← Chapters

ဒီတစ်ခါ တကယ်သွားပြီ

Vol. 7 Ch. 95

ဒီတစ်ခါ တကယ်သွားပြီ

Vol. 7 Ch. 95

လွန်ခဲ့သော တစ်မိနစ်က

ရှချင်းချင်းတစ်ယောက် အချိန်ပိုဆင်းပြီး၍ မြစ်ကမ်းဘေးဆိုင်သို့ ရောက်လာကာ လင်းချွမ်နှင့် အလုပ်သမားနေ့ ခရီးထွက်ရန်အကြောင်း တိုင်ပင်ရန် သတိရသွား၏။ 

သူ ယွန်းထျန်းကို သွားချင်နေခဲ့သော်လည်း တစ်ယောက်တည်းတော့ အထီးကျန်ဆန်လှပါသည်။ 

ထို့ကြောင့် ဆိုင်ရှေ့ရောက်ပြီးမှ လင်းချွမ်အား ညစာ အတူစားရန် ဖုန်းဆက်လိုက်ခြင်း ဖြစ်၏။ 

“မနက်ဖြန်ဆိုရင်ရော”

သူ စိတ်ပျက်လက်ပျက်ဖြင့် ဆိုင်ထဲဝင်လာပြီး ထောင့်ဘက်သို့ လျှောက်လာသည်။ 

ရုတ်တရက်။ 

သူ မျက်မှောင်ကြုတ်၍ ရင်းနှီးနေသော တီရှပ်အဖြူအား ငေးကြည့်နေသည်။ 

ဘေးတွင် ထိုင်နေသော မိန်းကလေးမှာလည်း ရင်းနှီးလွန်းနေ၏။ 

“လင်းချွမ်နဲ့ ချန်းချန်းလား”

လင်းချွမ် စားနေရင်း လန့်ဖျပ်၍ မော့ကြည့်လေသည်။ 

“ချင်းချင်း ဒီမှာ ဘာလုပ်နေတာလဲ”

ရှန်ချန်းချန်းကတော့ သဘာဝကျစွာပြုံး၍

“ချင်းချင်း တိုက်ဆိုင်လိုက်တာ။ တစ်ယောက်တည်းလား”

ရှချင်းချင်းလည်း အမူအရာ အမြန်ထိန်းလိုက်ပြီး ပြုံးကာ

“အစက သူငယ်ချင်းတစ်ယောက်နဲ့ လာမလို့ပဲ။ သူ မအားတော့ဘူးဆိုလို့ တစ်ယောက်တည်း ဖြစ်သွားတာ”

“ဒါဆို တို့တွေနဲ့ အတူဝိုင်းလိုက်လေ”

ရှန်ချန်းချန်းပြောရင်း ဘေးမှ ခုံလေးကို ပုတ်ပြသည်။ 

“အင်း”

လင်းချွမ်ကတော့ သူ့ကို အချိန်မရွေး ထဖမ်းလာနိုင်သည့် ရဲမေ (၂) ဦးကိုကြည့်ကာ နေရခက်စွာဖြင့်

“တိုက်ဆိုင်လိုက်တာ ချင်းချင်းရယ် ဟဲဟဲ”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်၍ ရှေ့မှ (၂) ဦး၏ အမူအရာကို အကဲခတ်နေ၏။ သူတို့ချင်း အလွန် ခင်မင်နေပုံ ပေါ်သည်။ 

သူ့ကိုတော့ ချင်းချင်းလို့ ခေါ်ပြီး ငါ့ကို ရဲမေရှန်တဲ့လား။ 

ရှချင်းချင်း ပြုံး၍

“ဟုတ်ပါ့။ ဒီမှာ လာတွေ့မယ်လို့ မထင်ထားဘူး”

“တကယ်ပါပဲ”

ထို့နောက် ရှချင်းချင်း ဟင်းပွဲများကိုကြည့်ပြီး စားပွဲထိုးလေးအား လှမ်းခေါ်လိုက်သည်။ 

“ဒီမှာ စပယ်ရှယ်မီနူးလေ ကျောက်ပုစွန်ပေါင်း ယူခဲ့ပါဦး”

ဝန်ထမ်းမလေးမှာ အံ့ဩစွာ ငေးကြည့်နေလေသည်။ 

မနေ့ညကတင် လာသွားသော ရုပ်ချောချောအတွဲအား မှတ်မိနေခြင်း ဖြစ်၏။ 

သို့သော် လင်းချွမ်မှာ အခြားမိန်းကလေးချောချောနှင့် ရောက်လာသောကြောင့် စိတ်တိုနေစဉ် ရှချင်းချင်း ပေါ်လာ၏။ ပွဲကောင်း တွေ့ရတော့မည်ဟု တွေးထားချိန်တွင် မိန်းကလေး (၂) ဦး ပြုံး၍ အတူထိုင်လိုက်သည်အား တွေ့ရပြန်သည်။ 

ဒီလူက ခပ်ရိုးရိုးပုံနဲ့ ဘာတွေရှိနေလို့ မိန်းမလှ (၂) ယောက်ကို ထိန်းချုပ်ထားနိုင်တာလဲ။ 

“ညီမရေ”

ရှချင်းချင်း ဝန်ထမ်းလေးကို လှမ်းခေါ်လိုက်သည်။ 

“ဟုတ်ကဲ့ပါ”

“ကျောက်ပုစွန်ပေါင်း တစ်ပွဲလောက် ချပေးဦးနော်”

ဆိုင်၏ ထောင့်နားမှ မီးရောင်အောက်တွင် ရဲမေ မိန်းကလေးများ အစွမ်းကုန် လှနေကြသည်။ 

ရှန်ချန်းချန်းမှာ မိန်းမဆန်၍ ချိုသာသောပုံဖြစ်ပြီး ရှချင်းချင်းကတော့ ဖြူစင်ရိုးသားသည့် ငန်းမလေးတစ်ကောင်အသွင် ဖြစ်၏။ 

လင်းချွမ်ကတော့ နေရခက်စွာဖြင့် အစားကိုသာ အာရုံစိုက်နေလေသည်။ 

“ချင်းချင်းက ပုစွန်ကြိုက်တာလား”

ရှချင်းချင်း ပုစွန်ထပ်မှာလိုက်၍ ရှန်ချန်းချန်းမှ မေးလိုက်သည်။ 

“ကြိုက်တာပေါ့။ ဒီမှာက ပုစွန်နာမည်ကြီးတယ်လေ။ ပုစွန်စားဖို့ပဲ လာကြတာပဲ။ ချန်းချန်းက မကြိုက်ဘူးလား”

“ကျွန်မက ကြိုက်ပါတယ်။ လင်းချွမ်က မစားချင်ဘူးဆိုလို့ မမှာထားလိုက်တာ”

“ဪ ကျောက်ပုစွန်က ခွါပေးတဲ့သူရှိမှ ပိုအရသာရှိတာလေ”

သူ လင်းချွမ်အား မျက်စောင်းလေးထိုး၍ ပြောလိုက်သည်။ 

“ဟုတိလား။ ကျွန်မကို ဘယ်သူမှ မခွါပေးကြဖူးဘူး”

“နောက်မှ ခွါပေးမယ်”

“ကောင်းလိုက်တာ”

အမျိုးသမီးများ၏ စကားကြောင့် လင်းချွမ် ပိုနေရခက်လာသည်။ 

ပုစွန်အကြောင်း မပြောပါနဲ့တော့လား။ ပုစွန်က အပြစ်မရှိပါဘူး။ 

လင်းချွမ်မှာ နားထောင်ရတာ မောသွားသလိုဖြင့် လက်ဖက်ရည်တစ်ခွက် ငှဲ့သောက်လိုက်သည်။ 

ထို့နောက် ရှန်ချန်းချန်းမှ ထပ်ဖြည့်ပေးလိုက်ပြီး

“ကျွန်မ ကျားဖြန့်ဆန့်ကျင်ရေးအဖွဲ့ကို ပြောင်းလိုက်ရပြီလေ။ လင်းချွမ်ရဲ့ အကြံဉာဏ်တွေ သေချာ ယူရတော့မှာပေါ့”

“အဲ့လိုဆိုမှ ကျွန်မလည်း လင်းချွမ်ကျေးဇူးနဲ့ အလုပ်သမားနေ့ကို အေးဆေး အနားယူနိုင်တော့မယ်လေ”

ရှချင်းချင်းလည်း လက်ဖက်ရည် ငှဲ့ပေးလိုက်၏။ 

လင်းချွမ် လက်ဖက်ရည် (၂) ခွက်ကိုကြည့်ကာ တုန်လှုပ်လာသည်။ 

ဘယ်ခွက်ကို အရင်သောက်ရမလဲ။ 

ကံကောင်းစွာဖြင့် ခွက်လေးများမှာ သေးနေသောကြောင့် နောက်ထပ်ခွက်အကြီးထဲ နှစ်ခွက်စာ ရောထည့်ကာ တစ်ခါတည်း သောက်ချလိုက်တော့သည်။ 

“ကျေးဇူးမလိုပါဘူး။ လုပ်ပေးရမယ့် တာဝန်ပါပဲ”

မိန်းကလေးနှစ်ဦး ပြုံးနေကြ၏။ 

“ဒါနဲ့ ချန်းချန်းတို့ ဒီည အရေးတကြီး ပြောစရာ ရှိလို့လား”

ရှချင်းချင်း ပုစွန်အခွံခွါ၍ ရှန်ချန်းချန်းပန်းကန်ထဲ ထည့်ပေးရင်း မေးလိုက်သည်။ 

ရှန်ချန်းချန်း ကျေးဇူးတင်စွာ ခေါင်းငြိမ့်ပြ၍

“နည်းနည်းပါးပါးပါ။ ကျားဖြန့်နဲ့ ပတ်သက်တာတို့၊ အလုပ်သမားနေ့ ဘယ်သွားမလဲတို့ပေါ့”

ပထမအကြောင်းအရာမှာ အဆင်ပြေသော်လည်း အလုပ်သမားနေ့ ဘယ်သွားမလဲတဲ့လား။ 

ရှချင်းချင်း သူတို့ကိုကြည့်၍

“ရှင်တို့ တစ်နေရာရာ သွားမလို့လား”

“ယွန်းထျန်းကောင်းမလား တွေးနေတာ”

ရှန်ချန်းချန်း ပြုံး၍ ပြောလိုက်သည်။ 

ရှချင်းချင်း လင်းချွမ်ဘက် လှည့်ကာ

“လင်းချွမ်ကရော”

“အခြေအနေ ကြည့်နေတုန်းပါ”

“ချင်းချင်းရော ဘာလုပ်မှာလဲ”

“အမှန်တော့ ကျွန်မလည်း ယွန်းထျန်းသွားမလို့ တွေးနေတာ”

လင်းချွမ် ချက်ချင်း မျက်လုံးအရောင်တောက်သွားပြီး

“ကောင်းသားပဲ။ နှစ်ယောက် အတူတူ သွားလိုက်ကြလေ။ ကျွန်တော် အန်လင်းမှာ နေခဲ့လိုက်မယ်”

“မဖြစ်ဘူး”

မိန်းကလေးများ တစ်ပြိုင်တည်း အော်လိုက်ကြသည်။ 

“…”

လင်းချွမ် မှင်တက်၍ ကြည့်နေ၏။ 

“ဟို ပြောချင်တာက မိန်းကလေးနှစ်ယောက်တည်း ခရီးသွားတာ အန္တရာယ်များတယ်လေ။ အဲ့လို နယ်စပ်နေရာဆို ပိုဆိုးတာပေါ့”

“…”

ဘယ်တုန်းက နှစ်ယောက်သား တစ်ဖက်တည်း ဖြစ်သွားကြတာလဲ။ 

ရဲမေတို့က ကိုယ့်အလုပ်ကိုယ် မေ့သွားကြတာလား။ 

တရားခံတောင် မင်းတို့ကိုတွေ့တာနဲ့ ကြောက်ဒူးတုန်ပြီး ပုန်းနေရမှာကို။ 

“ဟုတ်တယ်။ အရမ်း အန္တရာယ်ရှိတယ်”

ရှချင်းချင်းလည်း ခေါင်းငြိမ့်ပြ၏။ 

လင်းချွမ် မျက်မှောင်ကြုတ်လျက်

“အင်း ဒါဆို အန်လင်းထဲ လျှောက်လည်ကြမလား”

“ကျွန်မက ခရီးစဉ်တောင် စွဲပြီးသွားပြီ”

“အာ ကျွန်မရောပဲ”

နှစ်ဦးလုံး ခပ်တိုးတိုး ရေရွတ်လိုက်ကြသည်။ 

လင်းချွမ် ခေါင်းယမ်းလျက်

“အဲ့လို နယ်စပ်မှာက ကျားဖြန့်ဂိုဏ်းတွေ ပေါတယ်”

“ရှင်ကိုယ်တိုင် ဒါတွေ နားလည်နေတာပဲကို”

နှစ်ယောက်သား တစ်ပြိုင်တည်း ပြောပြန်သည်။ 

“အဲ့တာဆို သွားရမှာလား”

သို့သော် မည်သူနှင့် သွားရမည် ရှိသေး၏။ 

အမျိုးသမီးနှစ်ဦး အချင်းချင်း လှမ်းကြည့်လိုက်မိသည်။ 

နှစ်ယောက်သား အချိန်အတော်ကြာအောင် ငြိမ်နေ၍ လင်းချွမ်မှ လက်ဖက်ရည် ငှဲ့ပေးလိုက်လေသည်။ 

ထိုစဉ် ရှချင်းချင်း ပြုံး၍ ရှန်ချန်းချန်းလက်မောင်းအား တို့ကာ

“ချန်းချန်း တို့တွေ ယွန်းထျန်း အတူတူ သွားရအောင်လေ။ လင်းချွမ်ကို အထုတ်ဆွဲခိုင်းလို့လည်း ရတယ်။ ဘယ်လိုလဲ”

ရှန်ချန်းချန်း၏ ကြည်လင်နေသော မျက်ဝန်းလေး တောက်ပသွားပြီး 

“ကောင်းသားပဲ”

ထိုအချိန်တွင် နှစ်ဦးသား သဘောတူညီချက် ရသွားလေပြီ။ 

“…”

“ဘယ်လိုလဲ လင်းချွမ်”

ရှချင်းချင်းမှ ပြုံး၍ ပြောလိုက်သည်။ 

လင်းချွမ် နေရခက်စွာဖြင့်

“ကျွန်တော် မသွားလို့ မရဘူးလား”

“မရဘူး”

တစ်ပြိုင်တည်း ဖြေလိုက်ကြပြန်သည်။ 

လင်းချွမ် မူးဝေလာပြီး

“စာအုပ်အသစ် ထုတ်နိုင်အောင် နေရာကောင်း သွားရမယ်ဆို။ ဘယ်လိုလုပ် အထုပ်ဆွဲခိုင်းရတာလဲ”

မိန်းကလေးများမှာ လှလေ ရက်စက်လေ ဖြစ်၏။ 

“နောက်တာပါ”

ရှချင်းချင်း ရယ်မောလျက် လင်းချွမ် ပန်းကန်ထဲသို့ ပုစွန်တစ်​ကောင် ထည့်ပေးလိုက်သည်။ 

လင်းချွမ်ကတော့ စိတ်ညစ်နေတော့၏။ 

“ကဲပါ။ စားစား။ လင်းချွမ် ဘာလို့ မစားတာလဲ”

ရှန်ချန်းချန်းကပါ ပုစွန်အခွံခွါ၍ ထည့်ပေးလေသည်။ 

လင်းချွမ်လည်း ပန်းကန်ရောက်နေမှဖြင့် နှမျောနေသောကြောင့် ပုစွန်များအကုန် စားပစ်လိုက်တော့သည်။ 

ဘေးမှ စားပွဲထိုးမိန်းကလေးမှာ မှင်တက်စွာ ကြည့်နေမိလေသည်။ 

တကယ် လူဆိုးကောင်ပဲ။ 

ကောင်းကင်ကြီးမှ မိုးရွာပြီး၍ ပိုမိုကြည်လင်နေပြီး လင်းချွမ်လည်း စိတ်အနည်းငယ် ပေါ့သွားလေပြီ။ 

မိန်းကလေး (၂) ဦးသည် ယွန်းထျန်းခရီးစဉ်အကြောင်း ပျော်ရွှင်စွာ ဆွေးနွေးနေကြ၏။ 

“ချင်းချင်း ကျွန်မ လေယာဉ်လက်မှတ် ဝယ်ထားလိုက်တော့မယ်”

“ရတယ်လေ။ ကျွန်မက ဟိုတယ်ဘိုကင်တင်လိုက်မယ်”

“ဒါဆို ကျွန်မတင်ပြီးသားကို ပြန်ဖျက်လိုက်ဦးမယ်”

“ဟင်…”

“အာ… ချန်းချန်း ပစ္စည်းတွေလည်း ပြင်ရဦးမယ်။ ဆယ်လ်ဖီရိုက်တဲ့တုတ်ရယ်၊ နေရောင်ကာ အဝတ်တွေ၊ နေလောင်ခံခရင်မ်ရယ် လင်းချွမ်အတွက်ပါ ထည့်ယူရမှာနော်”

“အဲ့တာက ကျွန်မ အကုန် ပြင်ပြီးသားပါ”

လင်းချွမ် ဘေးမှ နားထောင်ရင်း မျက်မှောင်ကြုတ်နေမိတော့၏။ 

မကြာမီ ည (၁၁) နာရီဝန်းကျင်၌ အိမ်ပြန်ရန် ပြင်ကြသည်။ 

ထို့နောက် ရှန်ချန်းချန်းကားဖြင့် လင်းချွမ်အား အတူလိုက်ပို့ရန် ရှချင်းချင်းပါ လိုက်လာ၏။

ပျော်ရွှင်ခြင်းရပ်ကွက်ထဲရောက်၍ ကားပေါ်က ဆင်းပြီးမှ လင်းချွမ် သက်ပြင်းချနိုင်တော့သည်။ 

သူ မနေ့ညတည်းက ဆက်တိုက် ပုစွန်များသာ စားခဲ့ရပြီး နေမကောင်းချင်သလိုပင် ဖြစ်လာ၏။ 

လင်းချွမ် အပေါ်တက်ရန် ပြင်လိုက်စဉ် အသံလေးတစ်ခု ကြားလိုက်ရလေသည်။ 

“သူဌေး နောက်ဆုံးတော့ ပြန်လာပြီပဲ”

လင်းချွမ် ရုတ်တရက် တုန်သွား၏။ 

ဟုတ်သားပဲ။ ကျန်းကို မေ့သွားတယ်။ 

All Chapters