အစ်ကိုဝမ် စိတ်မပူနဲ့
Vol. 6 Ch. 89
“ရှင်က ရှင့်ဇာတ်ကောင်တွေထဲကလို စကားတတ်လာတာပဲ”
ရှချင်းချင်း မျက်နှာလေးရဲ၍ ပြန်ပြော၏။
“ကျွန်တော် တကယ်ပြောနေတာပါ”
“လူတွေပြောတာတော့ အွန်လိုင်းစာရေးဆရာတွေက ဆက်ဆံရေးမကောင်းဘဲ စကားလည်းနည်းတယ်တဲ့။ ဒါပေမဲ့ ရှင်တော့ မပါဘူးထင်တယ်”
ရှချင်းချင်း နောက်လိုက်သည်။
လင်းချွမ်ရယ်မော၍ ရှချင်းချင်းပန်းကန်ထဲ ပုစွန်ကြီးတစ်ကောင် ထည့်ပေးကာ
“ဒါကို တောင်းပန်တယ်လို့ သဘောထားပေးပါနော်”
“ဒါပေမဲ့ ဒီညစာကို ကျွန်မကျွေးတာလေ”
ရှချင်းချင်း ခပ်တည်တည်ဖြင့် ပြောလေ၏။
“အဲ့တော့ ဘယ်လိုလုပ်ကြမလဲ”
လင်းချွမ်ပြုံး၍ ပြန်မေးလိုက်သည်။
“ကျွန်မကို ပုစွန်အခွံခွါပေးပါ”
ရှချင်းချင်း မျက်လုံးအရောင်များတောက်လျက် ပြောလိုက်သည်။
လင်းချွမ်လည်း ပြုံး၍ လက်အိတ်စွပ်ကာ ပုစွန်တစ်ကောင် ခွါပေးလိုက်သည်။
ပုစွန်အခွံခွါခြင်းအတွက် အရည်အချင်း မလိုပါ။ စိတ်ရင်းဖြင့်ပင် မိန်းကလေးတစ်ဦး ပျော်ရွှင်ရန် စွမ်းဆောင်နိုင်ပါသည်။
အချို့ လောဘကြီးလွန်းသူများအတွက်တော့ မတတ်နိုင်ပါ။
“အယူရှိရင် အပေးလည်း ရှိရမှာပေါ့”
ရှချင်းချင်းတစ်ယောက် လင်းချွမ် ခွါပေးသော ပုစွန်များ စားပြီးနောက် လင်းချွမ်အတွက်လည်း ပြန်ခွါပေးလေသည်။
လင်းချွမ်ကတော့ ပြုံးဖြီးနေတော့၏။
မိန်းကလေး၏ ထိုစမ်းသပ်မှုကို မည်သည့် ယောက်ျားက ခံနိုင်ရည်ရှိမည်နည်း။
သူများခွါပေးသော ပုစွန်မှာ ကိုယ်တိုင်ခွါခြင်းထက် ပို၍ အရသာရှိပါသည်။ အရသာ ကွဲပြားခြင်း မဟုတ်ဘဲ ခံစားချက်မတူခြင်း ဖြစ်၏။
“အသေးစိတ်ပြောရရင် ရှင့်ဝတ္ထုက ကျားဖြန့် ဆန့်ကျင်ရေးအတွက် အများကြီး သက်ရောက်လိမ့်မယ်။ ဘယ်တော့လောက် ထုတ်မှာလဲ။ ကျွန်မအဖေကိုလည်း ညွှန်းပေးမလို့”
ရှချင်းချင်း ပြုံး၍ ပြောလိုက်သည်။
“အလုပ်သမားနေ့ပြီးလောက်မှပေါ့”
လင်းချွမ် အံ့ဩစွာဖြင့်
“မင်းအဖေက ကျားဖြန့်ဆန့်ကျင်ရေးမှာ လုပ်နေတာလား”
“မဟုတ်ပါဘူး။ သူက နစ်နာသူ ဖြစ်ခဲ့ဖူးတယ်လေ”
“အင်း…”
လင်းချွမ် စွံ့အ၍ နေရခက်သွားသည်။
ရှချင်းချင်း ရယ်မောလျက်
“ကျွန်မက ရဲဝန်ထမ်းဆိုတော့ တတ်နိုင်သလောက် သတိပေးပေမဲ့ အဖေက ခေါင်းမာတယ်လေ။ အဲ့တာကြောင့် ပါသွားတာ။ သူတင်မကဘူး။ တခြား လူကြီးတွေလည်း သိပ်ယုံလွယ်တာ”
လင်းချွမ် ထိုစကားကို ထောက်ခံမိပါသည်။
သူကိုယ်တိုင် ပုံရိပ်ယောင်လောက၌ အတွေ့အကြုံ ရှိစဉ်ကလည်း ထိုအခြေအနေများစွာ ကြုံဖူး၏။
ဝန်ထမ်းများမှာ သက်ကြီးပိုင်းများကိုသာ ထောင်ချောက်ဆင် မြှူဆွယ်လေ့ ရှိသည်။ နည်းပညာ ဗဟုသုတ မကြွယ်ဝဘဲ ရိုးရှင်းသော ဆက်တံရေးကြောင့် လိမ်ရပိုလွယ်၏။
ဟင်!
လင်းချွမ် ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။
သူ့မွေးရပ်မြေမှာ မတိုးတက်သော ဒေသဖြစ်သော်လည်း သူ့အမေကတော့ သွက်လက်ပြီး ခပ်စွာစွာဖြစ်သောကြောင့် အလိမ်မခံရလောက်ပါ။
အဖေမှာလည်း ငွေကြေးထိန်းချုပ်ခံထားရပြီး အပိုငွေ မရှိသောကြောင့် လိမ်လျှင်လည်း ဘာမှ မတတ်နိုင်ပေ။
“ဒီအကြောင်းတွေ ပြောမနေပါနဲ့တော့”
ရှချင်းချင်း စကားလမ်းကြောင်း လွှဲလိုက်သည်။
“ဆရာလင်း အလုပ်သမားနေ့ အားလားဟင်”
“အင်း ဘာမှတော့ မရှိပါဘူး။ ဘာလို့လဲ”
“ကျွန်မ အင်တာနက်နဲ့ဆိုင်တဲ့ နည်းပညာ ပြဿနာလေးတစ်ခု ရှိနေလို့ ရှင် ဆွေးနွေးပေးလို့ ရမလားလို့ပါ”
ရှချင်းချင်း ပြုံး၍ ပြောလိုက်သည်။
“ရတယ်လေ”
လင်းချွမ်လည်း ချက်ချင်း ပြန်ဖြေလေ၏။
ညမှာပို၍ မှောင်မိုက်လာလေပြီ။
အန်လင်းမြစ်တစ်လျှောက်တွင် အလင်းရောင်များ တလက်လက်ထနေပြီး လေပြေညင်းများကြောင့် လှိုင်းခတ်သံ တလှုပ်လှုပ် ကြားနေရသည်။
လင်းချွမ်နှင့် ရှချင်းချင်းတို့ ကျောက်ခင်းလမ်းပေါ် ခပ်အေးအေး လျှောက်လာကြသည်။
လမ်းမှာ အဆုံးမရှိသလိုပင် ခံစားရ၏။
ည (၉:၃၀) ဝန်းကျင်တွင် ရှချင်းချင်း လင်းချွမ်ကို နှုတ်ဆက်ကာ လမ်းခွဲခဲ့လေသည်။
လင်းချွမ် သက်ပြင်းချ၍ တစ်ယောက်တည်း လျှောက်လာစဉ်
တီ တီ တီ —
အစ်ကိုဝမ်: “ညီလေး ငါ အခု ပြဿနာကြီး တက်နေပြီ”
လင်းချွမ် မြစ်ကမ်းဘေးမှ ခုံတန်းရှည်တစ်ခု၌ ဝင်ထိုင်လိုက်ကာ
“ဘာဖြစ်တာလဲ။ အားလုံး အဆင်ပြေနေတယ် မဟုတ်ဘူးလား”
“အဲ့တာက…တွေ့မှ အကြောင်းစုံ ရှင်းပြတော့မယ်။ ငါနဲ့ ညလယ်စာ စားကြမလား”
ဝမ်ကျီခန် သက်ပြင်းချ၍ ပြော၏။
“ကျွန်တော် အခုပဲ စားပြီးတာ။ ဗိုက်မဆာဘူး”
လင်းချွမ် ရယ်မော၍ ပြန်ဖြေသည်။
“ဟင်”
ဝမ်ကျီခန် အံ့ဩစွာဖြင့်
“မင်းက ရည်းစားလည်း မရှိဘဲ တစ်ယောက်တည်း ဘယ်လောက် စားလိုက်လို့လဲ”
“အမှန်တော့ နှစ်ယောက်ပါ”
“ရဲမေရှန်နဲ့လား”
ဝမ်ကျီခန် မှင်တက်၍
“လင်း မင်း အဆင်ပြေနေတာပဲ။ အခြေအနေ ကောင်းတယ်မလား”
“အင်း ရဲမေရှန်တော့ မဟုတ်ဘူး။ ရဲမေရှနဲ့”
လင်းချွမ်ပြုံး၍ ပြောလိုက်သည်။
“…”
မိနစ် (၂၀) ခန့်အကြာတွင် ဝမ်ကျီခန် လင်းချွမ် ရှိရာသို့ ရောက်လာသည်။
“လင်း ဘာတွေဖြစ်ကုန်တာလဲ”
“ပုံမှန်ပါပဲ။ ရဲမေရှက ကျွန်တော့်ဝတ္ထုကို အရမ်း ကြိုက်တာလေ။ အဲ့တာကြောင့် ညစာ လိုက်ကျွေးချင်တယ်ဆိုတာနဲ့ပဲ”
“ကျစ် ကျစ် ကျစ်”
ဝမ်ကျီခန် လက်မထောင်ပြ၍
“မင်းကတော့ အရည်အချင်းတွေ ရှိနေတာပဲ ဟမ်”
“ဘာကိုပြောတာလဲ”
လင်းချွမ် နားမလည်နိုင်စွာ ပြန်မေး၏။
“မနေ့က ရဲမေရှန်က ငါ့ချီချီလေးကို မေးတယ်တဲ့။ မင်း အလုပ်သမားနေ့ ချိန်းထားတာ ရှိလားဆိုပြီး။ မင်းတို့ တော်တော် ရင်းနှီးနေကြပြီ ထင်တာ”
ဟင်…
လင်းချွမ် ပါးစပ်အဟောင်းသားဖြင့် မျက်လုံးပြူးနေမိသည်။
မိန်းကလေးတွေအားလုံး တိုက်ထားကြတာလား။
ငါ အချိန်စီစဉ်တာ မကျွမ်းဘူးလေ။
အာ… တကယ် စိတ်ရှုပ်စရာပဲ”
လင်းချွမ်လည်း သက်ပြင်းချ၍ ရုတ်တရက် စိတ်ရှုပ်သွားသည်။
“မင်းက ငပွေပဲကွ။ အဲ့တော့ ဘယ်သူ့ကို တကယ်ကြိုက်တာလဲ ပြောပါဦး”
“မချစ်ဖူးတော့ မပြောတတ်ပါဘူး”
လင်းချွမ် ခေါင်းယမ်းပြ၏။
ဗိုက်ပြည့်နေသူမှာ ထပ်စားရန် စိတ်ကူးမရှိပေ။ ယောက်ျားတစ်ယောက်အတွက် ခံစားချက်မှာ အရေးကြီးလှသည်။
ဝမ်ကျီခန် ခဏအကြာမှ ထပ်မေး၏။
“မင်း လှတာ ကြိုက်တာလား”
“လှတာ မကြိုက်တဲ့သူ ရှိလို့လား”
“ကြိုက်မကြိုက်သာ ပြောစမ်းပါ”
“ရင်သားကြီးတာ ကြိုက်လား”
“အင်း”
“ခြေတံသွယ်တာ ကြိုက်လား”
“အင်း”
“ရိုးသားပြီး ဆွဲဆောင်မှုရှိတာရော”
“ကြိုက်တယ်”
“ဆက်ဆီကျတာရော”
“ကြိုက်တယ်”
လင်းချွမ် မျက်မှောင်ကြုတ်လျက်
“နေပါဦး ဒါတွေကို မကြိုက်တဲ့ ယောက်ျား ရှိလို့လား”
“ဟုတ်ပါတယ်လေ”
ဝမ်ကျီခန် ရယ်မော၍ ပြန်ပြော၏။
“ထားပါတော့”
လင်းချွမ် အလုပ်သမားနေ့တွင် အချိန်စီစဉ်ရန်သာ တွေးထားလိုက်သည်။
“ဒါနဲ့ ပြဿနာတက်နေပြီဆို”
“ကောင်မလေးနဲ့ဝေးလို့ ဗိုက်အောင့်နေတာ”
“အစ်ကိုဝမ် ညကြီးမိုးချုပ် လာနောက်နေတာလား”
“တကယ်ပြောနေတာကွ”
ဝမ်ကျီခန် မျက်နှာပျက်နေ၏။
“အဟ”
လင်းချွမ်ကတော့ မကြုံဖူး၍ အေးဆေးပင်။
“ချစ်သူရတာ ကောင်းပေမဲ့ သု့အသိုင်းအဝိုင်းနဲ့ ဝင်ဆံ့အောင်နေဖို့ ခက်နေလို့။ သူ့မိတ်ဆွေတွေက နာမည်ကြီး စာရေးဆရာတွေချည်းပဲ”
“သိမ်ငယ်နေတာလား”
လင်းချွမ် ပြန်မေးလိုက်သည်။
အစ်ကိုဝမ်မှာ အမြဲယုံကြည်ချက် အပြည့်ဖြင့် ကြွားနေတတ်သူဖြစ်ပါသည်။ သို့သော် သူ ခေါင်းငြိမ့်လျက်
“လင်း မင်း ငါ့ကို သိပါတယ်။ ငါ အရမ်းကြီး မြင့်မြင့် မမှန်းတာ။ ချီချီကလည်း ငါ့အောင်မြင်မှုကို စိတ်ထဲတော့ မထားပါဘူး။ ဒါပေမဲ့ အောင်မြင်မှု တစ်ခုပဲရှိတော့ နေရခက်တယ်။ စိတ်ရှုပ်စရာပဲ”
“အစ်ကိုဝမ်ရယ် အဲ့တာတွေ မပူပါနဲ့တော့”
“ဘာလို့လဲ”
“ကျွန်တော်လည်း subscription (၁) သောင်း ရသွားပြီလေ”
လင်းချွမ် ရယ်မော၍ ပြောလိုက်၏။
“…”
ဝမ်ကျီခန် မျက်လုံးပြူးနေမိလေသည်။