ရဲဌာနနှင့် ပူးပေါင်းခြင်း
Vol. 6 Ch. 86
“အရာရှိကြီး ကျွန်မတို့ စတူဒီယိုနဲ့ တကယ် ပူးပေါင်းချင်တာလား”
ကျန်းရှင်းရှင်း သူကြားခဲ့သည်ကို မယုံနိုင်သောကြောင့် အံ့ဩစွာ ပြန်မေးလိုက်သည်။
တစ်ဖက်မှ
“ကျွန်တော်တို့ တကယ် ပူးပေါင်းချင်စိတ် ရှိတာပါ။ ခင်ဗျားတို့ဘက်က တာဝန်ရှိသူနဲ့ အသေးစိတ် ပြောချင်ပါတယ်”
ကျန်း၏ မျက်နှာလှလှလေးမှာ ပို၍ ဝင်းလက်သွားသည်။
“လင်းချွမ်က အခု… အလုပ်နည်းနည်း ရှုပ်နေလို့။ ဒါပေမဲ့ ကျွန်မနဲ့ အကြမ်းဖျင်း ပြောထားလို့ ရပါတယ်။ ပြီးမှ လင်းချွမ်ကို ပြောပေးထားမယ်လေ။ ဪ ဒါနဲ့ ကျွန်မက ကျန်းရှင်းရှင်းပါ။ စတူဒီယို ၇၂၀ ရဲ့ မိတ်ဖက်ပေါ့”
နှစ်ယောက်သား ခပ်အေးအေး ဖုန်းပြောနေကြသည်။
ခဏပြောပြီး ဖုန်းချလိုက်ပြီးနောက် ကျန်းရှင်းရှင်း တောက်ပစွာပြုံးလျက် ရေရွတ်မိ၏။
“ ရဲတွေဆီကတောင် ပူးပေါင်းချင်လို့ စကမ်းလှမ်းလာတယ်ဆိုတော့ ငါတို့စတူဒီယိုက တော်တော် နာမည်ကြီးနေပြီပဲ”
“ဒါကိစ္စကြီးပဲ။ ငါ့ရဲ့အစီအစဉ်က ထင်ထားတာထက် ပိုမြန်နေတယ်”
ကျန်း လင်းချွမ် အပေါ်ထပ်ကို ပြေးတက်သွားလေ၏။
(၆) လွှာ၌။
ကျန်း အမောတကော ပြေးလာသောကြောင့် မျက်နှာလေး နီရဲနေသည်။
ဒေါက် ဒေါက် ဒေါက်။
“ဘယ်သူလဲ”
လင်းချွမ် အိပ်ချင်မူးတူးထလာပြီး တီရှပ်တစ်ထည် ထပ်ဝတ်လိုက်သည်။
“ကျွန်မပါ”
ကျန်း၏ အသံလေး ထွက်ပေါ်လာ၏။
ကျွီ—
“ကျွန်တော့်ကတော် တကယ် လုပ်မလို့လား”
ကျန်း မျက်စောင်းလေးထိုးလျက်
“အိပ်မက်သာ မက်နေ”
“ဒါဆို မင်း ဘာလို့ မျက်နှာက နီရဲနေတာလဲ”
လင်းချွမ် ပြန်မေး၏။
ကျန်းရှင်းရှင်း မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ပြုံးလျက်
“သူဌေးရေ ကျွန်မတို့စတူဒီယိုကတော့ သတင်းကောင်း ရှိနေပြီ”
“ဘာသတင်းကောင်းလဲ”
လင်းချွမ် မျက်လုံးများပွတ်၍ သတိပြန်ဝင်လာ၏။
“ကျွန်မ အထဲဝင်ပြီး အေးဆေးပြောလို့ရလား”
သူ လှေကားကို ပြန်လှည့်ကြည့်ပြီးနောက် မလုံခြုံသလိုဖြင့် ပြောလိုက်သည်။
“မင်းက အခန်းပိုင်ရှင်ပဲ။ ရပါတယ်”
လင်းချွမ် ရယ်မောကာ ပြောလေ၏။
ကျန်းရှင်းရှင်းကတော့ ယောက်ျားလေး တစ်ယောက်တည်းနေသော အခန်းဟု သတိမထားမိဘဲ ဝင်ထိုင်လိုက်သည်။
“သူဌေး ကျွန်မ ခုနက ဘယ်သူနဲ့ ဖုန်းပြောခဲ့တယ်ထင်လဲ”
“ဘယ်သူနဲ့လဲ”
“ဆိုက်ဘာလုံခြုံရေးအဖွဲ့နဲ့”
သူ ပြောလိုက်ပြီးမှ လင်းချွမ်၏ အံ့ဩသော အမူအရာကို စောင့်နေလေသည်။
သို့သော် လင်းချွမ်မှာ သိထားပြီးပုံဖြင့် ခပ်အေးအေး ရေရွတ်လေ၏။
“မြန်မြန် ရှာတွေ့သွားတာပဲ”
လင်းချွန် အားလုံး သိထားပါသည်။
ပုံမှန် စီးပွါရေးတစ်ယောက်အနေဖြင့် မနက်က အခြေအနေတွင် အခွင့်အရေး ယူနိုင်သော်လည်း သူ AW ကိုသာ အပြတ်တိုက်ခိုက်ခဲ့၏။ ထို့ကြောင့် စုံစမ်းစစ်ဆေးခံရမည်ကို သိထားပြီး ဂုဏ်လည်း ယူမိပါသည်။
အငှါးတိုက်ခန်းထဲ၌။
ကျန်း လင်းချွမ်ကို ငေးကြည့်လျက်
“သိပြီးပြီကိုး။ ရှင် တိတ်တိတ်လေးလုပ်ပြီး ကျွန်မကို ဖုံးထားတာလား”
လင်းချွမ် နေရခက်စွာပြုံး၍
“ကျန်း ကျွန်တော့်ကို စစ်ဆေးရေး ဝင်နေတာလား”
“စစ်ဆေးတယ်လား”
ကျန်း နှုတ်ခမ်းလေးစူလျက်
“ဆရာရယ် ရှင့်ရဲ့ မိတ်ဖက်အနေနဲ့ရော အိမ်ထောင်ဖက်အနေနဲ့ပါ ရှင့်အကြောင်း ပိုသိလို့ မရဘူးလား”
လင်းချွမ်ပြုံးလျက်
“ဟင်”
ကျန်း မျက်မှောင်ကြုတ်လျက် ချက်ချင်း သတိဝင်လာပြီး
“တော်ပါတော့ မဟုတ်တာတွေ”
လင်းချွမ် ကျန်းရှင်းရှင်းကို ဆက်မနောက်တော့ဘဲ ရယ်မော၍
“ကောင်းပါပြီ။ ရဲတွေက ဘာတဲ့လဲ”
“ကျွန်မတို့ စတူဒီယို ၇၂၀ နဲ့ ပူးပေါင်းချင်လို့တဲ့”
ကျန်း ပြန်ဖြေလိုက်သည်။
“ဘယ်လို ပူးပေါင်းချင်တာလဲ””
“အသေးစိတ်တော့ မပြောရသေးဘူး။ လူချင်းတွေ့ပြီး ပြောချင်တယ်တဲ့”
“ဘယ်အချိန် ဘယ်နေရာတဲ့လဲ”
“အဲ့တာ ကျွန်မတို့ပဲ ဆုံးဖြတ်လိုက်ပါတဲ့”
လင်းချွမ် ခဏစဉ်းစား၍
“မနက်ဖြန်ဆိုရင်ရော”
“ဒါဆို ကျွန်မ ပြန်ဆက်ထားလိုက်ပါမယ်”
ကျန်း ခေါင်းငြိမ့်၍ ပြောပြီးမှ
“ဆရာ ရဲတွေက ဘာလို့ ရုတ်တရက်ကြီး ပူးပေါင်းချင်ရတာလဲ”
လင်းချွမ် ခဏစဉ်းစားကာ
“ဧကန္တ ကျွန်တော့်အရည်အချင်းက အရမ်းတော်နေလို့များလား”
ကျန်း သူ့ကို စိုက်ကြည့်၍
“ဆရာ လာကြွားနေတာလား”
လင်းချွမ် ခပ်တည်တည်ဖြင့်
“ကျွန်တော် တကယ်ပြောနေတာပါ”
“ဟုတ်တော့လည်း ဟုတ်ပါတယ်လေ”
“ကဲပါ။ ပူးပေါင်းဖို့ ပြင်ဆင်ထားလိုက်တော့။ ဒါ ကျွန်တော်တို့ စတူဒီယိုအတွက် အစကောင်းပဲ”
“ဟုတ်ကဲ့ပါ သူဌေး”
ကျန်း ပြုံး၍ မတ်တပ်ထရပ်ကာ အခန်းအပြင်ရောက်ပြီးမှ ပြန်လှည့်မေးလေ၏။
“ဒီအပတ် အလုပ်သမားနေ့ပိတ်ရက်အတွက် ဘာအစီအစဉ်ရှိလဲ”
“ဘာမှမရှိပါဘူး။ ဘာလို့လဲ”
“ဒီအတိုင်း မေးကြည့်တာပါ ဟီးဟီးဟီး”
ကျန်း အောက်ပြန်ဆင်းသွားပြီး ရဲဌာနအား ဖုန်းဆက်လိုက်သည်။
လင်းချွမ်လည်း တံခါးပိတ်၍ ကွန်ပျူတာရှေ့ ထိုင်နေ၏။
နေ့လယ်ခင်းအချိန်ဖြစ်သော်လည်း တိမ်ထူ၍ အနည်းငယ် အေးချမ်းနေသည်။
လင်းချွမ် ရေနွေးတစ်ခွက် သောက်ရင်း ပြတင်းပေါက်ဖက် ငေးကြည့်မိ၏။
သူ့တွင် အာရုံစိုက်စရာ အလုပ် (၂) ခု ရှိနေလေပြီ။
တစ်ခုမှာ စာရေးခြင်း ဖြစ်၏။
သူ အရင်လက နာမည်ကြီးဝတ္ထုများ ရေးနိုင်ခဲ့ပြီး ဝင်ငွေလည်း အလွန်ကောင်းခဲ့သည်။
ယခုလည်း ‘လှည့်စားခြင်း’ ဟူသော စာအုပ်အသစ် ရေးပြီးကာ ပြိုင်ပွဲဝင်ပြိုင်ရန် စောင့်နေခြင်း ဖြစ်သည်။
ထိုပြိုင်ပွဲမှ အရွေးခံရလျှင် ရုပ်သံဇာတ်လမ်းတွဲပင် ဖြစ်လာနိုင်၏။
“ရုပ်သံဇာတ်လမ်းတွဲ…”
လင်းချွမ် ရေရွတ်လိုက်မိသည်။
ထိုအခြေအနေမှာ အွန်လိုင်းစာရေးဆရာတိုင်း၏ အိပ်မက် ဖြစ်ပါသည်။
ထိုရုပ်သံဇာတ်လမ်းတွဲ အောင်မြင်သွားပါက ပို၍ နာမည်ကြီးလူသိများလာနိုင်ပါသည်။
နောက်ထပ် အာရုံစိုက်ရမည်မှာတော့ စတူဒီယို ဖြစ်၏။
လက်ရှိတွင် စတူဒီယိုမှာ ဖြည်းဖြည်းနှင့် မှန်မှန် တိုးတက်နေပြီး ရဲဌာန၏ အာရုံစိုက်မှုကိုပင် ရရှိထားသည်။ သူတို့ ကောင်းကောင်း အရည်အချင်း ပြနိုင်လျှင် အမှတ်ပိုရပေမည်။
‘တီ တီ တီ—‘
ဖုန်းမြည်သံကြားရပြီး လင်းချွမ် လှမ်းကြည့်လိုက်သောအခါ ရှချင်းချင်း ဖြစ်၏။
“ရဲမေရှ ကောင်းသောနေ့လယ်ခင်းပါ”
လင်းချွမ်ပြုံး၍ ပြောလိုက်သည်။
တစ်ဖက်မှ ရှချင်းချင်း ရယ်မောကာ
“ဆရာလင်း ဒီည ညစာလိုက်ကျွေးချင်လို့ ရမလား”
လင်းချွမ် စနောက်သလိုဖြင့်
“ရဲမေရှ စားပွဲကြီး စီစဉ်ထားတာတော့ မဟုတ်ပါဘူးနော်”
ရှချင်းချင်း ရယ်မောလျက်
“ဘာစားပွဲကြီးလဲ။ ဒီည မြစ်ကမ်းဘေးက ဆိုင်မှာ စောင့်နေမယ်နော်”