ကိုယ်တိုင်သွားမယ်
Vol. 7 Ch. 100
မေလ (၃) ရက်နေ့။
နွေးထွေးလတ်ဆတ်သော လေညင်းမှာ လင်းကန်နယ်နိမိတ်၌ တိုက်ခတ်လျက် ရှိသည်။
လင်းချွမ်တို့လည်း ခရီးဆောင်အိတ် ကိုယ်စီဖြင့် လင်းကန်သို့ ခုတ်မောင်းလာသော ရထားပေါ်၌ ပါလာကြ၏။
ထိုနေရာမှာ မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်မြို့လေးတစ်ခု ဖြစ်သည်။
ခရီးစဉ်ဆိုသည်မှာ အမှန်တော့ နေရာထက် အတူ သွားရသည့်သူက ပိုအရေးကြီးပါသည်။
နယ်စပ်မြို့လေးပင် ဖြစ်လင့်ကစား ပျော်ရွှင်စရာ ရယ်မောသံများနှင့် ပြည့်နှက်နိုင်၏။
“ဒီမှာ ဝလူမျိုးတွေရဲ့ ရိုးရာတွေများပြီး အစားအစာလည်း အရမ်းကောင်းတယ်လို့ ကြားတယ်”
“ကြယ်ရောင်ညဈေးဆိုတာ မဖြစ်မနေ သွားသင့်တယ်တဲ့။ မုန့်ကောင်းတွေ အများကြီးပဲ”
“ဝရိုးရာအင်္ကျီတွေလည်း ဝတ်ကြည့်ရအောင် ချန်းချန်း။ တို့တွေ ကြည့်ကောင်းမှာပဲ”
“လင်းချွမ်ကိုပါ ဝတ်ခိုင်းရမယ်။ သူက အရပ်ရှည်ပြီး ခန္ဓာကိုယ်လှတော့”
“…”
(၃) ယောက်သား ရထားပေါ်မှ ဆင်းလာပြီးနောက် ဘိုကင်တင်ထားသော ဟိုတယ်ဆီသို့ ထွက်လာခဲ့ကြသည်။
နေ့ခင်းဘက်တွင်ပင် သစ်ပင်ရိပ်များကြောင့် အေးမြနေပြီး ကားဟွန်းသံများဖြင့် စိတ်အနှောင့်အယှက်ဖြစ်စရာလည်း မရှိပေ။
လင်းကန်မှာ သူတို့ စိတ်ကူးထားသည်နှင့် တစ်ထပ်တည်း ကျလေသည်။
ကောင်းကင်တစ်ခွင်လုံး ပြာလဲ့၍ ရှုခင်းများမှာ သာယာပြီး လေညင်းများလည်း ငြိမ့်ညောင်းလှသည်။
‘ဒင်းဒေါင်’
လင်းချွမ် ဖုန်းမှ အသံမြည်လာ၏။
[မစ္စတာလင်း အားလုံး ခင်ဗျားကြောင့်ပဲ]
ပိုင်ထံမှ ဖြစ်သည်။
ဟင်…
လင်းချွမ် ရုတ်တရက် တန့်သွားပြီး ဖုန်းကို ငေးကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
“ငါ့ကြောင့်လား”
လင်းချွမ် စိတ်ထဲခုသွားပြီးနောက် စာပြန်လိုက်၏။
“ကျွန်တော်က ချောလို့လား”
ပြန်စာ မလာပေ။
“လင်းချွမ် ဘာဖြစ်တာလဲ”
အမျိုးသမီးများ သတိထားမိပြီး လှည့်ကြည့်လာ၏။
လင်းချွမ် သက်ပြင်းချ၍ မျက်နှာပျက်လျက်
“ဒီနေ့အစီအစဉ်ကို ရွှေ့ရတော့မယ်ထင်တယ်”
“ဘာလို့လဲ”
ရဲမေများ သူ့အနားရောက်လာ၏။
လင်းချွမ် သူ့ဖုန်းမှ စာကို ပြလိုက်သည်။
“မစ္စတာလင်း အားလုံး ခင်ဗျားကြောင့်ပဲ”
“အဲ့တာဘာလဲ”
မိန်းကလေးများ နားမလည်နိုင် ဖြစ်နေကြသည်။
ရုတ်တရက် မိန်းကလေးများ အချင်းချင်း ကြည့်မိပြီး သဘောပေါက်သွားကြသည်။
“သံသယရှိသူ”
မစ္စတာလင်း = သံသယရှိသူ
‘မစ္စတာလင်း ခင်ဗျား သံသယရှိတာ မှန်တယ်’
သူ လူလိမ်တွေနဲ့ တွေ့နေပြီလား။
ရဲမေများမှာ အကူအညီတောင်သောစာအား ချက်ချင်း သဘောပေါက်သွားကြ၏။
လင်းချွမ်၏ ‘ကျွန်တော် ချောလို့လား’ မှာလည်း ကြွားဝါခြင်း မဟုတ်ပေ။
ပိုင်၏ အခြေအနေကို အတည်ပြုခြင်းသာ။
ယခုလို ပြန်စာ မလာတော့၍ အန္တရာယ်ရှိခြင်း မှန်နေလေပြီ။
“သူ ဒုက္ခရောက်နေပြီ”
“ဖြစ်နိုင်တယ်”
သို့သော် စာတစ်စောင်တည်းဖြင့် ကောက်ချက်မချနိုင် ဖြစ်နေသည်။
ထိုစဉ် လင်းချွမ် အမြန်စဉ်းစား၍
“ကျွန်တော် အခု ကွန်ပျူတာ လိုတယ်”
“ဒီမှာရှိတယ်”
ရှန်ချန်းချန်း တစ်ဖက်လမ်းမှ ဖုန်းဆိုင်အား လက်ညှိုးထိုးပြလိုက်သည်။
လင်းချွမ် လမ်းကူး၍ အမြန် ပြေးဝင်သွား၏။
“မင်္ဂလာပါ။ ကျွန်တော် အရေးတကြီး ကွန်ပျူတာ သုံးစရာလေး လိုနေလို့ပါဗျ”
သက်လတ်ပိုင်းအရွယ် ဆိုင်ရှင်မှာ နှီးယပ်တောင်လေး ခပ်လျက် ဗိုက်ပူပူမှာ ဖောင်းထွက်နေသည်။
လင်းချွမ်၏ တောင်းဆိုမှုကြောင့် သူ ထပ်မမေးတော့ဘဲ ပြုံးကာ
“အနောက်ထဲက ကြိုက်တဲ့ကွန်ပျူတာ ယူသုံးပါ”
“ကျေးဇူးပါဗျာ”
လင်းချွမ်လည်း ခွင့်ပြုချက်ရသည်နှင့် ချက်ချင်း
အထဲဝင်သွားလိုက်ပြီး ကွန်ပျူတာရှေ့၌ ထိုင်လေသည်။
ထို့နောက် ပိုင်၏တည်နေရာအား ချက်ချင်း ရှာလိုက်၏။
ထိပ်တန်းဟက်ကာတစ်ဦးအနေဖြင့် လူတစ်ယောက်ကို ရှာရသည်မှာ မခက်ခဲလှပေ။
လင်းချွမ်၏လက်များမှာ ကီးဘုတ်ပေါ်၌ မြန်ဆန်စွာ လှုပ်ရှားနေ၏။
အနောက်မှ ကြည့်နေသော ရှချင်းချင်းမှာတော့ မျက်မှောင်ကြုတ်နေမိသည်။
လင်းချွမ် ထိုသို ခွင့်ပြုချက်မရှိဘဲ တည်နေရာ ရှာဖွေခြင်းမှာ တရားမဝင်ပေ။
အန်လင်းစခန်း၏ ခေါင်းဆောင် ကျန်းပြောင်မှလည်း လင်းချွမ်အခြေအနေကို စောင့်ကြည့်ခိုင်းထားသောကြောင့် ရှချင်းချင်း ကျန်းပြောင်အား ဆက်သွယ်လိုက်ရ၏။
“ရဲဘော်ရှ မင်းနဲ့ လင်းတို့ ယွန်းထျန်းကို ခရီးသွားကြတယ်ဆို။ ဘယ်လိုလဲ”
“ဟုတ်ပါတယ်။ အခု အရေးတကြီး တင်ပြစရာ ရှိလို့ပါ”
ကျန်းပြောင် စိတ်ဝင်စားစွာဖြင့်
“လင်းချွမ် ဒုက္ခရောက်နေတာတော့ မဟုတ်ပါဘူးနော်”
“လင်းချွမ်က အဆင်ပြေပါတယ်”
ကျန်းပြောင် ထိုအခါမှ သက်ပြင်းချနိုင်ပြီး
“ဘာအရေးတကြီး ရှိလို့လဲ”
“လင်းချွမ်သူငယ်ချင်းက ကျားဖြန့်ဂိုဏ်းဆီမှာ အဖမ်းခံရတယ် ထင်တယ်။ အခု ကျွန်မတို့က ယွန်းထျန်းက လင်းကန်မြို့ထဲမှာပါ။ လင်းချွမ် အခု နည်းပညာခိုးယူသုံးနေတာမို့လို့ ခွင့်ပြုမိန့် တောင်းတာပါ”
“ရတယ်။ ခွင့်ပြုတယ်”
ကျန်းပြောင် ချက်ချင်း အဖြေပေးလိုက်သည်။
“လင်းကို လိုအပ်တာ ဆက်လုပ်လို့ ပြောလိုက်။ လင်းကန်က ဆိုက်ဘာရဲအဖွဲ့ကိုလည်း ပြောထားလိုက်မယ်”
လင်းချွမ် သူတို့စကားကိုကြားကာ ကျေးဇူးတင်စကား ပြောလိုက်၏။
“ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး။ ပိုင်က ကျွန်မသူငယ်ချင်းလည်း ဟုတ်တယ်လေ”
ရှချင်းချင်း ပြုံး၍ ပြောလိုက်၏။
“လင်းချွမ် ဘာမှစိတ်မပူဘဲ အာရုံစိုက်ပြီးသာ ဆက်လုပ်ပါ။ ကျွန်မတို့ အနောက်ကနေ အကုန် ဖြေရှင်းထားလိုက်မယ်”
ရှန်ချန်းချန်းမှလည်း အားပေး၏။
လင်းချွမ်ကတော့ ကီးဘုတ်အား အဆက်မပြတ် ရိုက်နှိပ်နေပြန်သည်။
မကြာမီ ပိုင်ဖုန်း၏ အချက်အလက်အားလုံးကို ထိန်းချုပ်နိုင်သွားတော့သည်။
လင်းချွမ် မျက်မှောင်ကြုတ်လျက်
“လင်းကန်မြို့ရဲ့ အနောက်တောင်ဘက်ပဲ။ မြို့လယ်ခေါင်နဲ့ တော်တော်လှမ်းတယ်။ လူလည်း ရှင်းတယ်”
“ဘယ်လို”
ရဲမေများ အံ့ဩစွာ ရေရွတ်လိုက်မိသည်။
အခြေအနေမှာ အန္တရာယ်ရှိမှန်း သေချာသလောက် ဖြစ်လေသည်။
“သူ ကျွန်တော့်ကို စာပို့ပြီးတာနဲ့ ပိတ်သွားတာပဲ။ ပုံမှန်ဆိုရင် ဖြစ်စရာအကြောင်း မရှိဘူးလေ”
ခေတ်လူငယ်များမှာ အိမ်သာသွားလျှင်ပင် ဖုန်းယူလေ့ ရှိသောကြောင့် အားမကုန်စေရန် အမြန်ဂရုစိုက်၍ သွင်းထားလေ့ ရှိကြပါသည်။
ထို့အပြင် လင်းချွမ်မှာ ကိုယ်တွေ့ကြုံဖူးသောကြောင့် ထိုအခြေအနေကို နားလည်၏။
မိန်းကလေးများ အချင်းချင်း ကြည့်၍
“ရဲခေါ်ရအောင်”
လင်းချွမ် ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် လင်းကန်စခန်းအား အမြန်ဆက်သွယ်၍ ရှင်းပြလိုက်၏။
လင်းချွမ်လည်း ပိုင်၏ချစ်သူဖုန်းထဲပါ ခိုးဝင်၍ အချက်အလက်များ ဆက်လက်ရှာဖွေနေသည်။
ထိုစဉ် ကွန်ပျူတာတွင် ပေါ်လာသော စာများကြောင့် လင်းချွမ် မျက်မှောင်ကြုတ်လိုက်မိ၏။
[သူဌေး ဝက် (၁၂) ကောင် ဖမ်းလာပါပြီ]
[အားလုံး လိမ္မာကြပါတယ်]
[နဂိုအစီအစဉ်အတိုင်း ဆက်လုပ်။ အရင်နေရာမှာ (၆:၃၀) တွေ့မယ်]
အချို့စကားလုံးများမှာ ပုံမှန် မြင်နေကျ မဟုတ်သော်လည်း ခန့်မှန်းနိုင်ကြပါသည်။
“ငါ့ပရိသတ်ကို ပစ်မှတ်ထားနေတယ်ဆိုတော့ လူတွေသာ သိသွားရင် ဘယ်သူက ဖတ်ရဲတော့မှာလဲ”
လင်းချွမ် မျက်နှာပျက်၍ ထူးထူးခြားခြား ဒေါသထွက်သည့်ပုံ သိသာနေသည်။
အမျိုးသမီးများလည်း လင်းချွမ်၏ ထိုပုံစံကို ပထမဆုံး တွေ့ဖူးသောကြောင့် နေရခက်နေသည်။
“လင်းချွမ်ရယ် ကျွန်မလည်း ရဲတွေ အကြောင်းကြားထားပါတယ်။ ပိုင့်ကို ပြန်ခေါ်လာနိုင်မှာပါ”
လင်းချွမ် ခဏစဉ်းစား၍ ခေါင်းယမ်းကာ
“နောက်ကျသွားမှာ စိုးရတယ်။ သူတို့က (၆:၃၀) တွေ့တော့မှာ”
“အခုပဲ (၃:၂၇) ဖြစ်နေပြီ”
ရှန်ချန်းချန်း သူ့လက်မှနာရီလေးကို လှမ်းကြည့်ကာ ပြောလိုက်သည်။
လင်းချွမ် ပို၍ မျက်နှာပျက်လာပြီး
“ကျွန်တော်ကိုယ်တိုင် သွားရမယ်”
“အန္တရာယ်များလွန်းတယ်လေ”
ရှန်ချန်းချန်း အမြန် တားလေ၏။
“ချန်းချန်း အန္တရာယ်များတာနဲ့ နောက်ဆုတ်တော့မလို့လား”
လင်းချွမ် သူ့ကိုစိုက်ကြည့်၍ ပြောလေသည်။
ရှန်ချန်းချန်း ခေါင်းယမ်း၍
“ဒါဆို ကျွန်မလည်း အတူလိုက်မယ်။ ကျွန်မက တရားခံဖမ်းတဲ့ အတွေ့အကြုံရော၊ ကိုယ်ခံပညာရော တတ်ထားတယ်လေ”
“ကျွန်မလည်း လိုက်မယ်”
ရှချင်းချင်းမှလည်း ဝင်ပြော၏။
“မဖြစ်ဘူး ချင်းချင်း။ မင်းက ဆိုက်ဘာလုံခြုံရေးရဲလေ။ ဒီမှာပဲ ကွန်ပျူတာကို စောင့်ကြည့်ပြီး သတင်းပေးပါ”
“ဒါနဲ့ ဘယ်လိုသွားကြမှာလဲ”
ရှချင်းချင်း စိုးရိမ်စွာ မေးလိုက်၏။
ရှန်ချန်းချန်းမှ ဆိုင်ဘေးတွင်ရပ်ထားသော ဆိုင်ကယ်အနက်လေးကို လက်ညှိုးထိုးပြ၍
“အဲ့ဆိုင်ကယ် စီးသွားမယ်လေ”