ်သော စီးပွါးရေးညှိနှိုင်းမှုစွမ်းရည် ရရှိပါမည်။]

[ပုံရိပ်ယောင်နည်းပညာကို အသုံးပြု၍ ကမ္ဘာအသစ် ဖန်တီးပေးပါမည်။]

[အသင့်ပြင်ထားပါ။]

လင်းချွမ် ပြုံးရွှင်၍ ခေါင်းငြိမ့်လိုက်မိသည်။ 

ဒီပညာက မဆိုးပါဘူး။ ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့အခါ နောက်ပိုင်း လိုလာမှာပဲ။ 

လင်းချွမ် တွေးနေရင်း မကြာမီ ပုံရိပ်ယောင်လောကထဲသို့ ဝင်ရောက်သွားတော့၏။ 

လင်းချွမ်မှာ MPV Van ကား၏ အလယ်နားတွင် ထိုင်နေပြီး ဘေးမှ ဗလတောင့်တောင့် တက်တူးများနှင့် လူနှစ်ယောက်ကြား ညပ်နေသည်။ 

လူကောင်းများပုံတော့ မပေါက်ပါ။ 

ရင်ထဲတွင်တော့ လေးလံသွား၏။ 

ဒါကို ညှိနှိုင်းရမှာများလား။ 

လင်းချွမ် ကားပြတင်းပေါက်မှ လှမ်းကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်း၌ ငှက်ပျောပင်များကို တွေ့ရလေ၏။ 

လမ်းမှာ မြို့စွန်ရွာဖျားနှင့်တူပြီး ကြမ်းတမ်းသောကြောင့် အထဲတွင် ယမ်းခါကာ ဗလနှင့်လူများကို ပို၍ သွားထိစေသည်။ 

ထိုသို့ ကျောက်ခင်းလမ်းမှာ ကံကောင်းစွာဖြင့် ခရီးမရှည်ပေ။ မိနစ်အနည်းငယ် ကြာပြီးနောက် ကားလေး ထိုးရပ်သွား၏။ 

စက်ရုံပျက်ကြီးတစ်ခုရှေ့တွင် ဖြစ်သည်။ 

စက်ရုံနံရံများမှာ အက်ကွဲလျက် ကြမ်းတမ်းခြောက်သွေ့နေသည်။ 

စက်ရုံအပြင်ဘက်တွင်မူ ဖုန်တက်နေသော ပုံးများနှင့် လူတစ်ရပ်စာနီးပါးရှိသော မြက်ရိုင်းများကို တွေ့ရသည်။ 

နေရောင်ခြည်ရှိလျှင်ပင် ထိုနေရာမှာ ခြောက်ခြားစရာ ကောင်းလှ၏။ 

လင်းချွမ် မျက်မှောင်ကြုတ်နေမိသည်။ 

စက်ရုံအပြင်ဘက်ရှိ အစောင့် (၆) ယောက်ကို တွေ့လိုက်သောကြောင့် ဖြစ်၏။ 

ထိုလူများမှာ အပွင့်ရိုက်ရှပ်အင်္ကျီများ ဝတ်ဆင်ထားပြီး နေလောင်သောကြောင့် မည်းနက်နေသည့် အသားအရည်ရှိလေသည်။ လက်ထဲတွင်လည်း သေနတ်များကိုယ်စီ ကိုင်ထားသေး၏။ 

လင်းချွမ် လုပ်ကြံသူ ဖြစ်ခဲ့ဖူး၍ သေနတ်အကြောင်း ကောင်းကောင်း နားလည်ပါသည်။ 

AK47။ 

“တကယ်ပါပဲ”

လင်းချွမ် လန့်ဖျပ်၍ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ 

စနစ်ရေ ဘယ်လိုအရောင်းဝန်ထမ်းက AK47 နဲ့ ညှိနှိုင်းရမှာလဲ။ 

ထိုစဉ် လူတစ်အုပ် စက်ရုံထဲမှ ထွက်လာကြသည်။ 

ဦးဆောင်လာသူမှာ အနီတောက်တောက် ဂါဝန်နှင့် နေကာမျက်မှန်တို့ ဝတ်ဆင်ကာ စီးကရက်ကို လက်လှလှတွင် ခပ်ဖွဖွ ကိုင်ထားသော အမျိုးသမီးငယ်လေးတစ်ဦး ဖြစ်၏။ 

သူ့ဘေးတွင်တော့ ဗလတောင့်တောင့် အမျိုးသားနှစ်ဦးက သွေးအလိမ်းလိမ်းနှင့် လူငယ်လေးကိုခေါ်ကာ ပါလာသည်။ 

ဖြောင်း! 

လင်းချွမ်ရှေ့၌ ထိုလူငယ်လေးကို ရိုက်ချလိုက်သည်။ 

လူငယ်လေးမှာ အသက်လုရှူရင်း တောင်းပန်နေ၏။ 

“ထပ်မရိုက်ပါနဲ့တော့နော်။ ကျွန်တော့်ကို အိမ်ပြန်ခွင့် ပေးပါ။ ဘာပဲခိုင်းခိုင်း လုပ်ပါ့မယ်”

အမျိုးသမီးလေးမှာ နေကာမျက်မှန်ကို ပင့်တင်ရင်း လူငယ်လေး ရင်ဘက်အား ဒေါက်ဖိနပ်ဖြင့် နင်းလျက်

“အသုံးမကျတဲ့ အမှိုက်ကောင် ထွက်ပြေးဖို့ စဉ်းစားနိုင်သေးတယ်နော်”

“ကျေးဇူးပြုပြီး လွှတ်ပေးပါနော်”

သူ အဆက်မပြတ် တောင်းပန်နေ၏။ 

“လုပ်ဆောင်ရည်ကဖြင့် (၅) မီလီယံတောင် မရလာဘဲ အိမ်ပြန်ချင်သေးတယ်လား။ ရိုက်ကြစမ်း”

အမျိုးသမီးမှ ပြောလိုက်သောအခါ ဗလတောင့်တောင့်လူနှစ်ဦး သံတုတ်များ ထုတ်၍ အားရပါးရ ရိုက်နှက်တော့သည်။ 

ထိုစဉ် အမျိုးသမီးမှာ သူ၏ ဆံနွယ်အကောက်လေးများကို သပ်ရင်း လင်းချွမ်ထံ လျှောက်လာ၏။ 

“လူချောလေး ကျွန်မတို့ရဲ့ ကေကေစက်ရုံနယ်မြေကနေ ကြိုဆိုလိုက်ပါတယ်”

ကေကေလား။ 

လင်းချွမ် မျက်မှောင်ကြုတ်ကာ စနစ်အား အဆက်မပြတ် ကျိန်ဆဲနေတော့သည်။ 

ဒါကို အရောင်းဝန်ထမ်း အတွေ့အကြုံလို့ ပြောနေတာလား။ 

All Chapters