လင်းချွမ်၏ စွန့်စားခန်း
Vol. 7 Ch. 102
အန်လင်းရဲစခန်း ရုံးခန်း။
အလုပ်သမားနေ့ပိတ်ရက် ဖြစ်သော်လည်း ကျန်းပြောင် မနားနိုင်ပေ။
သူ ရှချင်းချင်းတို့နှင့် ဖုန်းပြောပြီးနောက် ပို၍ စိတ်မငြိမ် ဖြစ်နေမိသည်။
လင်းချွမ်မှာလည်း လူ (၁၂) ယောက် ကယ်ရန် ကိုယ်တိုင် သွားနေလေသည်။
ကျန်းပြောင် သက်ပြင်းချမိ၏။
ဤသို့ ကိစ္စကြီးကို ဒါရိုက်တာကျုံထံ တင်ပြထားရဦးမည်။
“တီ တီ တီ’
“ဒါရိုက်တာကျုံ ကျွန်တော် ကျန်းပြောင်ပါ။ အရေးတကြီး တင်ပြစရာ ရှိလို့”
ထို့နောက် သူ တိုက်ရိုက်သာ ပြောလိုက်လေသည်။
ကျုံချန်မင်း အံ့ဩထိတ်လန့်၍
“ဟင်”
ဒါရိုက်တာကျုံ ဘာမှဆက်မပြောနိုင်ဘဲ တိတ်ဆိတ်နေသည်။ ထိုသို့ တိတ်ဆိတ်လေ ကျန်းပြောင် ရင်တဒိတ်ဒိတ်ခုန်နေလေ ဖြစ်၏။
“ငါ အထင်မမှားဘူးပဲ။ လင်းချွမ်က တရားနည်းလမ်းကျ လုပ်တတ်တဲ့ လူငယ်လေးပဲ”
ထို့နောက် ဆက်၍
“လင်းကန်မှာ ရှိတဲ့ ကျားဖြန့်ဂိုဏ်းဆိုတာ တစ်ဖက်နယ်စပ်နဲ့လည်း ထိနေတော့ အင်အား ကြီးနိုင်တယ်။ လင်းချွမ် ဒုက္ခပဲ”
ကျန်းပြောင်လည်း လင်းချွမ် လုံခြုံရေးကိုသာ အဓိက စိုးရိမ်နေ၏။
လင်းချွမ်မှာ ကျားဂူထဲ ဝင်သွားသလို ဖြစ်တော့မည်။
သို့သော် တစ်ဖက်တွင် လင်းချွမ်မှာ ကျားဖြန့်အတွက် ဗဟုသုတ အလွန်ရှိပြီး ထိပ်တန်းဟက်ကာတစ်ဦး ဖြစ်သောကြောင့် အကျိုးရှိနိုင်လေသည်။
“ကျွန်တော် လင်းကန်ရဲစခန်းကို ဆက်သွယ်လိုက်ပါမယ်။ လင်းချွမ်ကို ကာကွယ်မှ ဖြစ်မှာ”
ကျန်းပြောင် စိတ်အားထက်သန်စွာ ပြော၏။
“ငါကိုယ်တိုင် ဆက်လိုက်မယ်”
ဒါရိုက်တာကျုံ၏အသံမှာ မိုးကြိုးသွားကဲ့သို့ ထက်မြက်လှသည်။
ကျန်းပြောင်လည်း ယခုမှ စိတ်အေးသွားတော့၏။
ဒါရိုက်တာကျုံကိုယ်တိုင် ဝင်ပါလျှင် အားလုံး အဆင်ပြေလေပြီ။
လင်းချွမ်မှာ သံသယရှိသူ ဖြစ်ခဲ့သော်လည်း အန်လင်း၏ သူရဲကောင်း ဖြစ်လာပြီးနောက် လုံခြုံရေးက အလွန်အရေးကြီးလေသည်။
ဤသို့ဖြင့် မကြာမီ လင်းကန်ဘက်မှ ဖုန်းရပြီး အထူးရဲတပ်ဖွဲ့လည်း အမြန် လှုပ်ရှားတော့သည်။
…
လမ်းမ (၁၇၆၈)။
ချောက်ကမ်းနားမှ (၁၀) မိုင်လမ်း။
အလတ်ဆိုဒ် ကုန်တင်ကား (၂) စီးမှာ အခြားကားများကြား ရောနှောလျက် မထူးဆန်းသလို မောင်းနှင်လာသည်။
ရှေ့ကား၏ ယာဉ်မောင်းမှ
“အစ်မမိုင် ဒီတစ်ခါ ဝက် (၁၂) ကောင်က သိပ်မပြေဘူးနော်”
လှပစွာ ဝတ်စားဆင်ယင်ထားသော အမျိုးသမီးမှ
“ဝေ့ ရေတိုကို မကြည့်ရဘူး။ ဒီကောင်တွေက တန်ဖိုးတက်လာမှာ။ အဲ့ထဲမှာမှ ထိပ်တန်း (၃) ကောင် ပါတယ်”
ထိုအစ်မမိုင်မှာ အစ်ကိုပိုင်၏ အွန်လိုင်းချစ်သူ ဖြစ်သည်။
“ထိပ်တန်းတဲ့လား။ အလကား ငတုံးကောင်တွေ မှတ်တာ”
“သူတို့က ငတုံးဆို ရှင်ကရော”
အစ်မမိုင် ရယ်မော၍ ပြောလိုက်သည်။
ဝေ့လည်း ရယ်မောလျက်
“ကျွန်တော်က အဲ့လောက် မဆိုးဘူးလေ”
နှစ်ယောက်သား ရယ်မောနေမိကြသည်။
ထိုစဉ် ဝေ့ ကားနောက်မှန်မှ ဆိုင်ကယ်အနက်တစ်စီး သူတို့နှင့် နီးလာသည်ကို သတိထားမိသည်။ စီးလာသူများမှာ ဦးထုပ်ဆောင်းထား၍ မျက်နှာကို မမြင်ရသော်လည်း ရှေ့တွင် မောင်းနှင်လာသူသည် အရပ်ရှည်ရှည် မိန်းကလေး ဖြစ်နိုင်၏။
အနောက်မှ ယောက်ျားလေးမှာတော့ မိန်းကလေးအား တင်းကြပ်စွာ ဖက်ထားပြီး အလွန်ချစ်ကြပုံ ပေါ်လေသည်။
“တကယ်ပါပဲ”
ဝေ့ မကျေမနပ် ရေရွတ်လိုက်သည်။
“ဘာဖြစ်လို့လဲ”
မိုင်မှ လှမ်းမေး၏။
“ရှေ့မှာလာပြီး ရည်းစားရှိကြောင်း လာကြူးပြနေတယ်လေ”
မိုင်လည်း မှန်မှ လှမ်းကြည့်လိုက်၏။
“ဘာမှ စိတ်မညစ်နဲ့။ စက်ရုံမှာ မိန်းကလေးတွေမှ အများကြီးပဲ”
“အဲ့တာ စိတ်ဝင်စားစရာမှ မကောင်းတာ။ ဝက်သေတွေလိုပဲကို။ အစ်မမိုင်ရဲ့ တစ်ဝက်လောက်ပဲ လှရင်တောင် ကျေနပ်ပါပြီ”
“အမလေး ရာရာစစ ငါ့ကို”
“အဲ့လို ပြောချင်တာ မဟုတ်ပါဘူး။ သူဌေးရဲ့အပိုင်ကို မထိရဲပါဘူးဗျာ”
“တော်ပြီ။ ပါးစပ်ပိတ်ပြီး ကားမောင်း”
အနောက်ခန်းမှ ပါလာသော ပိုင်မှာတော့ အလိမ်ခံရသည်ကိုတွေးကာ စိတ်ပျက်နေတော့သည်။
သူတို့ အဖမ်းခံရသည်ကို သိသိချင်း ထွက်ပြေးရန် ကြိုးစားသော်လည်း ဗလတောင့်တောင့်လူများ၏ စောင့်ကြပ်မှုကြောင့် မလူးသာမလွန့်သာ ရှိနေသည်။
အခြားသူများမှာတော့ ပိုက်ဆံရှာရမည်ဟု သိထားပြီး လောဘတကြီး ရောက်လာကြခြင်းပင်။
‘ဆရာလင်း ကျွန်တော့်စာကိုတွေ့ရင် ရဲတွေကို အကူအညီတောင်းပေးပါဦးဗျာ’
ပိုင် စိတ်ထဲမှ ကျိတ်ဆုတောင်းမိ၏။
သူ အစ်မလင်းနှင့် ခရီးထွက်လာသည့် လမ်းတစ်လျှောက်တွင် ထူးခြားစွာ ဆွဲဆောင်နေသော စကားများကြောင့် မသင်္ကာဖြစ်ကာ လင်းချွမ်အား ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။
ဤသို့ဖြင့် သူ အဖမ်းခံလိုက်ရသောအခါ လင်းချွမ် လာကယ်မည်ကိုသာ စောင့်ရတော့သည်။
အပြင်ဘက်ကို နားစွင့်သောအခါတွင်လည်း ဆူညံနေသော ဆိုင်ကယ်သံကိုသာ ကြားရလေသည်။
ယာဉ်မောင်းဝေ့မှာ ထိုဆိုင်ကယ်အား မျက်မှောင်ကြုတ်ကြည့်၍
“အစ်မမိုင် ဒီဆိုင်ကယ်က ဘာလို့ တောက်လျှောက် လိုက်လာတာလဲ”
“ဘာဖြစ်လို့လဲ”
အစ်မမိုင်လည်း လန့်သွားသည်။
“ကျွန်တော် ခုနတင် မျက်ခြေဖြတ်လိုက်တာကို။ ပြန်လိုက်လာပြန်ပြီ”
ဝေ့ ဒေါသတကြီး ပြောလိုက်၏။
“မလောပါနဲ့။ ဘာလဲ အရင်ကြည့်ကြတာပေါ့”
“သူက လာရန်စနေတာဗျ”
“ပြဿနာ မရှာစမ်းပါနဲ့။ အခုတောင် ကျော်တက်သွားပြီလေ”
မိုင်မှ တည်ငြိမ်စွာ ပြောလိုက်၏။
“သောက်ကလေးတွေ ပြန်တွေ့လို့ကတော့ ဖျက်ဆီးပစ်မယ်”
ထို့နောက် သူဌေး၏အိမ်ဘက်ချိုးတော့မည့် လမ်းထောင့်ရောက်သောအခါ ကုန်တင်ကား ရုတ်တရက် ဘရိတ်အုပ်လိုက်ရသည်။
ရှေ့တွင် ဆိုင်ကယ်အနက်မှ ပိတ်ရပ်လိုက်သောကြောင့် ဖြစ်၏။
ထို့နောက် လင်းချွမ်နှင့် ရှန်ချန်းချန်းတို့ ဆိုင်ကယ်ထား၍ ပျောက်ကွယ်သွားကြသည်။
“အစ်မမိုင် ဘာဖြစ်တာလဲ”
နောက်ကုန်တင်ကားမှ လှမ်းအော်၍ မေးလိုက်သည်။
“ရှေ့မှာ လမ်းပိတ်ရပ်လိုက်လို့ပါ”
ဝေ့မှ
“အစ်မမိုင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဟင်”
“သူတို့က ငါတို့ဆီ ပစ်မှတ်ထားနေတာလား”
မိုင်လည်း အံ့ဩနေ၏။
“ရဲတွေများလား”
“အဲ့လိုပုံတော့ မပေါ်ဘူး”
မိုင် အခြေအနေကိုကြည့်၍ ပြောလိုက်သည်။
“အဲ့တာဆို ဒီအတိုင်း ပြဿနာလာရှာနေတာလား”
“လူ (၂) ယောက်လွှတ်ပြီး စုံစမ်းခိုင်းလိုက်။ ပြောမရရင် ဝက်ခြံထဲ ပို့လိုက်တော့”
ဗလကြီး (၂) ဦး ဆင်းသွားပြီး ဆိုင်ကယ်အားဖယ်ရန် ပြင်လိုက်သည်။
ထိုစဉ် အနောက်မှ အသံတစ်ခု ထွက်လာ၏။
“ဟေ့ ငါ့ဆိုင်ကယ်ကို ဘာလုပ်တာလဲ”
လင်းချွမ် ဖြစ်လေသည်။
“ငါတို့ရှေ့ လာရှုပ်နေတာ မင်းလား”
ဗလကြီးတစ်ဦးမှ မေးလိုက်သည်။
“ဟုတ်တယ်”
လင်းချွမ် သေနတ်မပါမှန်း သိနေ၍ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“ကောင်လေး အေးဆေး ပြန်လိုက်ရင် ကောင်းမယ်နော်”
ဝေ့နှင့် အစ်မမိုင်တို့လည်း ကားပေါ်မှ ဆင်းလာ၏။
လင်းချွမ်မှာ ပြုံးသွားပြီး
“ငါ့အမာခံ ပရိသတ်ကို ဖမ်းထားပြီး ဒီအတိုင်း ထွက်သွားလို့ ရမယ် ထင်နေလား”