သူ့ကို အပြစ်ကျူးလွန်ရင် မတွေးရဲစရာပဲ
Vol. 7 Ch. 92
ပြောရလျှင် လင်းချွမ်ကို ပြစ်မှုဘုရင်ဟု ခေါ်လျှင်ပင် မမှားပါ။
ပုံရိပ်ယောင်လောကတွင်တော့ စက်ရုံအတွင်း တစ်ဆင့်ချင်းတိုးတက်ကာ နောက်ဆုံး ရဲများနှင့် ဆက်သွယ်နိုင်သွားလေသည်။
အကယ်၍ ထိုသို့ မဟုတ်ပါက စက်ရုံအတွင်း အကြီးဆုံးရာထူးအထိ ရနိုင်၏။
တစ်ချိန်တည်းတွင် စီးပွါးရေးညှိနှိုင်းမှု အရည်အချင်းလည်း ရရှိထားသည်။
ထို့ကြောင့် တကယ် စက်ရုံထဲ ရောက်သွားလျှင်ပင် ကျားတစ်ကောင်ကဲ့သို့ အောင်မြင်စွာ ပြန်လာနိုင်၏။
ကျန်းပြောင် လက်မှနာရီအား မြှောက်ကြည့်လိုက်ပြီး အချိန်ရသေးသည်ကို တွေ့ရ၍ စကားနည်းနည်း ဆက်ပြောရန် ဆုံးဖြတ်လိုက်သည်။
“လင်း အခုတစ်လော ပြစ်မှုဆန့်ကျင့်ရေးကမ်ပိန်းတွေ လုပ်နေရင်းကို အမှုတွေက ပိုများလာတယ်။ ထိရောက်မှု မရှိဘူးပေါ့။ မင်းရော တခြားအကြံ ရှိသေးလား”
လင်းချွမ် မျက်မှောင်ကြုတ်၍ သေချာစဉ်းစားနေ၏။
ထို့နောက် ပုံရိပ်ယောင်လောကမှ ဘဝကို ပြန်တွေးမိသွားသည်။
ခဏအကြာမှ
“လူလိမ်တွေက အကျိုးအမြတ်နဲ့မျှားကြတာ။ နစ်နာသူကလည်း အဲ့အကျိုးအမြတ်ကို ငါးစပ်ဟပ်မိရင် ပါသွားပြီ။ အဲ့တော့ အဓိကက အရင်းအမြစ်ကို ဖြတ်ချရမှာ”
“ဪ”
ကျန်းပြောင် အံ့ဩသွားပြီး
“အရင်းအမြစ်ကို ဘယ်လို ဖြတ်ရမှာလဲ”
အခန်းထဲမှ အခြားလူများလည်း မှင်တက်နေကြသည်။
ဒီဟက်ကာလူငယ်လေးမှာ တကယ်ပဲ အဖြေရှိနေတာလား။
ရှချင်းချင်းလည်း မျှော်လင့်တကြီး ကြည့်နေ၏။
သူ လင်းချွမ်ကို အလွန်ယုံထားပါသည်။
အထူးသဖြင့် မနေ့ညက ဝတ္ထုဖတ်လိုက်ပြီးချိန်တွင် ဖြစ်၏။
လင်းချွမ် နောက်ထပ် အံ့ဩစရာများ ယူဆောင်လာနိုင်ဦးမည်ဟုလည်း ယုံပါသည်။
သို့သော် ယခုအထိတော့ နားမလည်နိုင်သေးပေ။
လင်းချွမ် အားလုံးကို ဝေ့ကြည့်၍
“အရင်းအမြစ် ဖြတ်ရမယ်ဆိုတာ သူတို့ချင်း အစတည်းက အချိတ်အဆက် မလုပ်မိအောင်ပေါ့”
“ဟုတ်တယ်နော်။ အဲ့တာကို ဘယ်လိုလုပ်မလဲ”
ကျန်းပြောင် မျက်လုံးအရောင်များလက်၍ ထောက်ခံမိသည်။
လင်းချွမ် ခဏစဉ်းစား၍ ပြုံးကာ
“အသုံးပြုသူတွေရဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေမှာ ဆော့ဖ်ဝဲလ်တစ်ခု ထည့်ပြီး AI နဲ့ ကျားဖြန့် ဆန့်ကျင်ရေး နည်းပညာတွေ ထည့်ထားမယ်။ ပြီးရင် အဲ့ကနေတစ်ဆင့် အသုံးပြုသူ အချက်အလက်တွေယူပြီး စုံစမ်းကြတာပေါ့”
“အဲ့လိုနဲ့ အသုံးပြုသူက ပိုက်ဆံပေးဖို့ပြင်နေရင် ရဲတပ်ဖွဲ့ကို ချက်ချင်း အကြောင်းကြားပြီးသား ဖြစ်သွားပြီ။ လိမ်လည်မှုတွေ အများကြီး ထပ်မဖြစ်တော့ဘူးပေါ့”
ကျန်းပြောင် ရုတ်တရက် လက်ခုပ်ထတီးကာ
“တော်လိုက်တာ။ အရမ်း ပြောင်မြောက်တာပဲ”
အစည်းအဝေးခန်းထဲ၌။
အားလုံး လင်းချွမ်အား အံ့ဩသလို ကြည့်နေကြသည်။ အဆက်မပြတ် ချီးကျူးနေသော ကျန်းပြောင်မှာလည်း ထူးဆန်း၏။
သူတို့ ကျန်းပြောင်လက်အောက်တွင် အလုပ်လုပ်ရင်း ထိုကဲ့သို့ ပုံစံမျိုး တစ်ခါမှ မတွေ့ခဲ့ကြဖူးချေ။
လင်းချွမ်၏အကြံမှာလည်း အလွန် ယုတ္တိရှိ၍ အကျိုးဖြစ်နိုင်ပါသည်။
လုံးဝ မပပျောက်သေးလျှင်ပင် အရင်ထက် အမှုများ လျော့သွားနိုင်သည်။
ရှချင်းချင်း လင်းချွမ်အား ငေးကြည့်နေမိ၏။
ပြစ်မှုတွေ အကုန်သိနေတော့တာပဲ။
လင်းချွမ်ကတော့ ချီးကျူးမှုကြောင့် နေရခက်စွာဖြင့်
“ဒါက အတွေးပဲ ရှိပါသေးတယ်။ ဆော့ဖ်ဝဲလ်ဆွဲဖို့ အချက်အလက်တွေ ရှာဖွေပြီး ကြိုးစားရဦးမှာ”
ကျန်းပြောင် ပြုံး၍
“လင်း မင်းတင်ပြချက် အရမ်းကောင်းတယ်။ အထက်ကို ပြန်ပြောထားလိုက်မယ်။ ဒီအကြောင်းတွေ။ နည်းပညာပိုင်းတွေကိုတော့ စတူဒီယို ၇၂၀ က တာဝန်ယူပေးမယ်မလား”
…
ညှိနှိုင်းဆွေးနွေးမှုများ ပြီးဆုံးပြီးနောက် ကျန်းပြောင် သူ့ရုံးခန်းထဲသို့ ပြုံးရွှင်စွာ ပြန်လာခဲ့သည်။ ထို့နောက် လက်ဖက်ရည်တစ်ခွက် ငှဲ့သောက်ရင်း ဒါရိုက်တာကျုံအား ဖုန်းဆက်လိုက်သည်။
တီ တီ တီ—
“ရဲဘော်ကျန်းပြောင် ဘယ်လိုလဲ အခြေအနေ”
ဒါရိုက်တာကျုံမှ ချက်ချင်း မေးလိုက်သည်။
“မင်္ဂလာပါ ဒါရိုက်တာကျုံ တင်ပြစရာလေး ရှိလို့ပါ။ အန်လင်းရဲစခန်းနဲ့ လင်းချွမ်တို့ ပူးပေါင်းမှု အဆင်ပြေပါတယ်”
“တော်တယ်။ သူက ဟန်မြစ်အပိုင်းရဲ့ သူရဲကောင်းပဲ။ သေချာဂရုစိုက်ပြီး သူ့လုံခြုံရေးပါ ကြည့်ပေးလိုက်”
ကျုံချန်မင်းမှ ပြော၏။
“တာဝန်ကို အကောင်းဆုံး ဆောင်ရွက်ပါမယ်”
ကျန်းပြောင် ပျော်ရွှင်စွာ ပြောလေသည်။
ဒါရိုက်တာကျန်းအမြင်တွင် လင်းချွမ်မှာ ရတနာတုံးလေး ဖြစ်၏။
“ဒါနဲ့ အရင်တစ်ခါ မင်းပြောတာတော့ သူက လောင်းကစားနဲ့ သော့ပြင်နည်းပါ သိတယ်ဆို။ ပြစ်မှုနဲ့ ပတ်သက်တာဆွေ သိလွန်းနေတာလား”
“ဟုတ်တယ်။ အကုန်လုံးတော့ မှတ်တမ်းတင်ထားပါတယ်”
ကျန်းပြောင် ပြန်ဖြေ၏။
“အဲ့တာကြောင့်ပဲ ကျွန်တော်တို့ရဲ့ ခက်ခဲတဲ့အမှုတွေကို ဝိုင်းဖြေရှင်းခဲ့ပါသေးတယ်”
“တခြားရော”
ဒါရိုက်တာကျုံချန်မင်း ခေါင်းငြိမ့်ပြ၍ လင်းချွမ် နောက်ခံအား စစ်ဆေးကြည့်နေ၏။
ကျန်းပြောင် ဖုန်းကို လက်တစ်ဖက်မှကိုင်၍ တစ်ဖက်မှာ မေးကိုထောက်ထားသည်။
“ဟုတ်ကဲ့။ အခု ညှိနှိုင်းမှုမှာတော့ လင်းချွမ်က ကျားဖြန့်ဆန့်ကျင်ရေးကိုပါ သိနေတယ်”
“ဘယ်လို”
ကျန်းပြောင် ဂုဏ်ယူစွာဖြင့်
“ဟုတ်တယ်။ အဲ့အတွက် အကြံကောင်းလည်း ပေးသေးတယ်”
“ပြောပါဦး”
ကျုံချန်မင်း ပို၍ စိတ်ဝင်စားလာ၏။
သူ ထိုအမှုအတွက် ခေါင်းကိုက်နေရသည်မှာ ကြာလေပြီ။
“ဆရာကျုံ လင်းပြောပြတဲ့နည်းက တကယ် အကျိုးရှိတာ…”
ကျန်းပြောင် ချက်ချင်း လင်းချွမ်ပြောသည့်အတိုင်း ပြန်ပြောလိုက်သည်။
ကျူံချန်မင်း ဖုန်းတစ်ဖက်မှ နားထောင်ရင်း မျက်မှောင်ကြုတ်၍ အချိန်အတော်ကြာ ငြိမ်နေသည်။
ကျန်းပြောင်မှ မနေနိုင်တော့ဘဲ
“ဒါရိုက်တာကျုံ အစီအစဉ်က မကောင်းဘူးလားဟင်”
“အင်း အဲ့တာက…”
သူ ခဏရပ်နေပြီးမှ
“လင်းကိုယ်တိုင် ပြောတာလား”
“ဟုတ်ပါတယ်”
ကျန်းပြောင် အားတက်သရော ပြန်ဖြေ၏။
ကျုံချန်မင်း သက်ပြင်းချလိုက်မိသည်။
ထို့နောက် မှတ်စုစာအုပ်ထဲ၌ အချက်အလက်များ ချရေးထားလိုက်သည်။
ခဏနေမှ စားပွဲပေါ်သို့ ဘောပင်ချလိုက်သည့် အသံကြားရပြီး အားရဝမ်းသာဖြင့်
“အစီအစဉ်က အရမ်းကောင်းတယ်။ အချက်အလက်အတွက်က ငါတို့ ရှိသားပဲ။ လင်းစတူဒီယိုကနေ ဆော့ဖဲဝဲလ်လည်း ဆွဲပေးမယ်ဆိုတော့…”
သူ့မျက်နှာမှာ ဝင်းလက်နေတော့သည်။
လင်းချွမ်၏ အစီအစဉ်မှာ ချက်ချင်း အတည်ဖြစ်သွား၏။
သို့သော် ကျန်းပြောင် တွေဝေလျက်
“လက်ရှိ လင်းရဲ့ စတူဒီယိုက အရမ်းမကြီးသေးဘူး။ အဲ့တော့ တိုးတက်အောင် ပံ့ပိုးဖို့ကတော့ လွယ်မှာ မဟုတ်ဘူး”
“ကျန်းပြောင် မင်းက ရဲဘော်လင်းကို အထင်သေးနေတာပဲ”
ကျုံချန်မင်း ရယ်မော၍ ပြောလိုက်၏။
“ရဲဘော်လင်းက သူတစ်ယောက်တည်းနဲ့ AW ကိုတောင် ကျအောင် တိုက်ပြီးပြီလေ။ အဲ့တာ မလုံလောက်ဘူးလား”
“ဟုတ်တယ်နော်”
“ငါ့အမြင်တော့ လင်းတစ်ယောက်တည်းနဲ့ ကုမ္ပဏီကြီး (၁၀) ခုလောက် အင်အားရှိတယ်”
“ဟုတ်ကဲ့။ ကျွန်တော်တို့ ပူးပေါင်းပြီး သေချာ စီစဉ်ထားလိုက်ပါမယ်”
ကျန်းပြောင် ပြုံး၍ ပြောလိုက်သည်။
“အရမ်းတော့ ဖိအားမပေးပါနဲ့။ တခြားကုမ္ပဏီတွေကို ကူညီဖို့ ခေါ်ထားဦး”
ကျုံချန်မင်းမှ သတိပေးလိုက်သည်။
“နားလည်ပါပြီ”
“ဪ ဒါနဲ့ ပြောရဦးမယ်။ လင်းက အရေးကြီးပုဂ္ဂိုလ် ဖြစ်နေပြီနော်။ နိုင်ငံခြားအဖွဲ့တွေကနေ ပြစ်မှုကျူးလွန်ရင် မတွေးရဲစရာပဲ။ အဲ့တော့ သူ့ကို ဆံချည်တစ်မျှင်တောင် မထိခိုက်အောင် စောင့်ရှောက်ပါ။ မဟုတ်ရင် မင်း တာဝန်ယူရမှာနော်”
ကျုံချန်မင်း နိုင်ငံခြားအခြေအနေများကို ကောင်းစွာ သိပါသည်။ ထို့ကြောင့်လည်း ကျန်းပြောင်အား တင်းတင်းကြပ်ကြပ် ပြောထားခြင်း ဖြစ်၏။
ကျန်းပြောင်ကတော့ ဖုန်းချပြီးနောက် ခဏမှင်တက်နေလေသည်။
ထို့နောက် မျက်လုံးများပွတ်ကာ လက်ဖက်ရည် သောက်လိုက်ပြီးမှ
“ဒီကောင်လေးကတော့ တကယ့်ကို ထူးခြားတာပဲ”
သူ့မျက်နှာမှာ မနာလိုခြင်း မရှိဘဲ မသိမသာ ပြုံးနေ၏။
လင်းချွမ်သည် အန်လင်း၏ ရတနာဖြစ်လာလေပြီ။
ရဲစခန်းမှ လင်းချွမ်နှင့် ခင်သူအများစုမှာလည်း သူ့ဖန်များ ဖြစ်နေကြပြီ ဖြစ်၏။
ထို့နောက် သူ ဆိုက်ဘာအဖွဲ့မှ ယွီရှန်အား ဖုန်းခေါ်လိုက်သည်။
“ယွီရှန် ရဲမေရှကို လွှတ်လိုက်ပါဦး”
မကြာမီ တံခါးခေါက်သံ ကြားရပြီး ရှချင်းချင်း ရောက်လာသည်။
“ဒါရိုက်တာကျန်း ခေါ်တယ်ဆိုလို့ပါ”
“ဟုတ်တယ် ရဲမေရှ ထိုင်ဦး”
ကျန်းပြောင် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ
“သောက်ပါဦး”
ရှချင်းချင်းကတော့ သူ့အပြုအမူကြောင့် နေရခက်စွာဖြင့်
“ဒါရိုက်တာကျန်း ဘာများ ပြောစရာရှိလို့လဲ”
ထိုကဲ့သို့ ဂရုစိုက်ပေးနေပုံမှာ သူ့အနေဖြင့် မရင်းနှီးပေ။
ကျန်းပြောင် ပြုံးလျက်
“ကြီးကြီးမားမား မဟုတ်ပါဘူး။ ဒီနေ့ လင်းနဲ့ ဆွေးနွေးကြည့်တော့ သူ့အရည်အချင်းက တော်တော် မြင့်တာပဲ။ သူ့အကြောင်း နည်းနည်း ပိုသိချင်လို့။ မင်း သူနဲ့ခင်တယ်မလား”
ရှချင်းချင်း သက်ပြင်းချ၍ လက်ဖက်ရည် ယူသောက်လိုက်ကာ
“ခင်ပေမဲ့ သူ့အကြောင်းတော့ သေချာ မသိပါဘူး”
“အကျင့်ဆိုးတွေဘာတွေတော့ မရှိဘူးမလား”
ရှချင်းချင်း ခေါင်းယမ်းကာ
“မရှိပါဘူး”
“ထူးဆန်းတဲ့သူတွေနဲ့ ဆက်သွယ်တာရော ရှိလား”
“မရှိပါဘူး”
“ဒီလာမယ့် အလုပ်သမားနေ့မှာ ခရီးသွားမယ်တွေဘာတွေ ပြောသေးလား။ နိုင်ငံခြားလိုမျိုး”
“အလုပ်သမားနေ့လား”
ရှချင်းချင်း ခဏစဉ်းစား၍
“ကျွန်မသိသလောက်တော့ မရှိပါဘူး။ ဒါပေမဲ့ ယွန်းထျန်းကို အပန်းဖြေဖို့ ရက်ပိုင်းလောက် သွားမယ်ထင်တယ်”
“ယွန်းထျန်းကိုလား”
သူ မျက်မှောင်ကြုတ်သွား၏။
“ဟုတ် သေတော့ မသေချာသေးပါဘူး”
ရှချင်းချင်း ခေါင်းငြိမ့်ပြလိုက်သည်။
အမှန်တော့ သူနှင့် ချိန်းထားသည့်အချိန်တွင် စိတ်ပြေလက်ပျောက် အန်လင်းမြို့မှ ထွက်ရန် တွေးထားခြင်း ဖြစ်၏။ လင်းချွမ်ကိုပင် မမေးရသေးပေ။