ပြင်းထန်သော စည်းမျဉ်း
Vol. 6 Ch. 79
အငှါးတိုက်ခန်းလေး၏ သံဗန်းတံခါးတစ်ဖက်တွင် လင်းချွမ်တစ်ယောက် ဘောင်းဘီတိုလေးသာ ဝတ်လျက် ကျန်းကို စိုက်ကြည့်၍
“ကျွန်တော်တို့ တာဝန်ယူထားတဲ့ဆိုင် ဘာဖြစ်သွားလို့လဲ”
လက်ရှိတွင်။
လင်းချွမ်၏ စတူဒီယို ၇၂၀ မှာ အင်တာနက်ဆိုင်များစွာနှင့် ပူးပေါင်းထားပြီး အင်တာနက်ကွန်ယက် ဝန်ဆောင်မှုများ ပေးထားပါသည်။
တစ်ခုခု မှားသွားခဲ့ပါက စတူဒီယို ၇၂၀ လည်း နာမည်ပျက်နိုင်၏။
ယခုမှစသော စတူဒီယိုမှာ လုံးဝပျက်စီးသွားနိုင်ပါသည်။
ကျန်းရှင်းရှင်းမှာ အရုပ်တီရှပ်ပွပွကို ဝတ်ဆင်ထား၏။
“ကျွန်မဦးလေးလည်း အခုပဲ ဖုန်းဆက်တယ်။ သူ့ဆိုင်က ဆာဗာတွေ ဟက်ခံရလို့တဲ့”
“ဟင်”
လင်းချွမ် မျက်မှောင်ကြုတ်ကာ စိုးရိမ်မှုအပြည့်ဖြင့်
“ငါ့လုံခြုံရေးကို ဘယ်သူက လာတိုက်ခိုက်နေတာလဲ”
ဟက်ကာတစ်ဦး အထူးသဖြင့် အဆင့်မြင့်ဟက်ကာ တစ်ဦးအနေဖြင့် နည်းပညာမှာ သူတို့၏အသက် ဖြစ်သည်။
ယခု သူ့လုံခြုံရေးအကာအကွယ်များ ထိုးဖောက်လာခြင်းသည် သူ့မျက်နှာကို ဖျက်ဆီးခြင်း ဖြစ်၏။
“လီချင်းတော့ သွားကြည့်နေပေမဲ့ သူတစ်ယောက်တည်း မနိုင်မှာစိုးလို့ ဆရာ့ကို လာခေါ်တာ”
“ကောင်းပါပြီ။ ခဏစောင့်နော်”
လင်းချွမ် ခေါင်းငြိမ့်ပြ၍ အခန်းထဲ ပြန်ဝင်သွားသည်။
ကျန်းမှ အံ့ဩစွာ ငေးကြည့်၍
“ဆရာ ကျွန်မ ကူပေးရဦးမလား”
“ကျွန်တော်က အင်္ကျီလဲနေတာလေ။ ကူညီမလို့လား”
လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။
ကျန်းမှာ မျက်နှာလေးရဲလျက်
“ဆရာ ပစ္စည်းရွှေ့တာတွေဆိုရင် အကူအညီ လိုမယ် ထင်လို့ပါ”
မကြာမီ လင်းချွမ် တီရှပ်အဖြူနှင့် ဘောင်းဘီတိုလေး ဝတ်ဆင်၍ ထွက်လာပြီး အလွန်ပေါ့ပါး လတ်ဆတ်နေသည်။
“ဆိုင်ကို ဘယ်လိုသွားမှာလဲ”
“ကျွန်မမှာ ယာဉ်မောင်းလိုင်စင် မရှိသေးဘူးလေ။ စကူတာပဲ စီးရမှာပေါ့။ ဒီချင်းရှုနဲ့ အရမ်းတော့ မဝေးပါဘူး။ တော်သေးတယ်”
ကျန်းရှင်းရှင်းပြုံး၍ ပြောလိုက်၏။
ထို့နောက် အောက်ထပ်သို့ ဆင်းလာကြပြီး နှစ်ယောက်သား ဦးထုပ်များဆောင်း၍ အမြန် ထွက်လာခဲ့တော့သည်။
လင်းချွမ်မှာတော့ စကူတာလိုင်စင်ပင် မရှိသောကြောင့် ကျန်းအနောက်မှ ထိုင်လိုက်ရလေသည်။
ကမ္ဘာ့အဆင့်မီ ဟက်ကာဖြစ်သော်လည်း ယာဉ်မောင်းလိုင်စင်တော့ မရှိပေ။
ဟူး…
“ဆရာက ဘာလို့ လိုင်စင်မရှိတာလဲ”
ရှင်းရှင်းမှ မေးလိုက်သည်။
“စာမေးပွဲဖြေဖို့ အခွင့်မသာခဲ့လို့ပါ”
လင်းချွမ် ရယ်မော၍ နေရခက်စွာဖြေ၏။
အမှန်တော့ သူ ငွေကြေးမတတ်နိုင်၍သာ ဖြစ်ပါသည်။ မိဘများကိုလည်း ထိုအတွက် ထပ်မတောင်းချင်ပေ။
ယခုတော့ သူ ပိုက်ဆံရှာနိုင်နေပြီဖြစ်၍ အချိန်ယူကာ လိုင်စင် ဖြေထားနိုင်ပါသည်။
“ဆရာ အနောက် အရမ်းမဆုတ်နဲ့လေ။ ဟန်ချက် မညီတော့ဘူး”
ကျန်းမှ အရှိန်ဖြင့် မောင်းနေရင်း လှမ်းပြောသည်။
သူလည်း အနောက်မှ လူတင်၍ မစီးဖူးပါ။
“အဲ့တာဆို ဘယ်လို လုပ်ရမှာလဲ”
“ကျွန်မဘက်ကို တိုးမေ”
“ဖြစ်လို့လား”
“ခုန်မအုပ်ရင် ရပြီ”
စကူတာအရှိန်ကြောင့် လေတိုးနေပြီး ကျန်း၏ တီရှပ်ပွပွလည်း ခန္ဓာကိုယ်နှင့်ကပ်ကာ ကောက်ကြောင်းလေး ပေါ်နေ၏။
လင်းချွမ် အနားကပ်မိသွားသောအခါ ရနံ့ခပ်သင်းသင်းကိုပင် ခံစားမိပါသည်။
အမှန်အတိုင်းဆိုရသော် လင်းချွမ်လည်း မိန်းကလေးတစ်ယောက်အနောက်မှ ပထမဆုံးလိုက်စီးဖူးခြင်း ဖြစ်၏။
သို့သော် အတွေ့အကြုံသစ်မှာ မြန်ဆန်စွာ ပြီးဆုံးသွားလေသည်။
သူတို့ ဆိုင်ရှေ့သို့ ရောက်လာကြ၏။
“ဦးလေးရေ ဆရာ့ကို ခေါ်လာပြီ”
ကျန်းရှင်းရှင်း ဆိုင်ထဲဝင်သွားရင်း လှမ်းပြောသည်။
လင်းချွမ်လည်း ဆိုင်ကို အံ့ဩစွာ ကြည့်နေမိ၏။
ဆာဗာသာ ပျက်စီးသွားလျှင် အလွန် ထိခိုက်နိုင်ပါသည်။
“ရှင်းရှင်းနဲ့ လင်းတို့ ရောက်လာပြီပဲ”
ကျန်းရန် ကြိုစောင့်နေပြီး လင်းချွမ်အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။
လင်းချွမ် လက်ဖက်ရည်တစ်ငုံ ယူသောက်ကာ
“သူဌေးကျန်း ဘယ်သူက တိုက်ခိုက်နေလဲဆိုတာ အရင် ကြည့်လိုက်ပါမယ်”
“ကောင်းပါပြီ”
ကျန်းရန် လင်းချွမ်နောက်မှသာ လိုက်လာလိုက်သည်။
လီချင်းလည်း ရုံးခန်းထဲ ရှိနေ၏။
သူ လက်ပ်တော့တစ်လုံး ကိုင်လျက် အခြေအနေကို စစ်ဆေးနေသည်။ ထိုစဉ် လင်းချွမ်ကို တွေ့သွားပြီး သက်ပြင်းချ၍
“သူဌေး”
လင်းချွမ် ခေါင်းငြိမ့်ပြကာ
“ဆာဗာအခြေအနေ ဘယ်လိုလဲ”
“အခုတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ တိုက်ခိုက်နေတဲ့ လမ်းကြောင်းတော့ရှိတယ်။ ကံကောင်းလို့ ကျွန်တော်တို့ နည်းပညာက အားကောင်းပါတယ်”
လီချင်းမှ ပြန်ဖြေလေသည်။
ဒီရက်ပိုင်း သူ လင်းချွမ်စတူဒီယိုသို့ ဝင်ပြီးနောက် သူ့နည်းပညာစွမ်းရည်များလည်း တိုးတက်လာပြီး သာမာန်အခက်အခဲများအား ဖြေရှင်းနိုင်နေလေပြီ။
သို့သော် ယခုလို တိုက်ခိုက်မှုကြီးများအား မကြုံဖူး၍ စိတ်လှုပ်ရှားနေမိ၏။
လင်းချွမ်ကိုတွေ့မှ စိတ်အေးနိုင်တော့သည်။
လင်းချွမ်လည်း ချက်ချင်း ဝင်ထိုင်ကာ စစ်ဆေးကြည့်လေ၏။
ထိုအချိန်တွင် လင်းချွမ်၏ အရှိန်အဝါများ လုံးဝ ပြောင်းလဲသွားပြီး ကျန်း မျက်လုံးလေးပြူး၍ ကြည့်နေမိသည်။
“လင်း ကျွန်တော်တို့ ဆာဗာနွေ မထိသေးဘူးမလား”
ကျန်းရန်မှ ဝင်မေးလိုက်သည်။
တစ်ခုခု ထိခိုက်ပါက ဆုံးရှုံးမှု ကြီးပါသည်။
အချက်အလက်များ ပေါက်ကြားပါကလည်း ပြဿနာရှိ၏။
“သူဌေးကျန်း ကျွန်တော့်နည်းပညာနဲ့ ပြဿနာတက်ရင် ကျွန်တော်တို့လည်း စတူဒီယိုပျက်မှာပါ”
လင်းချွမ် ပြုံး၍ ပြောလိုက်၏။
“ဦးလေးရယ် မစိုးရိမ်ပါနဲ့။ ကျွန်မဆရာက တော်ပါတယ်”
ကျန်းရှင်းရှင်း သူ့ဦးလေး ပုခုံးကိုပုတ်၍ ပြောလိုက်၏။
ကျန်းရန်လည်း ပြုံးလျက်
“မောင်ရင့်ကို ယုံပါတယ်ကွယ်”
လင်းချွမ်ကတော့ ကွန်ပျူတာကိုသာ အာရုံစိုက်လျက် ရှိသည်။
သူ့အတွေးမှာ ရှင်းပါသည်။
တန်ပြန်တိုက်စစ်ဆင်ရန် ဖြစ်၏။