← Chapters

အင်တာနက်ဆိုင်များ ထိခိုက်ခြင်း

Vol. 6 Ch. 78

အင်တာနက်ဆိုင်များ ထိခိုက်ခြင်း

Vol. 6 Ch. 78

မြောက်ဘက်ပိုင်း၌ ညဉ့်နက်သန်းခေါင်မှာ တိတ်ဆိတ်လှ၏။ 

စတူဒီယိုထဲတွင် အန်ဂျလီနာတစ်ယောက် အပျင်းဆန့်ရင်း လှပသော ကောက်ကြောင်းလေးမှာ ကုတ်အင်္ကျီအနက်ရောင်ကြားမှ တိုးထွက်လာသည်။ 

ဟက်ကာများမှာ ညသတ္တဝါများ ဖြစ်သည်။ 

အန်ဂျလီနာလည်း ထိုသို့ပင်။ 

ဝီစကီတစ်ခွက်ကို ဖန်ခွက်ထဲထည့်၍ တစ်ကျိုက်မော့ချလိုက်သည်။ 

ထို့နောက် အလုပ်ဆက်လုပ်ရန် ပြင်လိုက်၏။ 

ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိပြီး နှင်းကဲ့သို့ ဖြူဖွေးသော လည်တိုင်မှာ ကွန်ပျူတာ မျက်နှာပြင်နား တိုးလာသည်။ 

“ငါ့ကို နောက်ကြောင်းစုံစမ်းတဲ့သူ ရှိနေတာလား”

အန်ဂျလီနာ လန့်ကာ လက်သွယ်သွယ်လေးများက ကီးဘုတ်ပေါ် စတင် လှုပ်ရှားလာ၏။ ထို့နောက် သူ့ကွန်ယက်လမ်းကြောင်းများအား ဖုံးကွယ်ထားလိုက်သည်။ 

ဟက်ကာအများစုမှာ အခြားသူ၏ ကွန်ယက်ထဲ ဝင်ရောက်ခြင်းဖြင့် စတင် သင်ယူလေ့ ရှိကြပါသည်။ ဤသို့ဖြင့် အရည်အချင်း တိုးတက်လာနိုင်ပြီး တစ်ဖက်မှ ပြန်လည်ခုခံနည်းမှာလည်း အရေးကြီး၏။ 

လမ်းကြောင်းရှင်းလင်းခြင်းနှင့် တစ်ခါတစ်ရံ ဆိုက်ဘာရဲများထံမှ ထွက်ပြေးရခြင်းတို့အထိ ပါဝင်တတ်ပါသည်။ 

အဆင့်မြင့်ဟက်ကာတစ်ဦးအနေဖြင့် အန်ဂျလီနာ၏ အရည်အချင်းများမှာ အံ့ဩစရာကောင်းလွန်းလှ၏။ 

ထိုမျှသာမက သူ့ကို စုံစမ်းသူကိုပင် ပြန်စစ်ဆေးကြည့်နေသေး၏။ 

အန်ဂျလီနာအတွက် ခက်ခဲမှုလုံးဝ မရှိပါ။ 

ခဏအကြာတွင်။ 

သူ၏ အနည်းငယ်နီရဲနေသော လက်ချောင်းလေးများကို ပွတ်လျက် ပြုံးသွားမိသည်။ 

“အိုင်ဒေါရဲ့ အတ္ထုပတ္တိကို ကြော်ငြာလိုက်တာနဲ့ ရဲတွေ လိုက်စုံစမ်းနေကြပြီပဲ” 

တစ်ယောက်တည်း ရေရွတ်ရင်း သူ့ဖုံးကွယ် စစ်ဆေးသော လုပ်ငန်းစဉ်အားလုံး ပြီးဆုံးသွား၏။ 

သို့သော် အလုပ်မနားသေးဘဲ အိုင်ဒေါနှင့်စကားပြောရန် ပြင်လိုက်သည်။ 

“ဒါက အိုင်ဒေါကို ထိခိုက်မှာလား”

“ငါ တကယ် ရူးတာပဲ။ သူ့အပေါ် ဘာတွေ ထိခိုက်နိုင်လဲ မတွေးမိဘဲ အတင်း ကြော်ငြာမိတာပဲ။ ရဲတွေ အိုင်ဒေါကိုပါ သံသယဝင်နေကြမယ် ထင်တယ်”

“မဟုတ်သေးဘူး။ အိုင်ဒေါကို သံသယမဝင်အောင် ရှင်းပေးရမယ်”

“အင်း ဆိုက်ဘာရဲတွေ ဥပဒေအရ သေချာပေါက် သံသယဝင်ကြမှာပဲ”

“ဒါဆို အကျိုးအမြတ်တိုးပေးရမှာပေါ့ ဟင်းဟင်း”

အန်ဂျလီနာ ဆံပင် နားအနောက်သို့ သပ်လျက် စိတ်ထဲတွင် တစ်ခုပြီးတစ်ခု တွေးတောနေသည်။ 

ထို့နောက် ဝတ္ထုအချို့ကို ထပ်ရွေးလိုက်၏။ 

ဖော်မြူလာ၏ ကီးဘုတ်ရူး။ 

ဖော်မြူလာ၏ ငါ့မှာ စူပါကွန်ပျူတာ ရှိတယ်။ 

အင်တာဆက်တာရဲ့ ငါ့လက်ချောင်းအောက်က ကမ္ဘာ။ 

…

နောက်တစ်နေ့နံနက်။ 

မနက်ခင်း နေရောင်ခြည်မှာ တိမ်များကြားမှ ဖောက်ထွင်း၍ ရဲစခန်းရှေ့လမ်းမသို့ ကျရောက်နေသည်။ 

ရှချင်းချင်းမှာ နက်ပြာရောင် ရဲဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့စားပွဲတွင်ထိုင်လျက် ကွန်ပျူတာကို ဖွင့်လိုက်သည်။ 

စုံစမ်းစစ်ဆေးရန် အသင့်ဖြစ်နေလေပြီ။ 

ထိုစဉ်။ 

မျက်နှာလေးထောင့်၊ မျက်အိတ်ဖောင်းဖောင်း၊ အရပ် (၁၈၀) စင်တီမီတာဝန်းကျင်ရှိသော ရဲသားတစ်ဦး ရောက်လာ၏။ 

ဖုန်ကျန်း ဖြစ်ပါသည်။ 

“ဖုန်ကျန်း မျက်နှာလည်း မကောင်းပါလား”

ရှချင်းချင်း အံ့ဩတကြီး မေးလိုက်သည်။ 

ဖုန်ကျန်း မျက်လုံးကိုပွတ်ကာ သမ်းဝေလျက်

“မနေ့ညက အရင်တစ်ခါလိုပဲ ဝတ္ထုကြော်ငြာတာတွေ အများကြီး ထပ်လက်ခံရတယ်တဲ့”

“ဟင်”

ရှချင်းချင်း မျက်မှောင်ကြုတ်လျက်

“ဒီတစ်ခါ ဘယ်ဝတ္ထုတွေလဲ။ လင်းချွမ်ပဲလား”

ဖုန်ကျန်း ခေါင်းယမ်းပြကာ

“ဒီတစ်ခါ ဖော်မြူလာနဲ့ အင်တာဆက်တာတို့ရဲ့ ဝတ္ထုတွေပါ”

“ဖော်မြူလာဆိုတာ… ရဲအဖွဲ့နဲ့ ပူးပေါင်းထားတဲ့ ကျင်းထန်က နည်းပညာဒါရိုက်တာ မဟုတ်ဘူးလား”

ရှချင်းချင်း ပြန်မေးလိုက်၏။ 

“ဟုတ်ပါတယ်”

“တခြား သက်သေတွေရော ရှိလား”

“မရှိပါဘူး”

ဖုန်ကျန်း သက်ပြင်းချကာ 

“ဟုတ်ပါတယ်။ တစ်ညလုံး စုံစမ်းထားတာတောင် အရင်စာအုပ်တုန်းကလိုပဲ လမ်းကြောင်း လုံးဝ ရှာမရပါဘူး။ ရဲမေရှဘက်က လင်းချွမ်ကို စောင့်ကြည့်တာကရော”

“ဘာမှ မထူးခြားပါဘူး”

ထိုစဉ် အဖွဲ့မှူး ယွီရှန် ဝင်လာပြီး

“အဲ့အမှုကို ရှာမရရင်လည်း ခဏထားလိုက်ဦး။ အခု ပိုအရေးကြီးတဲ့အမှု ပေါ်လာပြီ”

ယွီရှန်မှ အလောတကြီး ပြောလေသည်။ 

ရှချင်းချင်း မျက်မှောင်ကြုတ်လျက်

“အဖွဲ့မှူးယွီ ဘာအလုပ်များလဲ”

“အရေးပေါ် အခြေအနေပဲ။ လင်းဝူမြို့မှာ နိုင်ငံခြား ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို အကြီးအကျယ် ခံစားနေရတယ်။ လက်ရှိမှာ ဆာဗာတွေကျပြီး ကွန်ပျူတာတွေလည်း ဗိုင်းရပ်စ်ဝင်နေတယ်တဲ့”

ရှချင်းချင်းတို့ မျက်နှာပျက်သွားကြ၏။ 

ဟန်မြစ်အပိုင်းအတွင်း ပါဝင်သော လင်းဝူမြို့မှာ နည်းပညာတိုးတက်မှု၏ မြို့တော်ဟုပင် ခေါ်ဆိုနိုင်ပါသည်။ 

“အဖွဲ့မှူးယွီ ကျွန်မတို့မြို့ထဲက အခြေအနေကရော”

ရှချင်းချင်းမှ မေးလိုက်၏။ 

ယွီရှန် သက်ပြင်းချလျက်

“ငါတို့မြို့မှာတော့ အရမ်းမဆိုးဘူး။ မနေ့ညကတော့ အင်တာနက်ဆိုင် (၅) ခုနဲ့ ကုမ္ပဏီ (၃) ခု ထိသွားတယ်”

ဖုန်ကျန်း ပင်ပန်းသည့်ပုံ မဟုတ်တော့ဘဲ

“အဖွဲ့မှူးယွီ  ကျင်းထန်က လုံခြုံရေး စစ်ဆေးပြုပြင်တာရော အဆင်ပြေလား”

ယွီရှန် ခေါင်းယမ်းကာ စိုးရိမ်မှုပြင်းစွာဖြင့်

“အဆင်တော့ပြေပေမဲ့ မထိန်းထားနိုင်ရင်ရော။ ငါတို့က လူအင်အား နည်းတယ်လေ။ ကွန်ပျူတာ နည်းပညာရှင်တွေ လိုတယ်”

ထိုစဉ် ရှချင်းချင်း ကွန်ပျူတာမှ အရောင်များ တရိပ်ရိပ် ပြောင်းလဲ၍ အီးမေးလ်များစွာ ပေါ်လာသည်။ 

အီးမေးလ်တိုက်ခိုက်ခြင်း ဖြစ်၏။ 

…

ပျော်ရွှင်ခြင်းရပ်ကွက်၊ အငှါးတိုက်ခန်း။ 

လင်းချွမ်တစ်ယောက် ယုယွီ၏ မနက်ခင်းနှိုးစက်ကြောင့် နိုးထလာသည်။ 

သူနိုးလာသည်နှင့် စနစ်၏ အချက်ပေးသံလည်း ကြားရ၏။ 

[အလုပ်အတွေ့အကြုံ အောင်မြင်သည့်အတွက် ဂုဏ်ယူပါသည်။]

[အတွေ့အကြုံအရ ‘လှည့်စားခြင်း’ ဝတ္ထု ထွက်ရှိပါမည်။]

[ဝတ္ထုတွင် စကားလုံး (၈) သိန်းခန့် ပါဝင်ပြီး အောင်မြင်မှုစံနှုန်း (၁) သောင်း လိုအပ်ပါသည်။]

[ကံကောင်းပါစေ]

“တော်တော်အမြင့်မှန်းတဲ့ စနစ်ပဲ”

လင်းချွမ် ပြုံး၍ ရေရွတ်လိုက်မိ၏။ 

ခက်ခဲမှုမှာ ပိုတိုးလာပါသည်။ 

“ဒီစာအုပ်နဲ့ဆိုရင် လူလိမ်တိုက်ဖျက်ရေးပြိုင်ပွဲမှာ ဝင်လို့ရလား မသိဘူး။ ယုယွီကို မေးကြည့်ရမယ်”

ဒုန်း ဒုန်း!

သူ ယုယွီအား စာပို့ရန် ပြင်နေစဉ် တံခါးခေါက်သံ ကြားရ၏။ 

“ဘယ်သူလဲ”

“ဆရာ ကျွန်မပါ”

ကျန်း၏အသံလေး ထွက်လာသည်။ 

လင်းချွမ် အံ့ဩလျက် တံခါးသွားဖွင့်၏။ 

“ကျန်း ဗီဒီယိုကြည့်စရာ ကုန်သွားလို့လား”

ကျန်းရှင်းရှင်း မျက်မှောင်ကြုတ်လျက်

“ဆရာ ကျွန်မတို့ တာဝန်ယူထားတဲ့ အင်တာနက်ဆိုင် တိုက်ခိုက်ခံရလို့”

All Chapters