ဘယ်လိုလုပ် အဲ့လောက် ရင်းရဲတာလဲ
Vol. 7 Ch. 101
ဖုန်းဆိုင်ဘေးတွင် ရပ်ထားသော ဆိုင်ကယ်မှာ အလွန်ကြီးမား တော်ရုံလူ မထိန်းနိုင်ပေ။
လင်းချွမ် မျက်နှာပျက်နေမိ၏။ သူ ထိုသို့သော ဆိုင်ကယ်များနှင့် မရင်းနှီးပေ။
“ဆိုင်ရှင်ဦးလေး ကျွန်မက အန်လင်းမြို့ မှုခင်းရဲတပ်ဖွဲ့ကပါ။ အခု အရေးကြီးအမှုတစ်ခု ကိုင်နေရလို့လေ။ ဆိုင်ကယ် ခဏလောက် ငှါးသုံးမယ်နော်”
ထိုစဉ် ရှန်ချန်းချန်း သူ့ဝန်ထမ်းကဒ်ကို အမြန် ထုတ်ပြလိုက်၏။
အချို့ဒေသများတွင် ရဲဝန်ထမ်းများအား အခမဲ့ ပေးဝင်သောကြောင့် မိန်းကလေးများ ဝန်ထမ်းကဒ်ကို အမြဲ ဆောင်ထားလေ့ ရှိပါသည်။
ဆိုင်ရှင်လည်း မတ်တပ်ထရပ်၍ ပြုံးလျက်
“ဟုတ်ကဲ့ပါ။ သော့ယူပေးမယ်နော်”
လင်းချွမ် ထိုဆိုင်ကယ်ကို မည်သို့ မောင်းရမည်အား တွေးနေစဉ် ရှန်ချန်းချန်း စကတ်လေးမ၍ ဆိုင်ကယ်ပေါ် အမြန်တက်လိုက်သည်။ ထို့နောက် စက်နှိုးလိုက်သည်နှင့် ကျယ်လောင်သော စက်သံကြီး ပေါ်ထွက်လာပြီး စွံ့အနေသော လင်းချွမ်အရှေ့သို့ ရွှေ့လာသည်။
“တက်လေ”
ရှန်ချန်းချန်း ဦးထုပ်လေးဆောင်းရင်း လှမ်းပြော၏။
လင်းချွမ်လည်း တွေဝေမနေတော့ဘဲ ချက်ချင်း တက်ထိုင်လိုက်ပြီး ရှချင်းချင်းအား လှမ်းသတိပေးလေသည်။
“ချင်းချင်း ကျွန်တော် ခုနကလုပ်ခဲ့တဲ့ နည်းအတိုင်းပဲ။ တခြားဖုန်းတွေထဲလည်း ဝင်ကြည့်ထားလိုက်နော်”
“ဘာမှမစိုးရိမ်နဲ့။ ကျွန်မ ကြည့်လုပ်ပေးမယ်”
သူ လင်းချွမ်၏ ဟက်ကာလောကဝတ္ထုကို ဖတ်ကာ ပို၍ ကျွမ်းကျင်နေလေပြီ။
လင်းချွမ်လည်း အခက်ခဲဆုံးအပိုင်းများအား ဖြေရှင်းထားပြီးဖြစ်၍ ဤမျှတော့ ရှချင်းချင်း နိုင်ပါသည်။
“သေချာကိုင်ထားနော်။ မြဲအောင်ထိုင်”
ရှန်ချန်းချန်း ခေါင်းလေးလှည့်၍ လှမ်းပြောသည်။
“ကောင်းပါပြီ”
လင်းချွမ်လည်း အရမ်းမတွေးတော့ဘဲ ရှန်ချန်းချန်းခါးအား ဖက်ထားလိုက်၏။
“သွားစို့”
ဝှစ်!
ဆိုင်ကယ်အနက်လေးမှာ ဆူညံသံများဖြင့် ကျားသစ်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ထွက်ခွါသွားတော့သည်။
“အန္တရာယ်ကင်းပါစေ”
ရှချင်းချင်း ဆိုင်ကယ်ထွက်သွားသည်ကို ကြည့်ပြီးနောက် ကွန်ပျူတာရှေ့ပြန်ထိုင်၍ တိုက်ပွဲကြီးအား ရင်ဆိုင်ရလေသည်။
သူ အွန်လိုင်းမှတစ်ဆင့် လင်းချွမ်တို့အတွက် ကောင်းစွာ အကူအညီပေးနေသည်။
“လင်းချွမ် (၄) နာရီမှာ ပစ္စည်းတွေ တစ်ခေါက် ပို့လိမ့်မယ်။ ရိုရိုး ကုန်ပစ္စည်းလိုမျိုးနဲ့။ လမ်းမအမှတ် (၁၇၆၈) က ဖြတ်မယ်တဲ့။ အခု အရှိန် ဘယ်လောက်နဲ့ သွားနေတာလဲ”
ရှချင်းချင်း လင်းချွမ်အား ဖုန်းခေါ်ကာ အကြောင်းကြားလိုက်သည်။
“အခုက တစ်နာရီကို (၁၀၃) ကီလိုနဲ့”
လင်းချွမ် ဆိုင်ကယ်အနောက်တွင် ထိုင်လိုက်ရင်း ပြန်ဖြေနေသည်။
သူ နားကြပ်ယူလာလိုက်၍ တော်သေး၏။ မဟုတ်လျှင် လေတိုးသံဖြင့် ဘာမှကြားရမည် မဟုတ်ပါ။
“အဲ့အရှိန်နဲ့ဆိုရင် ကျောက်ကမ်းပါးနဲ့ (၁၀) မိုင်လမ်းကြားမှာ ဆုံနိုင်တယ်။ သူတို့က ဆိုဒ်အလတ် ကုန်တင်ကာ ငွေရောင်နဲ့ လာမှာ။ နံပါတ်တွေက SK1804 နဲ့ SK9123”
ရှချင်းချင်း သေချာပြောပြနေ၏။
“နောက်ပြီး လူက (၁၅) ယောက် ပါလာလိမ့်မယ်။ ကျား (၁၃) ယောက်၊ မ (၂) ယောက်။ အားလုံး တုတ်၊ ဓား အစုံပါတယ်။ တော်သေးတာကတော့ သေနတ် မပါကြဘူး”
“ကောင်းတာပေါ့ သေနတ်မပါရင် အဆင်ပြေမှာပါ”
လင်းချွမ် ဖုန်းချလိုက်ပြီးနောက် ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ အတွေ့အကြုံမှ ပညာများ ထုတ်သုံးနိုင်ပြီဟု တွေးနေလေသည်။
မထင်မှတ်စွာဖြင့် ပရိသတ်အားကယ်ရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေရသည်။
အစ်ကိုပိုင် စိတ်မပူနဲ့နော်။ ကျွန်တော် လာနေပြီ။
…
ထိုအချိန်တွင် လင်းကန်ရဲစခန်းမှလည်း သတင်းရထားပြီးသောကြောင့် ချက်ချင်း လှုပ်ရှားကြလေသည်။ ထို့အပြင် အချို့ကို ရှချင်းချင်းထံ သွားခိုင်း၍ ရုံးကြီးနှင့် ဆက်သွယ်စေ၏။
“မင်္ဂလာပါ”
“ကျွန်တော်က လင်းကန်ရဲစခန်းက ကျောက်တုံပါ”
“ကျွန်မက ချန်ရှီပါ”
ယူနီဖောင်းနှင့် ရဲနှစ်ဦး ရောက်လာပြီး ရှချင်းချင်းကို တွေ့သောအခါ ချက်ချင်း နှုတ်ဆက်လိုက်ကြသည်။
“မင်္ဂလာပါ။ ကျွန်မက အန်လင်း ဆိုက်ဘာရဲအဖွဲ့ရဲ့ ရှချင်းချင်းပါ”
ထို့နောက် သူသိထားသော အချက်အလက်များအား အမြန် ရှင်းပြပေးလိုက်သည်။
ကျောက်တုံက
“ရဲမေရှ အခု သွားနေတဲ့ နှစ်ယောက်လုံးက စုံထောက်တွေလား”
ရှချင်းချင်း ခေါင်းယမ်းကာ
“တစ်ယောက်က မှုခင်းရဲနဲ့ နောက်တစ်ယောက်က ရဲမဟုတ်ဘူး။ သူက… စာရေးဆရာပါ”
သူ့စကားကြောင့် ကျောက်တုံ မျက်မှောင်ကြုတ်လျက် ချန်ရှီအား လှမ်းကြည့်လိုက်မိသည်။
“မှုခင်းရဲနဲ့ စာရေးဆရာတို့ သွားနေတာလား။ ဒါ အရမ်း အန္တရာယ်များတယ်နော်”
“ဟုတ်တယ်”
ရဲမေ ချန်ရှီမှ ဝင်ပြောလေသည်။
“ရဲမေရှ သူတို့ကို ဆက်သွယ်ပြီး ချက်ချင်း ပြန်လာဖို့ ပြောလိုက်ပါ။ ကျွန်မတို့လူတွေ အထိခိုက်မခံနိုင်ဘူး”
မှုခင်းရဲမှာ အဆင်ပြေနိုင်လျှင်ပင် စာရေးဆရာကတော့ ဘာအကျိုးရှိမည်နည်း။
“သူတို့က အရမ်းတော်တာပါ။ ဘာပဲဖြစ်ဖြစ် လင်းကန်ရဲတွေ မရောက်ခင် အချိန်ဆွဲထားနိုင်တာပေါ့”
ရှချင်းချင်းမှ ပြန်ပြော၏။
ကျောက်တုံနှင့် ချန်ရှီတို့ အချင်းချင်းကြည့်ကာ
“အချိန်ဆွဲတယ်ဆိုတာ ပြောသလောက် မလွယ်ဘူးနော်။ တရားခံတွေက အသက်ကို ပိုက်ဆံလောက် စိတ်ဝင်စားတာ မဟုတ်ဘူး။ စာရေးဆရာက အရမ်းအန္တရာယ်များတယ်”
“ကျွန်မ သူ့ကိုယုံတယ်”
ချရှင်းရှင်း ခိုင်မာစွာ ပြောလိုက်၏။
လင်းချွမ် ထိုဂိုဏ်းကို ဖျက်ဆီးနိုင်မည်ဟု သူ ယုံကြည်နေမိပါသည်။
“ရဲမေရှတို့ အန်လင်းမြို့က ဒီလိုဂိုဏ်းတွေ တွေ့ဖူးမှာ မဟုတ်ဘူး။ သူတို့က အရမ်းရက်စက်တာနော်။ ဝက်တွေလောက်ပဲ ထင်တာ”
ကျောက်တုံ ထပ်ပြောပြန်သည်။
ရှချင်းချင်း သက်ပြင်းချ၍
“ရဲဘော်ကျောက် အဲ့အတွက် မစိုးရိမ်ပါနဲ့။ ဆရာလင်းချွမ်က အဲ့အကြောင်းတွေ သိပြီးသားပါ။ မသေချာဘဲ ဘာမှမလုပ်ဘူး”
ကျောက်တုံကတော့ စိတ်ပူနေဆဲပင်။
“ဒါကို အထက်ကိုတော့ တင်ပြထားလိုက်ပါမယ်။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး မြန်မြန် ရောက်အောင် သွားနေလို့ သတိလက်လွတ် မလုပ်လိုက်ကြဖို့ မျှော်လင့်ပါတယ်”
“ကောင်းပါပြီ”
ရှချင်းချင်း ခေါင်းငြိမ့်ပြ၍ အချက်အလက်များ ဆက်ကြည့်နေ၏။
(၅) မိနစ်ခန့်အကြာတွင်။
တီ တီ တီ—
ရှချင်းချင်းဖုန်း မြည်လာပြီး ကျန်းပြောင် ဖြစ်သည်။
“ဟယ်လို ဒါရိုက်တာကျန်း အမိန့်ရှိပါ”
တစ်ဖက်တွင် ကျန်းပြောင် စိတ်ငြိမ်အောင် ထိန်းလျက်
“ချင်းချင်း ပြောပါဦး။ လင်းချွမ်နဲ့ ရှန်ချန်းချန်းတို့ ဂိုဏ်းအထိ လိုက်သွားတာလား”
“ဟုတ်ပါတယ်”
ကျန်းပြောင် ထိုအဖြေကြောင့် လက်များ ပိုတုန်လာသည်။
ရဲဘော်လင်းရယ် အဲ့လောက် စွန့်စားရလား။
မင်းက အန်လင်းရဲ့ သူရဲကောင်းလေ။