စက်ရုံကို ဖျက်ဆီးပစ်မလား
Vol. 7 Ch. 97
ယွန်းထျန်းနယ်မြေ၊ တည်းခိုခန်းထဲ၌။
လင်းချွမ်တစ်ယောက် ပက်လက်ကုလားထိုင်၌ ထိုင်ရင်း အဖွဲ့ထဲမှ စာများဖတ်ကာ လန့်ဖျပ်၍ ထထိုင်မိသည်။
ထို့နောက် အမြန် ဖြေရှင်းရ၏။
“ဒီဇာတ်လမ်းက လုံးဝ စိတ်ကူးယဉ်ထားတာပါ။ အပြင်ကကိစ္စ၊ အပြင်ကလူအကြောင်း လုံးဝ မဟုတ်ဘူး။ တူနေခဲ့ရင်လည်း အဲ့တာ တိုက်ဆိုင်လို့ပါ။ နောက်ပြီး စာအုပ်ထဲမှာ ဇာတ်လိုက်က နောက်ပိုင်း ရဲအဖွဲ့နဲ့ ပူးပေါင်းလိုက်သေးတယ်”
“အားလုံးပေါင်းပြီး ကျွန်တော့်ကို အသရေဖျက်နေတာပဲ။ ကျွန်တော့်ရဲ့ နာကျင်သွားတဲ့ နှလုံးသားလေးအတွက် subscribe ပြန်လုပ်ပေးရမယ်”
‘ဆရာလင်း subscribe မဟုတ်ဘဲ ဒီလိုဆိုရင်ရော’
ဦးလေးပိုင်ဟူသော နာမည်ဖြင့်လူက ပုံတစ်ခု ပို့လိုက်သည်။
ရတနာသေတ္တာ ပို့ပေးလိုက်ပုံ ဖြစ်၏။
လင်းချွမ် မျက်လုံးအရောင်လက်၍ ပြုံးသွားပြီး
“ဆရာက ဒီည ဆက်နေဦးမှာလား”
သူ ရဲမေများ၏ ခရီးစဉ်အား ခဏစဉ်းစားကာ
“ဟုတ် နေဦးမှာ”
“ကျွန်တော်လည်း ဒီည ယွန်းထျန်းရောက်မှာ။ ညစာ လိုက်ကျွေးမယ်လေ”
ဦးလေးပိုင်အကောင့်မှ ပြော၏။
‘ဦးလေးပိုင် မသွားနဲ့နော်။ စာရေးဆရာက ခင်ဗျားကို ဝက်ရောင်းသလို ရောင်းစားလိမ့်မယ်’
‘ဆရာရယ် ရတနာသေတ္တာ ရပြီးနေပြီပဲ။ သူ့ကို လွှတ်ပေးလိုက်ပါနော်’
‘စာရေးဆရာကြီး ထောင်ထဲမသွားချင်ဘူးမလား’
ထိုစဉ် ဦးလေးပိုင်အကောင့်မှ
“မစိုးရိမ်ပါနဲ့ အစ်ကိုတို့ရယ်။ ကျွန်တော်က ကျောင်းပေါင်း (၉၈၅) ကျောင်းကနေ ဘွဲ့ရထားတာပါ။ စာရေးဆရာရဲ့ ဦးနှောက်သေးသေးလေးနဲ့ ကျွန်တော့်ကို မလှည့်စားနိုင်ပါဘူး။ နောက်မှ အွန်လိုင်းချစ်သူကနေ တကယ်ဖြစ်လာတာကို ပြောပြဦးမယ်”
လင်းချွမ် စွံ့အနေမိ၏။
‘အွန်လိုင်းချစ်သူဆိုတာ ယုံရလို့လား’
‘ဒါပေါ့။ မေလ (၂) ရက်နေ့ကျရင် တွေ့ဖို့ လုပ်ထားပြီ။ သူ့ကို အံ့ဩသွားစေချင်လို့ တစ်ညကြိုလာပြီး ပြင်ဆင်ထားမှာလေ’
‘သူက တွေ့ချင်တယ် ပြောလို့လား’
‘ဟင့်အင်း ကျွန်တော် ခေါ်လိုက်တာ။ ဗီဒီယိုနဲ့ စကားပြောဖူးတယ်လေ။ အရမ်းလှပြီး စိတ်ထားလည်း ကောင်းတယ်။ သူက ယွန်းထျန်းမှာ သာယာလို့ လာလည်ချင်တယ် ပြောနေတာ ကြာပြီ။ အဲ့တာကြောင့် ကျွန်တော်က ခေါ်လိုက်တာ’
‘အမလေး။ ရိုလိုက်တာနော်’
‘ဘာပဲဖြစ်ဖြစ် အွန်လိုင်းကနေပဲ သိထားတော့ လူချင်းတွေ့ရင် ဂရုတော့စိုက်ဦး’
တစ်ယောက်မှ သတိပေးလိုက်၏။
‘ဘာအန္တရာယ်ရှိမှာလဲ။ အားနည်းတဲ့ မိန်းကလေးပဲကို။ ကျွန်တော့်ကို ဘာလုပ်နိုင်မှာမို့လို့လဲ’
‘စာရေးဆရာပြောသလို လိမ်တာလည်း ရှိနိုင်တာပဲ’
‘သိပါတယ်။ ဒါပေမဲ့ သူက တခြားမိန်းကလေးတွေလို ဘာမှတောင် ပူဆာဖူးတာမဟုတ်ဘူး။ ရိုးသားပါတယ်ဗျာ။ တစ်ခုခုဆိုလည်း ဆရာလင်းကိုပါ ခေါ်သွားလိုက်မယ် ဟားဟား’
‘…’
လင်းချွမ် ခေါင်းယမ်း၍ ကြည့်နေ၏။
ထို့နောက် ထိုလူမှ လင်းချွမ်ကို သက်သက် စကားလာပြောလေသည်။
‘ဆရာ ဒီညလာတွေ့မယ်နော်။ ပျော်ရအောင်’
“ကောင်းပါပြီဗျာ”
မနက် (၉) နာရီ။
ရဲမေများလည်း နိုးနေကြပြီ ဖြစ်၏။
နှစ်ယောက်လုံး အလှပြင်ဆင်ပြီး၍ ဧည့်ခန်းထဲတွင် ရှိနေကြသည်။
ရှန်ချန်းချန်းမှာ အဖြူရောင်ဂါဝန်လေး ဝတ်ဆင်ထားပြီး ဆံနွယ်များအား ပုခုံးသားထက် ဖြန့်ချထား၏။ အိတ်ပန်းရောင်လေးတွင်တော့ ဘဲရုပ်အဝါလေး တပ်ထားလေသည်။
ရှချင်းချင်းမှာ ပန်းရောင်အင်္ကျီနှင့် ကာကီရောင် စကပ်အကြပ်လေး ဝတ်ဆင်ကာ နေကာမျက်မှန်သာ တပ်ဆင်ထားပြီး ဖြူစင်ရိုးရှင်းလှ၏။
“သွားရအောင် လင်းချွမ်”
လင်းချွမ်ကတော့ ရိုးရှင်းသော တီရှပ်ပွပွနှင့် အရောင်နွမ်း ဂျင်းဘောင်းဘီတို့ကို ဝတ်ဆင်ကာ အပြေးဖိနပ်လေး စီးထား၏။
သူ့ပုံစံမှာ ပေါ့ပေါ့ပါးပါးနှင့် ကြည့်ကောင်းနေလေသည်။
(၃) ယောက်သား အာဟိန်ကန်တစ်လျှောက် လမ်းလျှောက်၍ ဟိုဟိုဒီဒီ လိုက်ကြည့်နေသည်။
သို့သော် မိန်းကလေးများ ဈေးဝယ်စထွက်လျှင် အလွန် တက်ကြွလန်းဆန်းနေ၏။
ယောက်ျားလေးများ အတွက်မှာမူ ပို၍ ပင်ပန်းနွမ်းနယ်တတ်လေသည်။
လင်းချွမ် လမ်းဘေးခုံလေးတွင် ထိုင်ရင်း ရှုခင်းများအား ခံစားနေသည်။
ကောင်းကင်ကြီးသည် ပြာလဲ့၍ လတ်ဆတ်သော လေများ တိုက်ခတ်နေ၏။
“စာရေးပြီး ပိုက်ဆံရှာတဲ့သူတွေက တကယ် အပြင်ထွက်သင့်တာပဲ”
လင်းချွမ် ရေရွတ်ရင်း နားနေ၏။
ထိုစဉ် အနီရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ဦး သူ့အနား ရောက်လာပြီး
“လူချောလေး တစ်ယောက်တည်းလား။ ခရီး အတူတူ ထွက်ဖို့ စိတ်ဝင်စားလား”
“မဝင်စားပါဘူးခင်ဗျာ”
လင်းချွမ် ခေါင်းယမ်းပြ၏။
“တစ်ယောက်တည်း ခရီးထွက်လာတာ ပျင်းစရာကြီးလေ။ အတူတူဆို ပိုကောင်းတာပေါ့”
အမျိုးသမီးမှ ခပ်ညုတုတု ရယ်မောလေသည်။
“ကျွန်တော့်မှာ ပိုက်ဆံမရှိပါဘူး”
“ကျွန်မ ပိုက်ဆံကြောင့်လာတာ မဟုတ်ပါဘူးနော်”
“ကျွန်တော် ရဲခေါ်လာပါတယ်”
“ဟွန့် မရိုတတ်လိုက်တာ။ တစ်သက်လုံး ရည်းစားရမှာ မဟုတ်ဘူး”
ထိုစဉ် ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့ ပြန်ရောက်လာ၏။
“ဒီမှာ အစ်မ ဘယ်သူက တစ်သက်လုံး ရည်းစားမရမှာလဲ”
ရှချင်းချင်း ပြုံး၍ ပြောလိုက်သည်။
“သူပေါ့”
အမျိုးသမီးမှ လင်းချွမ်အား လက်ညှိုးထိုးပြ၏။
ထိုအခါ အမျိုးသမီးများ လင်းချွမ်ဘေးသို့ တစ်ယောက်တစ်ဖက် ဝင်ထိုင်ကာ စိုက်ကြည့်နေကြသည်။
ထိုအခါမှ အမျိုးသမီး ထွက်သွားပြီး မိန်းကလေးများ ဖယ်လိုက်လေသည်။
ရှန်ချန်းချန်းမှ
“ဆရာလင်းက ဆွဲဆောင်မှု ရှိသားပဲ။ မိန်းကလေးက ချက်ချင်း လာကပ်တာနော်”
လင်းချွမ် ခေါင်းယမ်းကာ
“အဲ့မိန်းမက လူလိမ်ပါဗျာ”
လင်းချွမ် ခေါင်းယမ်း၍ ပြောလိုက်သည်။
“ရှင်က ဘယ်လိုသိလဲ”
“ကျွန်တော့်ကို လာဆွဲဆောင်နေတယ်လေ”
“ရှင့်မှာ ဖောက်ထွင်းမြင်မျက်လုံး ရှိနေတာကျနေတာပဲ”
“ခရီးသွားလိမ်ခြင်းဆိုတာ မကြားဖူးဘူးလား”
နှစ်ယောက်စလုံး ခေါင်းယမ်းပြ၏။
“ဒီလိုမျိုးက သိပ်မသိသာဘူးလေ။ ဒါပေမဲ့ လိမ်တဲ့ မိန်းကလေးက လှရမယ်။ သူ့အလှနဲ့ တစ်ကိုယ်တည်း သမားတွေကို ခရီးအတူထွက်မလားမေးရင်း တကယ်ကတော့ လိမ်နေတာပေါ့”
“ဪ”
လင်းချွမ် ဂရုစိုက်၍ ရှင်းပြ၏။
“ကျွန်မက ပြစ်မှုဆိုင်ရာရဲသာဆိုတယ်။ ရှင့်လောက်တောင် မသိဘူးပဲ”
လင်းချွမ် ရယ်မော၍
“ကျွန်တော်က စာရေးဆရာလေ။ အများကြီး ရှာလေ့လာထားရတာပေါ့”
“နောက်တစ်ခါမှ အမှောင်ခန်းထဲ ပိတ်ထားပြီး ဘယ်လောက်တောင် လျှို့ဝှက်ချက်တွေ သိထားလဲ စစ်ဆေးရမယ်”
ရဲမေများ ရယ်မော၍ ပြောလိုက်လေ၏။
…
မိုတု။
အလင်းရောင် ခပ်ဖျော့ဖျော့မှာ ကန့်လန်ကာကို ဖောက်ထွင်း၍ ဝင်လာသည်။
ယုယွီမှာ ပန်းရောင်ညအိပ်ဝတ်စုံလေး ဝတ်ဆင်လျက် နေရောင်ခြည်ကို ခံစားရင်း ဆန်ပြုတ်တစ်ခွက် ထယူလိုက်သည်။
သူ အလုပ်သမားနေ့အတွက် အစီအစဉ် မရှိပါ။
လင်းချွမ်လည်း အန်လင်းတွင် မရှိ၍ သူ အခန်းအောင်းကာ အလုပ်သာဖိလုပ်နေသည်။
လက်ရှိတွင် လင်းချွမ်၏ ဝတ္ထုမှာ ပြိုင်ပွဲ၌ အဆင့် (၁၆) ရထား၏။ တစ်နိုင်ငံလုံးနှင့်ယှဉ်လျှင်တော့ နိမ့်သည့်ထဲ မပါပေ။
နောက်ထပ်လည်း အချိန်မရွေး ပြောင်းလဲသွားနိုင်သေးသည်။
ထို့နောက် ယုယွီ မနက်စာစားရင်း သတင်းများ ကြည့်ရာ ကျားဖြန့်နှင့် ပတ်သက်သော ဗီဒီယိုတွေ့၍ ဝင်ကြည့်လိုက်၏။
ဗီဒီယိုတင်သူမှာ မင်ဆိုသူ ဖြစ်သည်။
ထိုလူမှာ အင်္ကျီအပြာရောင် ဝတ်ဆင်ထားပြီး မျက်နှာကိုတော့ အုပ်ထားလေသည်။
‘ကျွန်တော် စက်ရုံထဲ ပိတ်မိခဲ့တဲ့ နေ့ရက်တွေ’
‘အဖြစ်မှန်ကို အခြေခံထားသော ဝတ္ထု’
‘စာရေးဆရာ: မင်’
ဗီဒီယိုမှာ လူကြည့်သိပ်မများသေးပေ။
ယုယွီ ဝတ္ထုကို ရှာကြည့်လိုက်သောအခါ ကျားဖြန့် တိုက်ဖျက်ရေး၌ ဝင်ပြိုင်ထားပြီး အဆင့် (၂၁) ဖြစ်၏။
အမျိုးသားမှာ အသံကိုပြောင်းထား၏။
‘အားလုံးပဲ ဒီဗီဒီယိုကိုကြည့်ပြီး ကျွန်တော့်လို အတွေ့အကြုံမျိုး မခံစားရစေဖို့ မျှော်လင့်ပါတယ်’
‘အဲ့တာကြောင့် ဒီဝတ္ထုကိုရေးပြီး ကျားဖြန့် တိုက်ဖျက်ရေးမှာ ဝင်ပြိုင်ခဲ့တာပါ’
‘ကတိအတုတွေနဲ့ လစာအမြင့်ကြီးတွေကို ယုံပြီး အလိမ်မခံကြပါနဲ့’
‘နောက်ပြီး သတိလက်လွတ်နဲ့ အဲ့နယ်ပယ်ထဲ မဝင်သွားလိုက်ပါနဲ့။ ဘာတွေဆက်ဖြစ်မလဲ ဘယ်သူမှ မသိနိုင်ပါဘူး’
‘အခု ကျွန်တော့်အတွေ့အကြုံကို အရင်းခံပြီး ဘယ်လို ခက်ခက်ခဲခဲ ထွက်ပြေးလွတ်မြောက်ခဲ့ရလဲဆိုတာ ပြောပြသွားပါမယ်’
‘…’
ယုယွီနားထောင်ရင်း မျက်မှောင်ကြုတ်နေမိသည်။
ထိုပုံစံဖြင့် လူအတော်များများကို ဆွဲဆောင်နိုင်ပေဦးမည်။
ထို့နောက် အခြားသတင်းကို တွေ့ပြန်သည်။
ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်မှ နာမည်ကြီး စာရေးဆရာဟန်တန် ပိုက်ဆံ (၃) သန်း အလိမ်ခံရပြီး ကိုယ်တွေ့ဝတ္ထု ရေးသားခြင်း။
ဤသို့ဖြင့် ကြော်ငြာအားကောင်းသော ဝတ္ထုများကြောင့် လင်းချွမ်၏ ဝတ္ထုမှာ (၁၆) မှ (၅၂) အထိ ထိုးကျသွားတော့၏။
ယုယွီလည်း လင်းချွမ်အတွက် မည်သို့ကြော်ငြာပေးရမည်အား စဉ်းစားနေမိသည်။
ဘယ်လိုလုပ်မှ ပေါက်မှာလဲ။
ကျားဖြန့်ဂိုဏ်းကို ဖမ်းပြလိုက်ရမလား။