အရောင်းဝန်ထမ်း အတွေ့အကြုံ
Vol. 6 Ch. 77
(၅) မီလီယံ ရှာပြီး (၂၀) ရာခိုင်နှုန်း ပြန်ပေးမယ်ဆိုတော့ (၁) မီလီယံပေါ့။ ကျားဂူမှန်း သိပေမဲ့ ပိုးဖလံမျိုး မီးကိုတိုးသလို စိတ်လိုလက်ရ ဝင်လာကြတာ မဆန်းပါဘူး။
လင်းချွမ်အတွက်တော့ ရင်ခုန်စရာ မရှိပေ။
စက်ရုံ၌ ပိုက်ဆံရှာ၍ စက်ရုံ၌ပင် ပြန်သုံးခဲ့ရမည်။ အိမ်သို့ယူခွင့် မရှိပါ။
ထိုစက်ရုံထဲ ဝင်လိုက်ပြီးသည်နှင့် တစ်သက်လုံး ပြန်မထွက်နိုင်တော့ပေ။
စက်ရုံ တတိယထပ်။
အထဲ၌ မှိန်ပျပျနှင့် ကြမ်းပြင်တွင် ဝိုင်ယာကြိုးများ ရှုပ်ယှက်ခတ်နေသည်။ စားပွဲများစွာ တန်းစီချထားပြီး အလယ်တွင် သစ်သားပြားများ ကန့်ထား၏။ စကားပြောခန်းငယ်များ ဖြစ်လေသည်။
နံရံပေါ်တွင် အနီရောင်ဖြင့် သွေးကဲ့သို့ ရေးထားသော စာသားများလည်း ရှိ၏။
‘ယနေ့ ကြမ်းပြင်ပေါ်မှာ အိပ်ပါ။ မနက်ဖြန် သူဌေး ဖြစ်လာမည်’
‘အောင်မြင်ချင်ပါသလား။ ရူးသွပ်ပါ။ ပိုက်ဆံကို နောင်တမရအောင် ရှာဖွေပါ’
‘တစ်ခါပဲ တိုက်ခိုက်ပြီး မျိုးဆက် (၃) ခုအထိ ချမ်းသာပါ။ ကြိုးစားခြင်းကသာ ကျရှုံးမှုမှ ကာကွယ်ပေးမည်’
လင်းချွမ် စားပွဲနံပါတ် (၈၀၂၇) တွင် ဝင်ထိုင်ကာ သူ့အရှေ့တွင် ဖုန်း (၂) လုံးနှင့် ကွန်ပျူတာ (၁) လုံး ရှိနေသည်။
သူ အရောင်းဝန်ထမ်းအစစ် ဖြစ်လာလေပြီ။
တကယ်ပါပဲ။ လိမ်စားတာကိုများ အရောင်းဝန်ထမ်းတဲ့။
မည်သို့ပင်ဖြစ်စေ အရောင်းဝန်ထမ်းဘဝ ဆက်လက် ဖြစ်တည်နေပါသည်။
လင်းချွမ် သက်ပြင်းချ၍ စနစ်မှပေးထားသော စီးပွါးရေးညှိနှိုင်းမှု စွမ်းရည်အား စတင်သုံးစွဲရန် ပြင်လိုက်သည်။
သို့သော် (၃) စက္ကန့်အတွင်း လင်းချွမ် မျက်မှောင်ကြုတ်လျက် မှင်တက်နေ၏။
စနစ်ကပေးတဲ့ စီးပွါးရေးညှိနှိုင်းမှုဆိုတာ ကျွမ်းကျင် လိမ်လည်နည်းလား။
ရက်စက်လိုက်တာ။
ငါ့ရဲ့ စီးပွါးရေးလုပ်ငန်းလေး။
အဟင့် အဟင့် အဟင့်။
“ဘာတွေ လျှောက်တွေးနေတာလဲ”
သံတုတ်ကိုင်ထားသော ဗလနှင့်လူ သူ့အနား ရောက်လာပြီး ဟောက်လေသည်။
လင်းချွမ် သူ့ကို လှမ်းကြည့်လိုက်ပြီး
“အခုပဲ အလုပ်စတော့မလို့ပါ”
ထိုဗလနှင့်လူမှာ လင်းချွမ်ဘေးမှ ခပ်ဝဝလူကို လက်ညှိုးထိုးပြ၍
“အစ်မလန်က သူ့ကို သင်ပေးလိုက်တဲ့။ မှာထားတယ်”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
လူဝကြီးမှ ခေါင်းငြိမ့်ပြလေ၏။
ထို့နောက် လင်းချွမ်အား ချက်ချင်း အလုပ်အကြောင်းများ သင်ပေးတော့သည်။
“ကောင်လေး ဒီမှာက အတိအကျဆိုတာကြီး မရှိဘူး။ အဓိကက စွမ်းဆောင်ရည်အတွက်ပဲ”
လင်းချွမ် ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် အလုပ်အကြောင်းများ ပို၍ နားလည်လာ၏။
“မင်း ပထမဆုံး လုပ်ရမှာက ပစ်မှတ်ရှာဖို့ပဲ”
လင်းချွမ်ပြုံး၍ ခိုင်းသည့်အတိုင်း လိုက်လုပ်လေသည်။
ပစ်မှတ်ရှာပြီးလျှင် ငါးစာချလျက် ရင်းနှီးမြှုပ်နှံမှုများ စတင်ရပေမည်။
နောက်ဆုံး ငါးစာလာဟပ်ပါက ပိုက်ကွန်ချလိုက်ရုံပင်။
ကျွမ်းကျင်ပညာရှင်၏ အကူအညီဖြင့် လင်းချွမ် ပထမဆုံးအလုပ်ကို လျင်မြန်စွာ အောင်မြင်သွားလေသည်။
နောက်ရက်များ၌…
လင်းချွမ် နေ့စဉ် လုပ်ငန်းများတွင် ပို၍ တိုးတက်လာပြီး အစ်မလန်အထိ သတင်းရောက်သွား၏။
“လင်း မင်း တကယ် ကောင်းကောင်း လုပ်နေတာပဲ။ ရက်ပိုင်းပဲရှိသေးတယ်။ (၁) မီလီယံ ရှာပြီးသွားပြီ”
အစ်မလန် သူ့အနားရောက်လာပြီး ပြောလေသည်။
လင်းချွမ်မှာ အစ်မလန်၏ ရေမွှေးနံ့ပြင်းပြင်းကြောင့် ရုတ်တရက် မွှန်သွားပြီး နှာချေပြီးမှ နှာခေါင်းလေး ပွတ်ကာ
“အစ်မလန် ဒီလိုနည်းနဲ့ ပိုက်ဆံရှာတာက အရမ်းနှေးနေတယ်နော်”
လင်းချွမ် အသေးစိတ်အစီအစဉ် ရှိထားသောကြောင့် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
အစ်မလန် လန့်ဖျပ်၍ သူ့ကိုကြည့်ကာ
“အရမ်းနှေးတယ်လား”
“ဟုတ်ကဲ့”
လင်းချွမ် ခေါင်းငြိမ့်ပြ၏။
“ပြောပါဦး။ မင်းအစီအစဉ်က ဘာလဲ”
သူ လင်းချွမ်၏ စွမ်းဆောင်ရည်များ တွေ့ထားသောကြောင့် စိတ်ဝင်တစား မေးလိုက်သည်။
“ဒီက လိမ်တဲ့နည်းတွေက ဒိတ်အောက်နေပြီ မထင်ဘူးလား”
“ဟင်”
လင်းချွမ်ပြုံး၍ ဆက်ရှင်းပြ၏။
“ဒီကနည်းလမ်းတွေက ပရိုမိုးရှင်းပေါ် မှီခိုပြီး ငါးရှာတဲ့ နည်းတွေ ဖြစ်နေတယ်။ ဒီအလုပ်သမားသာ စီးပွါးရေး ညှိနှိုင်းမှုအရည်အချင်းနိမ့်ရင် တဖြည်းဖြည်း ကျလာမှာ”
အစ်မလန် ခေါင်းငြိမ့်ပြ၍
“ဆက်ပြောပါ”
“အဲ့တာကြောင့် အဆင့်မြင့်နည်းပညာတွေ သုံးသင့်ပါတယ်”
“အဆင့်မြင့်နည်းပညာလား”
အစ်မလန် မျက်မှောင်ကြုတ်လျက်
“မင်းမှာ အဆင့်မြင့်နည်းပညာ ရှိတာလား”
လင်းချွမ်ပြုံး၍ အခွင့်အရေးကို ဖမ်းဆုပ်လိုက်လေသည်။
“ကျွန်တော် မျက်နှာနဲ့ အသံ လွှဲပြောင်းနည်းလို နည်းလမ်းတွေ သိပါတယ်”
“အဲ့တာတွေကို ဘယ်လိုသိတာလဲ”
အစ်မလန် အလွန်အံ့ဩနေ၏။
“ကျွန်တော် တက္ကသိုလ်မှာတုန်းက ပရိုဂရမ်ရေးဆွဲတာကို သင်ခဲ့တာပါ”
အစ်မလန် ခေါင်းငြိမ့်၍
“ကောင်းပါပြီ။ မင်းကို အချိန် (၂) ရက်ပေးမယ်။ မင်းရဲ့ နည်းပညာ အောင်မြင်ရင် အဖွဲ့ခေါင်းဆောင် ရာထူးပေးမယ်”
လုပ်ငန်းခွင်ထဲတွင် အဆင့်သတ်မှတ်မှုမှာ အရေးကြီးပါသည်။
ဝန်ထမ်းငယ်—အဖွဲ့ခေါင်းဆောင်—အဖွဲ့မှူး—မန်နေဂျာဟူ၍ ဖြစ်၏။
လင်းချွမ် ပြုံး၍ လက်ခံလိုက်သည်။
အဆင့်မြင့်ဟက်ကာအနေဖြင့် ကုဒ်ရေးဆွဲခြင်းမှာ အပန်းမကြီးလှပေ။
ဤနည်းဖြင့် အစ်မလန်၏ ယုံကြည်မှုကိုပါ ရရှိနိုင်ပါသည်။
လင်းချွမ်မှာ ကီးဘုတ်ပေါ် လက်တင်၍ စန္ဒရားတီးနေသကဲ့သို့ ကျွမ်းကျင် ပိုင်နိုင်သော လက်ကွက်များဖြင့် စတင်လေသည်။
အစ်မလန်လည်း အနောက်မှ ရပ်ကြည့်နေ၏။
သူ လင်းချွမ် အပြင်လူများနှင့် ဆက်သွယ်မည်အား စိုးရိမ်၍ မဟုတ်ဘဲ လင်းချွမ်၏ ကုဒ်များကို နားမလည်နိုင်၍ ဖြစ်သည်။
ဟက်ကာများကိုယ်တိုင်ပင် နားလည်မည် မဟုတ်ပါ။
သို့သော် သူ့စိုးရိမ်မှုများ မှန်ပါသည်။
လင်းချွမ် အမှန်ပင် ကုဒ်များကိုသုံး၍ အပြင်လောကနှင့် ဆက်သွယ်နေခြင်း ဖြစ်၏။
မကြာမီ ပြည်တွင်းဆိုက်ဘာရဲအဖွဲ့နှင့် ဆက်သွယ်မိသွားသည်။
ထို့နောက် လျှို့ဝှက်စပိုင် ဖြစ်လာလေသည်။
စက်ရုံတွင်း၌လည်း ရာထူးများ တဖြည်းဖြည်း တိုးတက်လာ၏။ နောက်ဆုံး ဒါရိုက်တာချုပ် အဆင့်အထိပင် ရောက်နေလေပြီ။
…
အပြင်လောကတွင် ညမှာ မှောင်မိုက်လျက် လရောင်အလင်း ဖျော့ဖျော့သာ ဖြာကျနေသည်။
လင်းချွမ် အကောင်းဆုံး ကြိုးစားခဲ့သော အရောင်းဝန်ထမ်းဘဝ ပြီးဆုံးသွားလေပြီ။
သူ စနစ်၏ အချက်ပေးသံများပင် မစောင့်တော့ဘဲ ချက်ချင်း နှစ်ခြိုက်စွာ အိပ်ပျော်သွား၏။
တစ်ဖက်တွင် ရှချင်းချင်းကတော့ မအိပ်နိုင်သေးပေ။
အိပ်ရာထဲလှဲနေသော်လည်း ဟိုဘက်လှိမ့်၊ ဒီဘက်လှိမ့်ဖြင့် အိပ်မပျော် ဖြစ်နေ၏။
ညဦးပိုင်းတွင် သူနှင့် ဖုန်ကျန်းတို့ အတူစစ်ဆေးရင်း နိုင်ငံခြားဝက်ဘ်ဆိုဒ်မှဖြစ်ကြောင်း တွေ့ခဲ့ရပါသည်။ လင်းချွမ် ပတ်သက်မှုရှိမရှိမှာတော့ ဆက်လက် စစ်ဆေးရဦးမည်။
သူ အစက လင်းချွမ်အပေါ် အထင်ကြီးနေခဲ့သော်လည်း ယခုတော့ စိတ်များ ရှုပ်ထွေးနေတော့သည်။