← Chapters

ကျွန်တော်က ဘယ်လိုလုပ် လှည့်စားခံရမှာလဲ

Vol. 7 Ch. 99

ကျွန်တော်က ဘယ်လိုလုပ် လှည့်စားခံရမှာလဲ

Vol. 7 Ch. 99

လင်းချွမ် သူများဝတ္ထုခိုးချသည်ဟူသော ကောလာဟလများ ပျံ့သွားလျှင် လင်းချွမ်ကိုယ်တိုင်ကိုသာမက သူဝင်ပြိုင်ထားသော ပြိုင်ပွဲကိုပါ ထိခိုက်နိုင်ပါသည်။ 

“ယုယွီ တောင်းပန်ပါတယ်နော်။ ဒီလိုတွေ ဖြစ်သွားမယ်လို့ မထင်ထားဘူး”

“Live ထဲမှာ စာရေးဆရာကြီးအတွက် ရှင်းလင်းပြောပြထားပေးပေမဲ့ သိပ်ထိရောက်မှာ မဟုတ်ဘူး”

စုချန်းချန်း ပရိသတ်များ၏ တုံ့ပြန်မှုကိုကြည့်ကာ ယုယွီအား စာလှမ်းပို့လိုက်၏။ 

စိတ်ထဲတွင်လည်း အားနာနေမိ၏။ 

သူ လင်းချွမ်အတွက် ကြော်ငြာပေးရင်း ကိစ္စများ ပိုရှုပ်ထွေးကုန်သည်။ 

“တစ်ယောက်ယောက် မနာလိုပြီး လုပ်ကြံတာပါ။ ကျွန်မ နည်းလမ်းရှာဦးမယ်။ ဘာမှ မစိုးရိမ်နဲ့နော်”

ယုယွီ ခဏစဉ်းစား၍ စာပြန်လိုက်၏။ 

အယ်ဒီတာတစ်ဦးအနေဖြင့် အွန်လိုင်းတိုက်ခိုက်မှုများကို နားလည်ထားပါသည်။ 

နာရီဝက်အကြာ၌။ 

ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ် အယ်ဒီတာချုပ် ကျန်းရီရှင်းမှ

“ယုယွီ လှည့်စားခြင်းဆိုတဲ့ ဝတ္ထုက ဘာဖြစ်တာလဲ။ ဘာလို့ တိုင်စာတွေ အများကြီး ရောက်လာတာလဲ”

သတင်းကိုယုံသူများမှာ ပြိုင်ပွဲဝက်ဘ်ဆိုဒ်ကိုသာမက ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်အထိ တိုင်ကြားစာများ ပို့ထား၏။ 

ကျန်းရီရှင်းမှာ နိုင်ငံတကာအထိ အောင်မြင်ထားသော ဟက်ကာလောက ရေးသားသူ လင်းချွမ်အတွက် များစွာ မျှော်လင့်ထားသော်လည်း ယခုအခြေအနေကြောင့် နားမလည်နိုင် ဖြစ်နေသည်။ 

ယုယွီ အခြေအနေ အစအဆုံး ရှင်းပြလိုက်ပြီးနောက်

“စိတ်အေးအေးထားပါ အယ်ဒီတာချုပ်ရယ်။ လင်းချွမ်က အဲ့လိုခိုးချပြီး ရေးမယ့်လူ လုံးဝ မဟုတ်ပါဘူး။ ကျွန်မရဲ့ နှစ်ကုန်ဘောနပ်စ်နဲ့ ရင်းရဲပါတယ်”

ယုယွီ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။ 

“နှစ်ကုန်ဘောနပ်စ် အင်း…”

ကျန်းရီရှင်း ခဏစဉ်းစား၍ သတိပေးလိုက်သည်။ 

“ဒါက ကိစ္စကြီးလည်း ဖြစ်နိုင်တယ်။ ကိစ္စလေးလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေရဲ့အမြင်ကို ဂရုစိုက်ရဦးမှာပဲ။ လင်းချွမ်ကလည်း subscription (၁) သောင်းကျော်ရထားတဲ့သူလေ။ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်နေတယ်ဆိုတော့ ငါတို့ဝက်ဘ်ဆိုဒ်ရဲ့မျက်နှာ ရှိသေးတယ်”

ဖုန်းချလိုက်ပြီးနောက် ယုယွီ သက်ပြင်းချ၍ လင်းချွမ်အတွက် မည်သို့လုပ်ပေးရမည်မသိ ဖြစ်နေသည်။ 

ကျားဖြန့်ဂိုဏ်းကို ဖျက်ဆီးရန်မှာလည်း အလွန်အန္တရာယ်များသည်။ 

…

ယွန်းထျန်း အခွင့်အရေးဘား။ 

လင်းချွမ် ဘားရှေ့တွင်ထိုင်ရင်း လက်ဖက်ရည်အေး တစ်ခွက် မှာလိုက်၏။ 

သူ့စာအုပ်မှာ ခိုးချထားသည်ဟူ၍ စွပ်စွဲခံနေရသည်ကိုတော့ မသိသေးပေ။ 

လင်းချွမ် တစ်နေ့ခင်းလုံး ရှန်ချန်းချန်း၊ ရှချင်းချင်းတို့နှင့် အလုပ်ရှုပ်နေခဲ့၏။ မြို့ထဲလည်၍ ဈေးဝယ်ထွက်ခြင်း၊ ရှုခင်းကြည့်ခြင်းတို့ ဖြစ်သည်။ 

လင်းချွမ်လည်း အပြင်မထွက်ရတာကြာ၍ အလွန် တက်ကြွနေလေ၏။ 

သူ့စာအုပ်များ မအောင်မြင်စဉ်က ယွန်းထျန်းသွားရန် မဆိုထားနှင့်။ အောက်ထပ်မှ ကျန်းတို့၏ စတိုးဆိုင်သွားရန်ပင် ပိုက်ဆံကို အလွန်ရေတွက်နေရသည်။ 

ယခုတော့ ယွန်းထျန်းအလှကို လွတ်လွတ်လပ်လပ် ကြည့်ရှုခံစားနိုင်လေပြီ။ 

ယွန်းထျန်း၏ ရှုခင်းများမှာ အမှန်ပင် လှပလွန်း၏။ 

ဤသို့ဖြင့် ညမိုးချုပ်သွားလေသည်။ 

အလင်းရောင်များ တောက်ပလျက် နီယွန်မီးမှာ တဖျတ်ဖျတ် လက်နေ၏။ 

လင်းချွမ်နှင့် သူ့ပရိသတ် ‘ဦးလေးပိုင်’ တို့ ထိုဘားတွင် တွေ့ရန် ချိန်းထားကြသည်။  

ရဲမေ (၂) ဦးမှာ ဘေးဝိုင်း၌ သက်သက် ရှိနေပြီး အဆိုတော်လေး၏ သီချင်းကို နားထောင်ရင်း ခရီးရှိ ဓာတ်ပုံများကို ပြန်ကြည့်နေ၏။ 

“ဦးလေးပိုင် ဘယ်မှာလဲ”

လင်းချွမ် စာလှမ်းပို့လိုက်သည်။ 

“ကျွန်တော် တံခါးရှေ့ ရောက်နေပြီ”

ဦးလေးပိုင် ပုံနှင့်တကွ ပို့လိုက်ပြီး မကြာမီ ဆံပင် နောက်လှန်ဖြီး၍ ပြုံးရွှင်နေသော အမျိုးသားတစ်ဦး လင်းချွမ်အနား ရောက်လာသည်။ 

“မစ္စတာလင်း ကျွန်တော် ဦးလေးပိုင်ပါ”

လင်းချွမ် လှည့်ကြည့်၍

“အစ်ကိုပိုင်ပဲ ထားပါတော့။ ကျွန်တော်မှန်း တန်းသိတာလား ဟမ်”

“ဒီအတိုင်း သံသယရှိတဲ့ပုံပေါက်နေတာကို ရှာလိုက်တာပါ။ ဝင်လာတာနဲ့ သိသာတယ်လေ”

ပိုင် ရယ်မောလျက်

“နောက်တာပါဗျာ။ ဒီလောက် ချောလိမ့်မယ်လို့တော့ မထင်ထားဘူး”

လင်းချွမ်လည်း ရယ်မောလျက်

“နောက်ပိုင်းက ချီးကျူးတဲ့စကားက နည်းနည်းတော့ လေးနေတယ်နော်”

“ဟားဟား”

ထို့နောက် သောက်စရာများ မှာလိုက်ကြလေသည်။ 

“အစ်ကိုပိုင်ရဲ့ အွန်လိုင်းချစ်သူလေးနဲ့ တွေ့ပြီးပြီလား”

“ဟင့်အင်း”

အစ်ကိုပိုင် ခေါင်းယမ်းကာ

“မနက်ဖြန်မနက်မှ ရှေးဟောင်းမြို့နားမှာ ချိန်းထားတယ်”

“သတိတော့ ထားနော်”

အစ်ကိုပိုင် ရယ်မော၍

“မစ္စတာလင်းရယ် အရမ်းအတွေးလွန်နေတာပဲ။ ကျွန်တော် အားလုံး ပြင်ဆင်ထားပြီးပြီ။ အရူးလုပ်မခံပါဘူး”

“အဲ့လိုလား”

လင်းချွမ် ပြုံးပြလိုက်၏။ 

ထို့နောက် ပိုင် ဖုန်းထုတ်၍ သူ့ချစ်သူ အလှလေးကို ပြလေသည်။ 

“မစ္စတာလင်း ကြည့်ပါဦး။ ဒါ သူ့ပုံအစစ်လေ”

“တကယ် လှတာပဲ”

လင်းချွမ် ပုံကိုကြည့်၍ ချီးကျူးလိုက်၏။ 

“ဒါပေါ့။ ကျွန်တော်တို့ ဗီဒီယိုနဲ့လည်း စကား ပြောနေကျ။ အဲ့မှာဆို အခုပုံထဲကထက် ပိုလှသေးတယ်”

“ခင်ဗျားက ကျွန်တော့်ပရိသတ်ထဲက တစ်ယောက်ဆိုတော့ သတိတော့ ပေးချင်တယ်။ အခုခေတ် နည်းပညာတွေက အရမ်းတိုးတက်နေပြီနော်”

လင်းချွမ်မှ ပြောလိုက်သည်။ 

“ဆရာလင်းရယ် စိတ်လျှော့ပါ။ ဟိုတယ်ဘိုကင်လည်း ကျွန်တော်တင်တာ။ ခရီးစဉ်လည်း အတူတူပဲ။ ဘာပြဿနာမှ မရှိပါဘူး”

“ကောင်းပါပြီဗျာ။ အောင်မြင်ပါစေ Cheers”

လင်းချွမ် သူ့လက်ဖက်ရည်ခွက်လေး မြှောက်ကာ တိုက်လိုက်၏။ 

ပိုင်လည်း သူ့အရက်ကို တစ်ငုံမော့ကာ လင်းချွမ်အား ပုခုံး လှမ်းပုတ်၍

“ဆရာလင်းကို ကြည့်ရတာ ရည်းစားမရှိဘူးနဲ့ တူတယ်နော်”

လင်းချွမ် လန့်ဖျပ်၍ 

“ဘာလို့လဲ”

“ဆရာလည်း အွန်လိုင်းကနေ ရှာနိုင်အောင် အကြံဉာဏ်လေးဘာလေး ပေးရရမလား”

လင်းချွမ် ပြုံး၍ ခေါင်းယမ်းကာ

“ကျွန်တော် အွန်လိုင်းကနေ တွဲတာမျိုး စိတ်မဝင်စားပါဘူးဗျာ”

“အပြင်မှာက အချောအလှတွေနဲ့ တွေ့ဖို့ မလွယ်ဘူးလေ။ အွန်လိုင်းကပဲ ကွန်ယက်ဖြန့်ရမှာပေါ့။ မဟုတ်ရင် တစ်သက်လုံး တစ်ကိုယ်တည်း ဖြစ်သွားလိမ့်မယ်”

“အဲ့တာက အရမ်းအရေးကြီးလို့လား”

လင်းချွမ် ရယ်မောကာ ပြန်ပြော၏။ 

“ဆရာလင်းရယ် နောက်မှ အကျိုးရှိမှန်း သိလိမ့်မယ် ဟားဟား”

“လင်းချွမ်”

ရုတ်တရက် နူးညံ့သော အသံလေး ကြားရပြီး ရှန်ချန်းချန်းမှ လက်လှမ်းပြ၏။ 

ပိုင် လန့်သွားပြီး

“သူ ဆရာ့ကို ခေါ်နေတာလား”

“ဟုတ်တယ်။ ခဏနော်”

ပိုင် အံ့ဩစွာ ငေးကြည့်နေမိသည်။ 

ဒီလောက်လှတဲ့ ကောင်မလေးက ဘေးမှာရှိနေတာကို။ တစ်ကိုယ်တည်း ဖြစ်နေတုန်းလား။ 

“ဒီပုံလေး ဘယ်လိုလဲ”

“ကျွန်မဆီက ပုံလေးရော”

“…”

အမျိုးသမီးများမှာ နေ့လယ်က အတူရိုက်ခဲ့သည့် အဖွဲ့လိုက်ပုံများကို ရွေးခိုင်းနေခြင်း ဖြစ်သည်။ 

ပိုင်မှာ မိန်းကလေး (၂) ဦးလုံးနှင့် ရင်းနှီးနေပုံပေါ်သော လင်းချွမ်ကြောင့် အလွန်အားကျနေ၏။ 

တဖြည်းဖြည်း ညဉ့်နက်လာပြီး (၃) ယောက်သား ငှါးထားသော အခန်းသို့ ပြန်လာခဲ့ကြသည်။ 

ထို့နောက် ဧည့်ခန်းထဲ၌ စကားပြောဖြစ်ကြလေသည်။ 

“လင်းချွမ် ခုနကတစ်ယောက်က ရှင့်ပရိသတ်လား”

“ရိုးရိုးပရိသတ်တောင် မဟုတ်ပါဘူး။ တကယ့် အမာခံပရိသတ်ပါ”

အမျိုးသမီးများ အံ့ဩစွာ ကြည့်နေ၏။ 

“သူက ယွန်းထျန်းကပဲလား”

လင်းချွမ်ပြုံး၍

“မဟုတ်ဘူး။ သူလည်း ကိစ္စလေးရှိလို့ ရောက်လာတာ”

“ကိစ္စလေးလား”

အမျိုးသမီးများ ဆိုဖာပေါ် ပျင်းရိပျင်းတွဲ ထိုင်နေရာမှ စိတ်ဝင်တစား ထလာသည်။ 

ထို့နောက် လင်းချွမ်လည်း အကြောင်းစုံကို ရှင်းပြလိုက်တော့၏။ 

“အွန်လိုင်းချစ်သူကို လာတွေ့တာဆိုရင် အလိမ်ခံရတာ မဟုတ်ဘူးလား”

ရှချင်းချင်းမှာ ဆိုက်ဘာလုံခြုံရေးအဖွဲ့မှ ဖြစ်၍ ချက်ချင်း သဘောပေါက်သွား၏။ 

လင်းချွမ်ပြုံးကာ

“ဟုတ်တယ်။ ဒါပေမဲ့ သူ မနက်ဖြန် သွားတွေ့မှာ။ ကျွန်တော်တို့နဲ့တွေ့ဖို့ပါ ခေါ်ခဲ့မယ်လည်း ပြောတယ်။ အဲ့တာကြောင့် အရေးဆို ရဲစခန်း ဒါမှမဟုတ် ကျွန်တော်တို့ကို ဖုန်းချက်ချင်းဆက်လို့တော့ မှာထားတယ်”

“တော်ပါသေးရဲ့”

ရှချင်းချင်း ခေါင်းငြိမ့်ပြ၍ 

“ဒါနဲ့ မနက်ဖြန် လူတအားများမှာနော်။ သန်ဘက်ခါတော့ လူရှင်းတဲ့ လင်းကန်ဘက် သွားရအောင်”

ရှန်ချန်းချန်းမှ အကြံပေးလေ၏။ ထို့နောက် ဆက်၍

“လင်းကန်မှာ ရှုခင်းတွေ တအားလှတာ။ လူရှင်းတော့ ရှင်လည်း အကြံဉာဏ်ကောင်းတွေ ထွက်တာပေါ့” 

“ရပါတယ်ဗျာ။ ရဲမေတို့ ကောင်းသလို စီစဉ်ပါ”

…

နောက်တစ်နေ့။ 

လင်းချွမ်တို့ မြို့ထဲ လျှောက်လည်ကြပြီး ပိုင်နှင့် သူ့ချစ်သူလည်း တွေ့ဆုံခြင်း အဆင်ပြေပါသည်။ 

သို့သော် မိန်းကလေးမှာ အလွန်ရှက်နေ၍ လင်းချွမ်တို့ကိုတော့ လိုက်မတွေ့သေးပေ။ 

သက်သေပုံတော့ ပို့ပေးလေ၏။ 

“မလှဘူးလား”

“တကယ်လှတာပဲ”

“ဟင်းဟင်း ကြွားလို့တော့ ပြီးပြီ”

ပိုင် ကျေနပ်စွာ ပြုံးလိုက်၏။ 

ဤသို့ဖြင့် ယွန်းထျန်းဒုတိယနေ့လည်း တိတ်ဆိတ်စွာ ပြီးဆုံးသွား၏။ 

မေလ (၃) ရက်နေ့။

လင်းချွမ်တို့ လူရှင်းသည့် လင်းကန်ဘက် သွားကြလေသည်။ 

သူတို့ ထိုနေရာရောက်သောအခါ လင်းချွမ် ပိုင်ထံမှ ထူးဆန်းသော စာတစ်စောင် ရရှိ၏။ 

All Chapters