ဟက်ကာနတ်ဘုရား လှုပ်ရှားခြင်း
Vol. 6 Ch. 80
အန်လင်းမြို့၊ ချင်းရှုနယ်။
ကန္တာရအင်တာနက်ဆိုင်၏ ရုံးခန်းထဲတွင်။
ကွန်ပျူတာစားပွဲတစ်ခုပေါ်တွင် ကျန်း၏ ပန်းရောင် အရုပ်များဖြင့် လက်ပ်တော့လေး ချထားသည်။
လင်းချွမ်မှာ ထိုင်ခုံပေါ်တွင်ထိုင်လျက် လက်ပ်တော့ မျက်နှာပြင်ကို စိုက်ကြည့်ကာ လက်များသည် ကီးဘုတ်ပေါ်၌ လျင်မြန်စွာ လှုပ်ရှားနေ၏။
လီချင်း၊ ကျန်းရှင်းရှင်းနှင့် ကျန်းရန်တို့မှာ အံ့ဩမှင်တက်စွာဖြင့် ငေးကြည့်နေကြလေသည်။
လီချင်း ကုဒ်များကို တစ်လုံးမှ မလွတ်အောင် စိတ်ဝင်တစားကြည့်လျက်ရှိသည်။ သူ့သူဌေးမှာ စစ်ထတိုက်တော့မည့်အလား ဖြစ်၏။
ဆိုက်ဘာနည်းလမ်း နားလည်သူများအတွက် ယခုအခြေအနေမှာ စစ်ပွဲတစ်ပွဲဖြစ်ပါသည်။
သို့သော် ကျန်းမှာတော့ လင်းချွမ်၏ကုဒ်များကို နားမလည်ပါ။
ထို့ကြောင့် စိုက်ကြည့်နေရုံသာ တတ်နိုင်၏။
လင်းချွမ်ကတော့ လေးနက်စွာဖြင့် အာရုံစိုက်ထားလေသည်။
ကျန်းမျက်လုံးထဲတွင် လင်းချွမ်၏ ပုံစံအသစ်ကို မြင်ယောင်လာခဲ့သည်။
အရင်က ဆင်းရဲသနားစဖွယ်ဖြစ်သောပုံစံ ပျောက်ဆုံး၍ ယုံကြည်ချက်ရှိရှိ အာရုံစူးစိုက်နေသော အမူအရာကြောင့် အလွန် ဆွဲဆောင်မှု ရှိလာသည်။
ထို့နောက် ကျန်းတစ်ယောက်တည်း ရေရွတ်မိလေ၏။
“ဆရာက အရင် စာရေးနေတုန်းကပုံစံနဲ့ မတူတော့ဘူးပဲ”
သို့သော် မကြာမီ သူလည်း အလုပ်စရှုပ်တော့သည်။
ကျန်းရှင်းရှင်း ကျန်းရန်ကို ထိုင်ခိုင်းလိုက်ပြီး
“ဦးလေး ဒီတစ်ခေါက်ရဲ့ အရေးပေါ်ကြေးလေး အကြောင်း ပြောရအောင်”
ကျန်းရန် မှင်တက်လျက်
“ဟဲ့ လင်းက ခုခံဖို့ ကြိုးစားနေတုန်း မဟုတ်ဘူးလား”
ကျန်းရှင်းရှင်း မျက်တောင်လေးခတ်လျက် တောက်ပစွာ ပြုံးကာ
“ဦးလေးရယ် ကျွန်မတို့ စတူဒီယို ၇၂၀ ကို ဘာသံသယဝင်စရာ ရှိလဲ။ အထူးသဖြင့် ဆရာ့ အရည်အချင်းကိုပေါ့။ ဦးလေးဆိုင်ရဲ့ ဆာဗာ မထိခိုက်ဘူးလို့ အာမခံတယ်နော်။ အဲ့တာကြောင့် အချိန်ကုန်မခံဘဲ အကောင့်တွေပဲ ရှင်းလိုက်ကြတာပေါ့”
ကျန်းမှာ အိတ်ကပ်ထဲမှ ဖုန်းလေးထုတ်၍ ဂဏန်းပေါင်းစက်ဖွင့်ကာ အလုပ်ရှုပ်နေသည်။
“…”
“ဦးလေး ကျွန်မတို့စာချုပ်အရဆိုရင် အရေးပေါ် ခုခံမှုကြေးက…”
တစ်ဖက်တွင် လင်းချွမ်တစ်ယောက် ကျူးကျော်သူ၏ အကောင့်ကို စတင်စုံစမ်းနေသည်။
အမှန်တော့ ကျူးကျော်သူ၏ အကောင့်ကို ရှာဖွေရသည်မှာ မလွယ်ကူလှပေ။
ဟက်ကာများမှာ ကိုယ်ပိုင်လမ်းကြောင်းကို ပြန်ဖုံးကွယ်နိုင်သော အရည်အချင်းလည်း ရှိကြသည်။
“သူဌေး ကျွန်တော် အကောင့်ကို သေချာရှာနေပေမဲ့ အကာအကွယ်ချထားတာတွေ အများကြီးပဲ။ ကျွန်တော် ဆက်ပြီး မလုပ်နိုင်တော့ဘူး”
လီချင်း ရှက်ရှက်ဖြင့် ဖွင့်ပြောလေ၏။
လင်းချွမ် ခေါင်းငြိမ့်ပြ၍ ပြုံးကာ
“သူတို့က ထိန်းချုပ်တိုက်ခိုက်နည်းကို သုံးနေတာပဲ။ ပြောရရင် သူတို့ရဲ့ မူလအရင်းအမြစ်ကနေ တိုက်ရိုက် သုံးနေတာမဟုတ်ဘူး။ ကြားခံတစ်ခု ရှိဦးမယ်”
တိုက်ခိုက်မှုများတွင် အခြေအနေ (၂) ခု ရှိတတ်ပါသည်။ တစ်ဆင့်တိုက်ခိုက်ခြင်းနှင့် ထိန်းချုပ် တိုက်ခိုက်ခြင်းတို့ ဖြစ်၏။
လီချင်း မျက်မှောင်ကြုတ်လျက်
“သူဌေး ထိန်းချုပ်တိုက်ခိုက်နည်းကို စစ်ဆေးရတာက ပိုခက်တယ်နော်။ ဌာနအရင်းအမြစ်ကို လုံးဝ စုံစမ်းဖို့ မလွယ်ဘူး”
“ဟုတ်တယ်နော်”
လင်းချွမ် မျက်နှာပြင်ကို စိုက်ကြည့်ကာ လက်ချောင်းများက ကီးဘုတ်ပေါ် လှုပ်ရှားရင်း ရယ်မော၍
“ဒါပေမဲ့ ဘယ်နေရာပဲဖြစ်ဖြစ် အားနည်းချက်တော့ ရှိပါတယ်။ မရှာနိုင်စရာ မရှိပါဘူး”
ကျွမ်းကျင်ဟက်ကာဘဝတွင် လင်းချွမ်တစ်ယောက် Red Hacker အနေဖြင့်ပင် ပြောင်းလဲ၍ နိုင်ငံခြား ဟက်ကာများနှင့် အပွဲပွဲ နွှဲခဲ့ဖူးပါသည်။ ထို့ကြောင့် ခုခံတိုက်ခိုက်ခြင်းများအား ရင်းနှီးနေ၏။
လင်းချွမ်အတွက်တော့ အရင်ထက် အချိန်နည်းနည်း ပိုပေးရသည်ကလွဲ၍ အပန်းမကြီးပေ။
…
မြောက်ပိုင်း မိုမြို့။
စတူဒီယိုတစ်ခုထဲ၌ ပင်လယ်ပြာရောင်မီးများ တောက်ပနေပြီး ရှုပ်ထွေးသော ဝါယာကြိုးများကြား၌ ကီးဘုတ် တဒေါက်ဒေါက် ပေါ်ထွက်နေသည်။
အန်ဂျလီနာတစ်ယောက် စတူဒီယိုထောင့်နားတွင် ထိုင်လျက် အနက်ရောင်အနွေးထည်လေးကြောင့် ဖြူဖွေးသော အသားအရည်မှာ ပို၍ ဖျော့တော့နေသည်။ ဂျင်းဘောင်းဘီအကြပ်နှင့် လည်ရှည်ဖိနပ်တို့မှာတော့ ကောက်ကြောင်းအလှကို ပို၍ ပေါ်လွင်စေလေသည်။
သူ့လက်ထဲတွင် ဖုန်းတစ်လုံး ကိုင်ထားပြီး လင်းချွမ်၏ ဟက်ကာလောကဝတ္ထု နိုင်ငံခြားရောင်းအား အခြေအနေကို ကြည့်နေသည်။
“ဟေး အန်ဂျလီနာ”
မြောက်ပိုင်းအဖွဲ့ဝင်တစ်ဦး ရောက်လာ၏။
“အန်ဒရေ တာဝန်ပေးလိုက်တာ ရှိလို့လား”
အန်ဂျလီနာ လှည့်မေးလိုက်သည်။
အန်ဒရေ ခေါင်းယမ်း၍ ပြုံးကာ
“မဟုတ်ပါဘူး။ အခုဖြစ်နေတာထဲက ပျော်စရာလေး ပြောပြမလို့”
“စိတ်မဝင်စားပါဘူး”
သူ လင်းချွမ်၏ဝတ္ထုကိုသာ အာရုံစိုက်နေ၏။
“မင်း စိတ်ဝင်စားမှာပါ။ ကက်စပါကောင်းကင်က ထုတ်ပြန်လိုက်တာ။ ဟက်ကာ တိုက်ပွဲကြီး ရှိနေတယ်တဲ့”
အန်ဂျလီနာ အံ့ဩစွာကြည့်နေ၏။
“ဟက်ကာတိုက်ပွဲလား”
“ဟုတ်ပါတယ်။ ဟန်မြစ်အပိုင်းဘက်မှာ ဖြစ်နေတာတဲ့။ ဟက်ကာအဖွဲ့အစည်းက ပြောလာတာ”
အန်ဒရေ ပြုံးလျက်
“မင်း စိတ်မဝင်စားရင်လည်း ထားပါတော့။ မခေါ်တော့ပါဘူး”
“နေဦး”
အန်ဂျလီနာ ရုတ်တရက် လှမ်းတား၍
“ဟန်မြစ်အပိုင်းလို့ ပြောလိုက်တာလား”
“ဟုတ်တယ်”
အန်ဒရေ ခေါင်းငြိမ့်ပြ၏။
အန်ဂျလီနာ ဖုန်းကို ချက်ချင်း ပိတ်လိုက်ပြီး ကွန်ပျူတာ၌ ကက်စပါကောင်းကင်ကို ရှာလိုက်သည်။
ကက်စပါကောင်းကင်ဆိုသည်မှာ မြောက်ပိုင်းအဖွဲ့မှ ဆိုက်ဘာတိုက်ခိုက်မှုများအား စောင့်ကြည့်ပေးသော အဖွဲ့ဖြစ်သည်။
“ခုနကတော့ စိတ်မဝင်စားဘူးဆို”
အန်ဒရေမှ ပြန်ပြော၏။
“မင်း နားမလည်ပါဘူး”
အန်ဂျလီနာ ပြုံး၍ ပြန်ပြောသည်။
ဟန်မြစ်အပိုင်းတွင် သူ့ဟက်ကာနတ်ဘုရား ရှိနေသည်။
ထိုသို့ ကျူးကျော်မှုရှိလာပါက ဟက်ကာနတ်ဘုရား ဒီအတိုင်း ထိုင်နေမည်လား။
အန်ဂျလီနာ အလွန်စိတ်ဝင်စားလာသည်။
လင်းချွမ် မည်သို့တုံ့ပြန်မည်ကိုလည်း သိချင်နေမိ၏။
ကက်စပါကောင်းကင်တွင် ဟန်မြစ်အပိုင်း၌ ကွန်ယက်ကျူးကျော်မှုများစွာ ခံစားနေရသည်ဟု ပြနေသည်။
အန်ဂျလီနာ မျက်မှောင်ကြုတ်၍ တွေးနေ၏။
လင်းချွမ်သာ ဝင်မပါလျှင် ထိခိုက်မှုအလွန်ကြီးပေမည်။
ရုတ်တရက် ဟန်မြစ်အပိုင်းမှ အလင်းရောင်ကြီး ပေါ်ထွက်လာသည်။
ပြန်လည်ခုခံနေပုံ ဖြစ်၏။
ခဏအကြာတွင် အန်ဂျလီနာ မျက်လုံးအရောင်လေး တောက်လျက် ရင်အစုံမှာ နိမ့်ချည်မြင့်ချည်ဖြင့် အသက်ရှူမြန်လာသည်။
“ဟက်ကာနတ်ဘုရား စလှုပ်ရှားလာပြီ”
“ဟက်ကာ နတ်ဘုရားလား”
အန်ဒရေ နားမလည်နိုင်စွာ ပြော၏။
အန်ဂျလီနာ သက်ပြင်းချ၍ ချက်ချင်းမဖြေဘဲ
“အန်ဒရေ ကျွန်မကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ပရိုဂရမ်အတွက် ကူညီပေးပါ”
“မင်း တိုက်ရိုက်ထုတ်လွှင့်မလို့လား”
အန်ဂျလီနာ စိတ်လှုပ်ရှားစွာဖြင့်
“ဒါပေါ့။ အိုင်ဒေါရဲ့ ပြန်ခုခံခြင်း စနေပြီ။ တစ်လောကလုံးက ဒီလိုကြီးမြတ်တဲ့ ဟက်ကာဘုရင်ကို ကြည့်ရမှာပေါ့”