အဆင့်မြင့် နည်းပညာ
Vol. 6 Ch. 82
တိုက်ရိုက်ထုတ်လွှင့်မှုတွင်။
အန်ဂျလီနာ၏ live ကို ကြည့်ရှုနေသူအားလုံး အုတ်အော်သောင်းနင်း ဖြစ်နေကြ၏။
[မယုံနိုင်စရာပဲ။ ငါတွေ့ဖူးသမျှထဲ တကယ် ကြောက်စရာကောင်းလွန်းတယ်]
[ဒီပွဲကတော့ ဟက်ကာလောကရဲ့ ငလျင်ကြီးပဲ]
[AW ကို ရင်ဆိုင်ပြီး (၁၀) မိနစ်အတွင်း အခြေအနေကို ပြောင်းလဲလိုက်တာပဲ]
[AW ကတော့ လုံးဝ ရှုံးသွားပြီ]
[ဒါမှ နတ်ဘုရားကွ]
[လီနာရေ ဒါ မင်းအိုင်ဒေါလား]
[…]
အားလုံး အံ့ဩထိတ်လန့်မှုများ ပြည့်နှက်နေသည်။
မီဒီယာများ၌လည်း ချက်ချင်း သတင်းများ ပျံ့နှံ့နေပြီ ဖြစ်၏။
ထိုစဉ် အန်ဂျလီနာ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ထွက်သွားလေသည်။
ထို့နောက် မျက်နှာအကာကို ချွတ်၍ ဆိုဖာပေါ်၌ အေးအေးလူလူထိုင်ကာ ပြုံးနေ၏။
သူ ဝီစကီတစ်ငုံ ယူသောက်လိုက်ပြီး ဖုန်းဖြင့် လင်းချွမ်ဆီ စာပို့လိုက်သည်။
“အိုင်ဒေါရယ် အရမ်းတော်တာပဲ”
“ကျွန်မရဲ့ ဟက်ကာနတ်ဘုရားဖြစ်ဖို့ ထိုက်တန်ပါတယ်”
…
လွန်ခဲ့သော နာရီဝက်က။
အန်လင်းမြို့၊ ရဲစခန်း၊ ဆိုက်ဘာလုံခြုံရေးအဖွဲ့။
ကွန်ပျူတာများ ပြည့်နေသော အခန်းထဲတွင် ဆိုက်ဘာရဲများ ပြင်းပြင်းထန်ထန် အာရုံစိုက်၍ လက်ချောင်းလေးများမှာ ကီးဘုတ်ပေါ်တွင် တဒေါက်ဒေါက်ဖြင့် လှုပ်ရှားနေကြ၏။ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။
သို့သော် AW အဖွဲ့၏ တိုက်ခိုက်မှုမှာ ပြင်းထန်လွန်း၏။ အဖွဲ့ထဲတွင် အင်အားအသင့်အတင့် ရှိသော်လည်း အခြေအနေ ဆက်ထိန်းရန် ခက်ခဲနေသည်။
“ဒါရိုက်တာနဲ့ အဖွဲ့မှူးယွီ လက်ရှိ ကျွန်တော်တို့ မြို့ထဲက အင်တာနက်ဆိုင် (၁၅) ခု တိုက်ခိုက်ခံနေရပါတယ်။ နည်းပညာကုမ္ပဏီကြီး (၂) ခုရဲ့ ဒေတာတွေလည်း အခိုးခံလိုက်ရလို့ အစိုးရအချက်အလက်တွေပါ အရေးကြီးနေတယ်။ မြန်မြန် ရွှေ့ပြောင်းမှ ဖြစ်မှာ”
ရှချင်းချင်း အရေးပေါ်အခြေအနေအား ကျန်းပြောင်နှင့် ယွီရှန်တို့ကို တင်ပြလိုက်သည်။
နဖူး၌လည်း ချွေးစက်များ သီးနေ၏။
အစိုးရအချက်အလက်များမှာ အန်လင်းတစ်မြို့လုံး၏ စီးပွါးရေးနှင့် အခြား အရေးကြီး အကြောင်းအရာများ ပါဝင်ပါသည်။
AW အဖွဲ့သာ ရရှိသွားပါက နောက်ဆက်တွဲကိစ္စမှာ မတွေးရဲစရာပင်။
“ခုခံမှုတွေ အခုချက်ချင်း အရှိန်မြှင့်မယ်”
ကျန်းပြောင် မျက်မှောင်ကြုတ်ထားမိသည်။
မနက်ပိုင်း သတင်းရပြီးတည်းက ဆိုက်ဘာအဖွဲ့ထံ ပြေးလာကာ ပါဝင်ကြိုးစားနေခဲ့သည်။
သို့သော် ယခု အစိုးရအချက်အလက် ပေါက်ကြားတော့မည့်ကိစ္စ ကြားသောအခါ အလွန် မျက်နှာပျက်နေတော့သည်။
ရှချင်းချင်း မျက်နှာငယ်ဖြင့်
“လက်ရှိမှာ ကျင်းထန်ကုမ္ပဏီကလည်း ခုခံရေးအတွက် အလွန်ဆုံး နောက်နာရီဝက်လောက်ပဲ တောင့်ခံနိုင်တော့မယ်”
ဒါရိုက်တာကျန်းပြောင်မှ
“ကျင်းထန်ကလူတွေရော”
“ခုခံရေးအသစ်တွေတော့ ရေးဆွဲနေပါတယ်”
ရှချင်းချင်း ပြန်ဖြေလိုက်သည်။
“လူအင်အားတိုးဖို့ ပြောလိုက်”
ကျန်းပြောင် ယွီရှန်အား ခိုင်းလိုက်၏။
ယွီရှန်လည်း အခေ့အနေကို သဘောပေါက်ကာ ဆိုက်ဘာနှင့် အချက်အလက်ဌာနကြီးသို့ ဖုန်းဆက်လိုက်သည်။
“အန်လင်းဆိုက်ဘဲရဲတပ်ဖွဲ့က အကူအညီ လိုနေပါတယ်”
“ကျွန်တော်တို့ အများဆုံး နောက်ထပ် နာရီဝက်လောက်ပဲ တောင့်ခံနိုင်ပါတော့မယ်။ နာရီဝက်ကျော်ရင် အန်လင်းရဲစခန်းရဲ့ ကွန်ယက် ပျက်စီးပါပြီ”
“တစ်နာရီလား။ အကောင်းဆုံး ကြိုးစားကြည့်ပါမယ်”
အဖွဲ့မှူးယွီ မျက်နှာပျက်၍ ဖုန်းချလိုက်၏။
ထို့နောက် ကျန်းပြောင်လည်း သက်ပြင်းချကာ
“နောက်တစ်နာရီလောက် တောင့်ခံကြတာပေါ့။ ရတဲ့နည်း အကုန်သုံးကွာ”
ထိုအချိန်တွင်။
အန်လင်း၏ ဆိုက်ဘာလုံခြုံရေးခုခံမှု ကျရှုံးနေသည့်တိုင် ဟန်မြစ်အပိုင်းမှလည်း အကူအညီ မပို့နိုင်ပေ။
AW အဖွဲ့နှင့် အပြင်းအထန် တိုက်ခိုက်နေရချိန် ဖြစ်၏။
AW ၏ နည်းပညာမှာ သူတို့ထက် အဆင့်အလွန် မြင့်နေသည်။
“ပြန်တိုက်ခိုက်နိုင်မယ့်နည်းလမ်း မရှိတော့ဘူးလား”
ကျင်းထန်ဘက်မှ ဖုန်ချန်းလည်း ကွန်ပျူတာရှေ့ ထိုင်ရင်း ဇောချွေးများ ရွှဲနစ်နေ၏။
သူတို့ တစ်ညလုံး ပြုပြင်ထားသည့် ကျင်းထန် အကာအကွယ်မှာ AW ၏ ထရိုဂျန်နှင့် ဗိုင်းရပ်စ်များအား အပြည့်အဝ မခုခံနိုင်သေးပေ။
သူ ထိုအကာအကွယ် ပြင်လိုက်သည်နှင့် ရွှေထုပ်ကောက်ရသကဲ့သို့ အဆင်ပြေပြီဟု ထင်ထားခဲ့ပါသည်။
သို့သော် လက်တွေ့တွင်တော့…
ဖုန်ချန်း နဖူးမှ ချွေးများ သုတ်လိုက်ပြီး
“အဲ့စာအုပ်ကို စောစောတည်းကတွေ့ရင် အဖြေရှိနေမှာကို”
သူပြောသည့်စာအုပ်မှာ ဟက်ကာလောက ဖြစ်ပါသည်။
သူ နည်းပညာအားလုံး ကျွမ်းကျင်ပိုင်နိုင်ရန် အချိန် မလုံလောက်ဘဲ ဖြစ်ခဲ့ရ၏။
“မဟုတ်သေးဘူး အခွင့်အရေးရှိတယ်။ ကြိုးစားကြည့်တာပေါ့”
ရုတ်တရက် အပိုင်း (၁၅၆) မှ အဖြစ်ကို သတိရသွားသည်။
ကိုယ်ပိုင်အကောင့်ကို ဖုံးကွယ်၍ လှည့်စားခြင်းပင်။
ထို့နောက် ဖုန်ချန်း ဖုန်းထုတ်ပြီး ဟက်ကာလောက အပိုင်း (၁၅၆) ကို ဖွင့်လိုက်၏။
သူ့ကို ကယ်နိုင်မည်မှာ ထိုဝတ္ထုသာ ရှိတော့သည်။
အကောင့်ချင်းလဲ၍ အန်လင်းအစိုးရစနစ်ကို ရရှိလျှင် အနည်းဆုံး အချိန်ဆွဲထားနိုင်ပါသည်။
ဟုတ်တယ်။ ဒီလိုပဲ လုပ်ကြတာပေါ့။
ဖုန်ချန်း ဝတ္ထုစာသားများကို သေချာဖတ်နေ၏။
“…”
သူကိုယ်တိုင်လည်း စွန့်ဦးတီထွင်သူတစ်ဦးအနေဖြင့် ကုဒ်များစရေးခဲ့ပြီး ဟက်ကာဝတ္ထုများစွာ ဖတ်ဖူးပါသည်။
လွန်ခဲ့သော ဆယ်စုနှစ်က ‘ကီးဘုတ်ရူး’ ဟူသော ဝတ္ထုမှာ အလွန်ခေတ်စား၍ ရောင်းအားကောင်းခဲ့ပြီး ယခုလို ဟက်ကာစာအုပ်ကောင်း ထပ်ထွက်ရှိလာမည်ဟု မထင်ခဲ့ပေ။
ဖုန်ချန်းတစ်ယောက် စာအုပ်ထဲမှ အကြောင်းအရာများကို မှီခိုကာ ရှေ့ဆက်နေရလေပြီ။
သူ တိတ်ဆိတ်စွာ အာရုံစိုက်နေသည်။ နူးညံ့သာယာသော စမ်းချောင်းရေ စီးဆင်းသကဲ့သို့ အသိဉာဏ်များလည်း ပြည့်ဝလာ၏။
“နားလည်ပြီ”
ဖုန်ချန်း ချွေးများသုတ်ကာ မျက်နှာလေးက စိတ်လှုပ်ရှားစွာ ဝင်းပနေသည်။
ထို့နောက် ယွီရှန်၏ရုံးခန်းသို့ ပြေးသွားတော့၏။
ရုံးခန်းထဲ၌ ယွီရှန်အပြင် ကျန်းပြောင်လည်း ရှိနေသည်။
ဖုန်ချန်းမှ အမောတကောဖြင့်
“ဒါရိုက်တာကျန်း၊ အဖွဲ့မှူးယွီ ကျွန်တော် အဖြေရှာတွေ့ပြီ”
“ဘာအဖြေလဲ”
ကျန်းပြောင်တို့လည်း မျက်လုံးအရောင်များ လက်သွား၏။
ထိုစဉ် ရှချင်းချင်း ပြေးဝင်လာပြီး
“ဒါရိုက်တာကျန်း သတင်းကောင်း ရှိပါတယ်”
“ဘာများလဲ”
ခေါင်းဆောင်များ ရုတ်တရက် လန့်နေပြီးမှ အမြန် မေးလိုက်သည်။
“ဆိုက်ဘာလုံခြုံရေးကိစ္စ အဆင်ပြေသွားပါပြီ”
ရှချင်းချင်း ပြောပြီးမှ အသက်ကို လုရှူနေ၏။
ကျန် (၃) ယောက်မှာတော့ မှင်တက်လျက်
“အဆင်ပြေသွားပြီလား”