← Chapters

ဌာန (၈) ခုနှင့် ဂိုဏ်း

Vol. 6 Ch. 76

ဌာန (၈) ခုနှင့် ဂိုဏ်း

Vol. 6 Ch. 76

ပုံရိပ်ယောင်လောက၊ ကေကေစက်ရုံနယ်မြေ။ 

လင်းချွမ် သူ့ရှေ့မှ တောက်ပနေသော အနီရောင်ဂါဝန်ဖြင့် အမျိုးသမီးကို ကြည့်နေမိသည်။ 

မျက်နှာတွင် မိတ်ကပ်ထူထူ လိမ်းခြယ်ထားပြီး အမွှေးနံ့ပြင်းပြင်း၊ ပါးရိုးငေါငေါ၊ မေးစေ့ချွန်ချွန်နှင့် သဘာဝမကျသော နှာတံမြင့်မြင့်တို့မှာ ခွဲစိတ် ပြုပြင်ထားမှန်း သိသာလှ၏။ 

သို့သော် လင်းချွမ် သူ့မျက်နှာကို စိတ်မဝင်စားပါ။ 

သူနှင့် အလုပ်တွဲလုပ်နေသော အိမ်ပိုင်ရှင် မိန်းကလေးကျန်းမှာ ထိုအမျိုးသမီးထက် အဆပေါင်းများစွာ သာလေ၏။ 

ထို့အပြင် ကျန်းမှာ သဘာဝအလှဖြစ်ပြီး မိတ်ကပ်မလိုပေ။ 

လင်းချွမ် ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်လိုက်ပြီး စက်ရုံအပြင်ဘက်တွင် အပွင့်ရိုက်ရှပ်ဖြင့် လူ (၆) ဦး ရှိပြီး AK47 များ ကိုင်ထားသည်။ 

အနီရောင်အမျိုးသမီးဘေးတွင်တော့ ဗလတောင့်တောင့် အမျိုးသား (၈) ဦးခန့်ရှိပြီး သံတုတ်များ ကိုင်ဆောင်ထား၏။ 

လင်းချွမ်တစ်ယောက် ထိပ်တိုက်ရင်ဆိုင်ရန် အတွေးကိုတော့ ဖယ်ရှားထားလိုက်သည်။ 

သူ့ခန့်မှန်းချက်အရ သံတုတ်နှင့်အုပ်စုကို ယှဉ်နိုင်လျှင်ပင် သေနတ်သမားများမှာတော့ အန္တရာယ် များလွန်း၏။ 

နည်းနည်း လွဲချော်သည်နှင့် အသက်ပါသွားနိုင်သည်။ 

သူ့ဝတ္ထုမှာလည်း ‘ရောက်ရောက်ချင်းသေ’ ဟူသော ခေါင်းစဉ်ဖြစ်သွားနိုင်၏။ 

“ကောင်ချောလေး ဘာလို့ ဘာမှ မပြောတာလဲ”

အမျိုးသမီးမှာ လင်းချွမ်၏ ပါးပေါ်၌ လက်ချောင်းလေးများဖြင့် ဆော့ကစားရင်း ပြောလိုက်သည်။ 

လင်းချွမ် သတိပင်မထားမိဘဲ ရုတ်တရက် နောက်သို့ ခြေလှမ်းဆုတ်လိုက်မိ၏။ 

“ဟုတ်ကဲ့ ကျွန်တော် ကေကေစက်ရုံမှာ အလုပ်လုပ်ချင်ပါတယ်”

“ကောင်ချောလေး မင်းက ရှက်နေတာလား ဟုတ်လား”

အမျိုးသမီးမှ အေးစက်စွာပြုံး၍ စက်ရုံထဲ ပြန်ဝင်သွားလေသည်။ 

လင်းချွမ်မှာ စနစ်ကို ကျိန်ဆဲရင်း ဝတ္ထုမှ မည်သို့ထွက်လာမည်ကို တွေးနေမိသည်။ 

ဝတ္ထုကို သူကိုယ်တိုင်ရေးခြင်း မဟုတ်သော်လည်း သူ့အတွေ့အကြုံအတိုင်း ထွက်လာမည်ဖြစ်၍ သု့ကြိုးစားမှုအပေါ်မူတည်၍ စိတ်လှုပ်ရှားစရာ ကောင်းမကောင်း ကွဲပြားသွားပေမည်။ 

စီးပွါးရေးတည်ထောင်ရန် ကိစ္စမှာတော့ စိတ်ထဲမှ ထုတ်လိုက်ပြီးလေပြီ။ 

အဖမ်းခံရတဲ့ အရောင်းဝန်ထမ်းဖြစ်ရင် ဘာထူးတော့မှာလဲ။ 

ဟင်…

လင်းချွမ် ရုတ်တရက် မျက်လုံးအရောင်များ လက်သွား၏။ 

သူ့အရောင်းဝန်ထမ်းဘဝဇာတ်ကြောင်းကိုလည်း ပုံပြင်တစ်ပုဒ်ကဲ့သို့ မြင်လာသည်။ 

တစ်ချက်တည်းနဲ့ ကေကေစက်ရုံကို ဖြိုလှဲရမယ်။ 

အဲ့တာတင်မကဘူး။ တခြား တရားမဝင်ဂိုဏ်းတွေကိုပါ ဖမ်းရမယ်။ 

…

လင်းချွမ် စက်ရုံထဲ ဝင်သွား၏။ 

အပြင်မှကြည့်လျှင် ထိုစက်ရုံကြီးမှာ ခြောက်ကပ် ဟောင်းနွမ်းနေသော သာမာန်နေရာပျက်ကြီးဟု ထင်ရသော်လည်း အထဲဝင်လိုက်သည်နှင့် ပိုမိုမှောင်မိုက်သည့် လှောင်အိမ်ကြီးနှင့် တူလေသည်။ 

စက်ရုံထဲသို့ အလင်းမပေါက်သည့်တိုင် သံလှောင်အိမ်ကြီးများအပေါ်ကိုတော့ မီးရောင်များ ထိုးကျနေသည်။ 

လှောင်အိမ်ထဲ၌မူ လူအချို့ရှိနေပြီး မျက်နှာများ ဖူးယောင်ကာ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ဆာလောင်မှုပြင်းစွာ အော်ဟစ်နေကြသည်။ 

လင်းချွမ် မျက်မှောင်ကြုတ်ကာ ကြည့်နေမိ၏။ 

ဒါက အစစ်အတိုင်း အခြေခံထားတာလား။ 

စနစ်က ဘာလဲ။ 

“ကောင်လေး မင်း အဲ့ထဲ ဝင်ချင်လား”

ဘေးမှ ဗလတောင့်တောင့်အမျိုးသားက ရယ်မော၍ ပြောလိုက်သည်။ 

လင်းချွမ် စိတ်တည်ငြိမ်အောင် ထိန်း၍

“စည်းမျဉ်းတွေကို ကျွန်တော် နားလည်ပါတယ်”

“ကောင်လေး သေချာလုပ်နော်။ မင်း ဒီလအတွက် စံနှုန်းမမီရင် ဒါ မင်းရဲ့ ကံကြမ္မာ ဖြစ်သွားမယ်”

လင်းချွမ် ပြန်မဖြေမိပေ။ 

အနီရောင်ဝတ် အမျိုးသမီးအနောက်မှ လိုက်သွားရင်း လှောင်အိမ်နှစ်ခုကို ဖြတ်ကျော်ပြီးနောက် လှေကားတစ်ခုကို တွေ့ရ၏။ 

ထို့နောက် ဒုတိယထပ်သို့ တက်လာခဲ့လေသည်။ 

“ကောင်လေး မင်းနာမည် ဘယ်လိုခေါ်လဲ”

အမျိုးသမီးမှ ပြုံး၍ လှည့်မေးလိုက်သည်။ 

“ကျွန်တော့်နာမည်က လင်းပါ”

“ငါ့ကိုတော့ အစ်မလန်လို့ပဲ ခေါ်ပါ။ အခု မင်းက ကေကေစက်ရုံမှာ လုပ်ချင်တယ်ဆိုတော့ ငါတို့ရဲ့ လုပ်ငန်းစဉ်ကို နည်းနည်း ရှင်းပြပေးမယ်”

အစ်မလန်းမှ ပြုံး၍ ပြောလိုက်၏။ 

လင်းချွမ်လည်း ခေါင်းငြိမ့်ပြလေသည်။ 

အစ်မလန်းမှ ဆက်၍

“ငါတို့ ကေကေစက်ရုံက စတော့ရှယ်ယာ၊ ခရစ်ပ်တိုငွေကြေး၊ အွန်လိုင်းဂိမ်း၊ လောင်းကစာ… တွေကို ထိန်းချုပ်ထားတယ်။ ပြောရရင် ပိုက်ဆံရတာ အကုန်လုပ်တယ်။ နောက်ပြီး ဌာန (၈) ခုလည်း ရှိသေးတယ်။ အဲ့တာ ဘာတွေလဲ မင်း သိလား”

လင်းချွမ် ခဏစဉ်းစားပြီးမှ

“အထွေထွေ၊ အေးဂျင့်၊ အကူ၊ စတင်သူ၊ ပျံ့ပွါးသူ၊ လုပ်ဆောင်သူ၊ ဖယ်ရှားသူ၊ ကောလာဟလဖြန့်သူ - ဒါတွေက လူလိမ်ဂိုဏ်းရဲ့ ဌာနတွေပါ”

ထိုဌာနများမှာ လောင်းကစားလိမ်လည်ခြင်းတွင်လည်း အတူတူ ဖြစ်ပါသည်။ 

“မင်းက တော်တော်သိသားပဲ”

အစ်မလန်း လင်းချွမ်ကို သေချာကြည့်၍

“ပြောပါဦး။ ဌာနတစ်ခုချင်းစီကရော ဘာတွေလုပ်တာလဲဆိုတာ”

လင်းချွမ်အတွက် ထိုမေးခွန်းမှာ လွယ်ကူလှပါသည်။ 

အတွေ့အကြုံများစွာ ရှိခဲ့ဖူး၍ တစ်ခုချင်းစီကို ချောမွေ့စွာ ဖြေလိုက်၏။ 

အစ်မလန်း သူ့ကို မျက်မှောင်ကြုတ်ကြည့်၍

“မင်းက ပြင်ဆင်လာတာပဲ”

ဘေးမှ ဗလနှင့်လူများမှာ သံတုတ်ကို မြဲနေအောင် ကိုင်ထားကြသည်။ 

ရုတ်တရက် အခြေအနေမှာ တင်းမာသွား၏။ 

လင်းချွမ်လည်း ရယ်ကျဲကျဲဖြင့်

“အစ်မလန်ရယ် ကျွန်တော်က ပိုက်ဆံရှာချင်နေတာကို ပြင်ဆင်လာရမှာပေါ့”

အမှန်ပင် ဝင်လာသူတိုင်းမှာ စိတ်လိုလက်ရ ရောက်လာကြသည်ချည်းပင်။ 

အားလုံး၏ ရည်ရွယ်ချက်မှာ တူညီ၏။ ပိုက်ဆံများများ ရှာရန်ဖြစ်သည်။ 

အစ်မလန်း သူ့ကိုစိုက်ကြည့်လျက်

“ပြင်ဆင်လာတယ်ဆိုတော့ ဘယ်အပိုင်းမှာ လုပ်ချင်တာလဲ”

“အစ်မလန် စီစဉ်တဲ့အတိုင်းပဲ လုပ်ပါ့မယ်”

လင်းချွမ်ပြုံး၍ ပြောလိုက်၏။ 

အစ်မလန် ကျေနပ်သွားပုံဖြင့် အပေါ်ထပ်များသို့ ဆက်ခေါ်သွားလေသည်။ 

ဒုတိယထပ်မှာ ကွန်ပျူတာများစွာ ချထားပြီး ဝက်ဘ်ဆိုဒ်များ ဖန်တီး၍ ကုဒ်ရေးရခြင်းမျိုး ဖြစ်သည်။ 

တတိယထပ်မှာတော့ စကားပြောခန်းများနှင့် ပြည့်နေပြီး အထဲတွင် ကြည့်ကောင်းသော အမျိုးသား၊ အမျိုးသမီးများ နားကြပ်တပ်၍ စကားပြောနေကြသည်။ အမျိုးသမီးများမှာ ဆွဲဆောင်မှုရှိရှိ ဝတ်ဆင်ထားကြလေ၏။ 

ထိုသို့ ဆွဲဆောင်၍ စကားပြောရင်း ထောင်ချောက်မိကာ အလိမ်ခံရနိုင်ပါသည်။ 

(၄) ထပ်တွင်တော့ လောင်းကစားဝိုင်းပုံစံဖြစ်ပြီး ခပ်ချောချော အမျိုးသမီးများက အွန်လိုင်းမှတစ်ဆင့် ကဒ်ဝေသူ ပြုလုပ်ပေးနေသည်။ 

သူ ကြားဖူးသောကိစ္စများကို လက်တွေ့ မြင်နေရလေသည်။ 

“ကောင်လေး မင်း ဘာလုပ်ချင်လဲ စဉ်းစားပြီးပြီလား”

လင်းချွမ်ပြုံး၍

“ကျွန်တော် မလုပ်နိုင်တဲ့ ခပ်ချောချော ကဒ်ဝေသူ အလုပ်ကလွဲလို့ အဆင်ပြေပါတယ်။ ကုဒ်ရေးတာဖြစ်ဖြစ်၊ စကားပြောခန်းမှာဖြစ်ဖြစ်ပေါ့”

အစ်မလန် ရယ်မော၍

“မင်းရုပ်ရည်က တကယ် မထိရက်လောက်အောင် ချောတာပဲ။ (၃) လွှာကိုပဲ သွားပါ”

“မှတ်ထားရမှာက မင်းရဲ့ ဒီလစံနှုန်းက (၅) မီလီယံ ရရမှာနော်။ အောင်မြင်ရင် (၂၀) ရာခိုင်နှုန်း ပြန်ရမယ်။ မဟုတ်ရင်တော့ မင်း ခံနိုင်ရည်အားကို ကြည့်ရတော့မှာပေါ့”

All Chapters