← Chapters

အစကောင်း

Vol. 5 Ch. 62

အစကောင်း

Vol. 5 Ch. 62

သူဌေးကျန်း၏ အင်တာနက်ဆိုင်။ 

ရုံးခန်းငယ်လေးထဲ၌။ 

ကျန်းရန် သူ့ရှေ့တွင်ထိုင်နေသော လူငယ်လေးကိုကြည့်နေသည်။ လူငယ်လေးမှာ ဆံပင်နက်ကို ခပ်တိုတိုညှပ်ထားပြီး တီရှပ်အဖြူ၊ ဂျင်းဘောင်းဘီတို့ကို ဝတ်ဆင်ထားကာ ဘဝ၏ ခက်ခဲကြမ်းတမ်းမှုများက မျက်နှာပေါ်တွင် ပေါ်လွင်မှု မရှိပေ။ ထိုအစား မရင့်ကျက်ပုံ ပေါ်၏။ 

“လင်း”

ကျန်းရန် လက်ဖက်ရည်ခွက်ကို ချရင်း လှမ်းခေါ်လိုက်သည်။ 

“မင်းရဲ့ ကွန်ပျူတာပညာကို မယုံလို့တော့ မဟုတ်ဘူးနော်။ ဒါပေမဲ့ ကျင်းထန်ဆိုတာ အဓိက ကုမ္ပဏီကြီးလေ။ သူတို့ရဲ့ လုံခြုံရေးနည်းပညာက အန်လင်းမြို့မှာ အကောင်းဆုံးပဲ။ ရဲတွေတောင် အကူအညီယူပြီး ပူးပေါင်းထားရတဲ့သူတွေမလား” 

သူ လင်းချွမ်ကို အထင်သေးနေခြင်း မဟုတ်သလို လူငယ်တစ်ယောက် အားလျော့ရန် ပြုလုပ်နေခြင်းလည်း မဟုတ်ပါ။ 

ခုနလေးတင် သူ့အစ်ကို ကျန်းတီကိုယ်တိုင် ကျန်းရှင်းရှင်းနှင့် လင်းချွမ်တို့ ဆိုင်အသစ် ထောင်သည်အား စောင့်ရှောက်ပေးရန် အကူအညီ တောင်းထားသောကြောင့် ယခုလို တွေ့ဆုံဖြစ်ခြင်း ဖြစ်၏။ 

သို့သော် စတူဒီယို ၇၂၀ ၏ အရည်အချင်းမှာတော့ အန်လင်းမြို့ ကုမ္ပဏီကြီးကို သေချာပေါက် ယှဉ်နိုင်မည် မဟုတ်ချေ။ 

အပြင်မှ အလွတ်တန်းဆိုင်ငယ်များအနေဖြင့် ဝင်တိုးရန် ခက်ခဲ၏။ 

ကျန်းရန်လည်း သူ့ဆိုင်၏ ဆိုက်ဘာလုံခြုံရေးအား စတူဒီယို ၇၂၀ ထံ လုံးဝ မအပ်လိုက်နိုင်ပါ။ ရှင်းရှင်းမှာ တူမအရင်းဖြစ်သော်လည်း မလွယ်ပေ။ 

လင်းချွမ် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကိုယ်ကို အရှေ့သို့ ကိုင်းလာပြီး

“သူဌေးကျန်း ကျင်းထန်က အင်အားရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီနေ့ မတွေ့ခင်ကတင် ဆိုင်ရဲ့ လုံခြုံရေးစနစ်ကို သေချာ ကြည့်ပြီးပြီဗျ” 

လင်းချွမ်မှာ မျှော်လင့်ထားသည့်အတိုင်း သူ့ပထမဆုံး ဖောက်သည်အတွက် အကောင်းဆုံး ပြင်ဆင်ထားလေသည်။ 

လင်းချွမ်တို့ကဲ့သို့ ဆိုင်လေးများမှာ ဆက်တိုက် ရှင်သန်နိုင်သော်လည်း ကုမ္ပဏီကြီးများ ကျယ်ပြန့်လာချိန်တွင်တော့ ဆိုင်ငယ်များအတွက် ဆိုးကျိုးများ ရှိလာသည်။  

လင်းချွမ်ကတော့ အစကောင်းရန် မျှော်လင့်နေမိ၏။ 

ကျန်းရန် လင်းချွမ်ကိုကြည့်၍ ပြုံးကာ

“ဒီလုံခြုံရေးကို ဘယ်လိုမြင်လဲ လင်း”

“သာမာန် နည်းပညာတိုက်ခိုက်မှုလောက်ကိုတော့ ခံနိုင်ရည် ရှိပါတယ်”

လင်းချွမ် ပြုံးလျက်

“ဒါပေမဲ့ လတ်တလော ကုမ္ပဏီနဲ့ အင်တာနက်ဆိုင် တော်တော်များများမှာ နိုင်ငံခြားက နည်းပညာ တိုက်ခိုက်မှုကြီးတွေ ကြုံနေရတယ်။ ကျွန်တော့်အထင် ဒီလောက် လုံခြုံရေးလောက်နဲ့တော့ ကာကွယ်နိုင်မှာ မဟုတ်ဘူး”

“မလုံလောက်သေးဘူးတဲ့လား”

ကျန်းရန် အမူအရာပြောင်းသွား၏။ 

လက်ရှိတွင် အန်လင်းမြို့၏ အင်တာနက်ဆိုင်များ၌ ထိုသို့ ဟက်ကာပြဿနာများ ရင်ဆိုင်နေရသည်မှာ အမှန်ပင်။ 

ဆိုင်များမှ ကိုယ်ရေးအချက်အလက်များစွာဖြစ်သော ဂိမ်းအကောင့်၊ ဘဏ်အကောင့်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် ဆက်သွယ်ရေးမှတ်တမ်းများ အားလုံး ခိုးယူခံနေရသည်။ 

အချို့ဆိုင်များမှာတော့ ကိုယ်တိုငိ ပြန်ရောင်းနေခြင်း ဖြစ်၏။ 

“ဟုတ်တယ်”

လင်းချွမ် ပြုံး၍ ခေါင်းငြိမ့်ပြ၏။ 

“သူဌေးကျန်း စိတ်ဝင်စားရင် ကျွန်တော် နိုင်ငံခြား ဆိုက်ဘာတိုက်ခိုက်မှုဖြစ်အောင် လှုံ့ဆော်ပြီး နာရီဝက်အတွင်း ဆိုင်ထဲက စက်တွေအကုန်လုံး ပြန်ထိန်းချုပ်ပြမယ်”

“ဦးလေး ကျွန်မတို့ စတူဒီယို ၇၂၀ ရဲ့ အရည်အချင်းကို ကြည့်လိုက်စမ်းပါ”

ရှင်းရှင်းမှလည်း ဝင်ထောက်ခံ၏။ 

ကျန်းရန် ထိုနှစ်ဦးကိုကြည့်၍ ခဏစဉ်းစားပြီးနောက်

“ဒါဆိုလည်း စမ်းကြည့်တာပေါ့”

လင်းချွမ်၊ ကျန်းရှင်းရှင်းနှင့် လီချင်းတို့ အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြ၏။ 

လီချင်း ကျောပိုးအိတ် အနက်ထဲမှ သူ့ပန်းရောင်လက်ပ်တော့လေးကို ထုတ်လိုက်သည်။ လက်ပ်တော့ပေါ်တွင် Spongebob အရုပ်လေး ကပ်ထားသေး၏။ 

စတူဒီယို ၇၂၀ မှ ကျန်းရှင်းရှင်း၏ ထောက်ပံ့မှု ဖြစ်လေသည်။ 

လင်းချွမ် လှမ်းယူ၍ ဖွင့်လိုက်ပြီး ပရိုဂရမ်တစ်ခု ဒေါင်း၍ IP လိပ်စာ ရေးလိုက်သည်။ 

ကျန်းရန်ကတော့ မျက်မှောင်ကြုတ်၍သာ လှမ်းကြည့်နေ၏။ သူ ထိုကိစ္စများ၌ မကျွမ်းကျင်သော်လည်း ဆိုင်၏ IP ကို ထည့်လိုက်မှန်းတော့ သိပါသည်။ 

“လင်းက သေချာပြင်ဆင်ထားတာပဲ”

လင်းချွမ် ပြုံးလျက်

“ဆိုက်ဘာလုံခြုံရေး ပညာရှင်တစ်ယောက်အနေနဲ့ ဒီ IP သိရဖို့က မထူးဆန်းပါဘူး”

“ကောင်းပါပြီ။ စိတ်ဝင်တစား ဆက်ကြည့်နေပါမယ်”

ကျန်းရန် လက်ဖက်ရည်တစ်ကျိုက်မော့ရင်း ပြောလိုက်သည်။ 

သူ့တူမမှ စီးပွါးရေးပေါင်းလုပ်ချင်သော ထိုလူငယ်လေး၏ ပညာကို သူလည်း တကယ် စိတ်ဝင်စားပါသည်။ 

လင်းချွမ်ပြုံး၍ အလုပ်၌ အာရုံစိုက်နေသည်။ 

လင်းချွမ်တစ်ယောက် ကျင်းထန်၍ လုံခြုံရေးကို အရင် စစ်ဆေးကြည့်နေသည်။ 

ကျင်းထန်နည်းပညာမှာ ဆော့ဖ်ဝဲလ်မှ ရယူထားခြင်း ဖြစ်ပြီး ယိုပေါက်များ ရှိနေသည်။ 

လင်းချွမ် ပထမဆုံးအနေဖြင့် အဆင့်မြင့် IP လိပ်စာကိုသုံးကာ ဆာဗာ ထိန်းထားလိုက်သည်။ 

ထို့နောက်မှ လုပ်ငန်းစဉ်အတိုင်း ဆက်လက် လုပ်ဆောင်လေ၏။ 

…

(၁၀) မိနစ်ခန့်အကြာတွင်။ 

လင်းချွမ် ကျန်းရန်ကိုကြည့်၍ ပြုံးကာ

“သူဌေးကျန်း အားလုံးပြီးသွားပါပြီ”

ကျန်းရန် နားမလည်နိုင်စွာ ကြည့်နိုင်၏။ 

ရုတ်တရက် ဆိုင်ကောင်တာမှ မိန်းကလေး ပြေးလာပြီး

“သူဌေး စနစ်တွေ ထိန်းချုပ်လို့ မရတော့ဘူး”

ကျန်းရန် မျက်မှောင်ကြုတ်၍ လင်းချွမ်အား လှမ်းကြည့်လိုက်သည်။ 

“မစိုးရိမ်ပါနဲ့ သူဌေးကျန်းရယ်”

လင်းချွမ်ပြုံး၍ လက်ပ်တော့မှ Enter ခလုတ်အား နှိပ်လိုက်သည်။ ထိုအခါ လက်ပ်တော့မျက်နှာပြင်၌ ဆိုငိ၏ စနစ်နောက်ခံများ ပေါ်လာသည်။ 

ကျန်းရန် ထိုလက်ပ်တော့ပန်းရောင်၏ မျက်နှာပြင်အား စိုက်ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေ၏။ 

ကျန်းရန်တင်မက အခြားကြည့်နေသူအားလုံး မှင်တက်နေကြလေသည်။  

အခြားသူများမှာ နည်းပညာနားမလည်၍ ထူးဆန်းသလိုလောက် အံ့ဩကြသော်လည်း လီချင်းမှာတော့ လင်းချွမ်အရည်အချင်းကို ကောင်းစွာ မြင်နေရ၍ ပို၍ မှင်တက်နေမိသည်။ 

(၁၀) မိနစ်အတွင်း ကျင်းထန်၏ လုံခြုံရေးကို ထိုးဖောက်၍ ထိန်းချုပ်နိုင်သွားလေသည်။ 

လီချင်းကြည့်ရင်း စိတ်လှုပ်ရှားနေမိ၏။ 

သူ လူရွေးမှန်သွားလေပြီ။ 

“သူဌေးကျန်း ဒါ ကျွန်တော်တို့ရဲ့မိတ်ဖက် ကမ်းလှမ်းခြင်းပါ။ အထဲမှာ လုံခြုံရေးအစီအစဉ်တွေ အားလုံး ပါပါတယ်။ ကြည့်လိုက်ပါဦး”

လင်းချွမ်မှ ကမ်းလှမ်းချက်စာကို လှမ်းပေး၏။ 

ကျန်းရန် သက်ပြင်းချ၍ သေချာကြည့်နေသည်။ 

အချိန်အတော်ကြာမှ လင်းချွမ်နှင့် ကျန်းရှင်းရှင်းတို့ကို ကျေနပ်စွာ ကြည့်၍

“အသေးစိတ်ကို အေးဆေး ဆက်ပြောလို့ရမယ် ထင်တယ်”

All Chapters