အားစိုက်ထုတ်ရန်မလို
Vol. 7 Ch. 104
လမ်းမ (၁၇၆၈)။
ရဲကားလေး (၂) စီးမှာ တောအုပ်လမ်းကိုဖြတ်၍ အပြေးအလွှား မောင်းနှင်လာသည်။
ကားထဲတွင်တော့ အသက် (၃၅) နှစ်ဝန်းကျင်ရှိ လင်းကန်ရဲစခန်းအဖွဲ့မှူး ကောင်းမင်တစ်ယောက် ဘေးမှ ဝန်ထမ်းလေး၏ တင်ပြချက်များကို ဂရုတစိုက် နားထောင်ရင်း ပါလာ၏။
“လက်ရှိ အန်လင်းဆိုက်ဘာအဖွဲ့ရဲမေ ရှချင်းချင်း ပြောတာတော့ ဂိုဏ်းဘက်မှာ အမျိုးသား (၁၃) ဦး၊ အမျိုးသမီး (၂) ဦးနဲ့ နစ်နာသူ (၁၂) ယောက်တို့ ကုန်တင်ကား (၂) စီးမှာ ပါလာကြပါတယ်။ …”
“အန်လင်းဆိုက်ဘာနည်းပညာက အထင်ကြီးစရာပဲ။ ဒီလောက် အချက်အလက်တွေအထိ အကုန် ရှာနိုင်ထားတယ်ဆိုတော့”
အဖွဲ့မှူးကောင်းမှ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလေသည်။
“ဒါနဲ့ သွားကယ်နေတဲ့ အန်လင်းရဲစခန်းက (၂) ယောက်ရော အခြေအနေ ဘယ်လိုလဲ”
ဝန်ထမ်းလေးမှ
“တစ်ယောက်ကတော့ ရဲမေ ရှန်ချန်းချန်းပါ။ နောက်တစ်ယောက်က အွန်လိုင်းစာရေးဆရာ လင်းချွမ်တဲ့”
ကောင်းမင် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး
“အခုပြောလိုက်တဲ့ လင်းချွမ်ဆိုတာ ရဲမဟုတ်ဘူးတဲ့လား”
“ဟုတ်ပါတယ်။ အွန်လိုင်းစာရေးဆရာပါ”
“ပြဿနာ သွားရှာနေတာလား”
ဝန်ထမ်းလေး ဘာမှပြန်မပြောနိုင်ပေ။
စာရေးဆရာက အခင်းနေရာမှာ ဘာလုပ်နိုင်မှာလဲ။
တော်ရုံလူဆိုရင်တောင် အန္တရာယ်ရှိတာကို။
“သူက ဘာကြောင့် အဲ့လောက်ရဲနေတာလဲ”
ကောင်းမင် နားမလည်နိုင်ပေ။
“သူ့စာဖတ်သူကို ဖမ်းသွားလို့တဲ့။ ကျွန်တော်တို့ အချိန်မီ မရောက်ရင် အားလုံး ဒုက္ခရောက်လိမ့်မယ်”
‘တီ တီ တီ—‘
ထိုစဉ် ကောင်းမင်၏ဖုန်း မြည်လာသည်။
“ကျွန်တော် ကောင်းမင်ပါ။ အမိန့်ရှိပါ”
ကောင်းမင် ပြန်ဖြေလိုက်၏။
“အေး ကောင်းမင် အခု မင်းအတွက် အရေးကြီးတာက လင်းချွမ်ရဲ့ လုံခြုံရေးပဲ။ လင်းချွမ်ဆိုတာ အွန်လိုင်းဆရာဆိုတဲ့ တစ်ယောက်လေ”
ကောင်းမင် မှင်တက်နေမိသည်။
လင်းချွမ် လုံခြုံရေးလား။
“နားလည်ပြီလား။ မြန်မြန် လှုပ်ရှားတော့နော်”
လင်းကန်စခန်းမှုမှ လှမ်းဆက်ခြင်း ဖြစ်၏။
“ဟုတ်ကဲ့ နားလည်ပါပြီ”
“ဒါနဲ့ စာရေးဆရာကလေ…”
ကောင်းမင် နားမလည်နိုင်သောကြောင့် မနေနိုင်ဘဲ မေးရန် ပြင်လိုက်သည်။
“မလိုအပ်တာတွေ မမေးနဲ့။ သူ့ကိုပဲ ဂရုတစိုက် ခေါ်လာ”
“ဟုတ်ကဲ့ပါ”
ကောင်းမင် ရှန်ချန်းချန်းစွမ်းရည်ကိုသာ မျှော်လင့်မိပါသည်။
ဤသို့ဖြင့် ရဲကားဥဩသံ ဆူညံစွာဖြင့် အမြန် မောင်းနှင်လာ၏။
မကြာမီ လင်းချွမ်တို့ကို တွေ့ရလေပြီ။
“အဖွဲ့မှူးကောင်း သူတို့ အရှေ့မှာ”
ဝန်ထမ်းလေးမှ လက်ညှိုးထိုးပြ၏။
မြင်ကွင်းမှာ တုတ်၊ ဓားများ ကိုင်ထားသော ဗလကြီးများ ဒူးထောက်လျက်ရှိပြီး အရှေ့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရပ်နေကြသည်။
အမျိုးသားမှာ တီရှပ်အဖြူရောင်နှင့် ဘောင်းဘီတို ပေါ့ပေါ့ပါးပါး ဝတ်ထားပြီး အမျိုးသမီးကတော့ အရောင်ဖျော့ဖျော့ ဂါဝန်လေး ဝတ်ထား၏။
လင်းချွမ်နဲ့ ရှန်ချန်းချန်းလား။
ကောင်းမင် မှင်တက်လျက်
“ဘာဖြစ်နေတာလဲ”
ဝန်ထမ်းလေးမှာလည်း နားမလည်နိုင် ဖြစ်နေ၏။
သူတို့ လမ်းတွင် တွေးထားသည်မှာ ထိုပုံစံ မဟုတ်ပေ။
ယခုတော့ မှုခင်းရဲမေနှင့် အွန်လိုင်း စာရေးဆရာမှာ လူမိုက်များကို ထိန်းချုပ်နိုင်ထား၏။
ရူးချင်စရာပဲ။
ကောင်းမင်တို့ ကားထဲမှ အမြန်ထွက်၍ နှုတ်ဆက်လိုက်ကြသည်။
“မင်္ဂလာပါ ရဲဘော်လင်းချွမ်နဲ့ ရဲဘော် ရှန်ချန်းချန်း။ ကျွန်တော်က ကောင်းမင်ပါ။ လင်းကန်ရဲစခန်းကနေ ဒီကျားဖြန့်ဂိုဏ်းကိုဖမ်းပြီး ရဲဘော်တို့ လုံခြုံရေးအတွက် တာဝန်ပေးလိုက်လို့ပါ”
“မင်္ဂလာပါဗျ။ ကျွန်တော်တို့ အဆင်ပြေပါတယ်”
လင်းချွမ်ပြုံး၍ ပြောလိုက်သည်။
ရှန်ချန်းချန်း လူမိုက်များကို လက်ညှိုးထိုးပြကာ
“ဒါ ရှင်တို့ ဖမ်းရမယ့်သူတွေပဲ။ တစ်ယောက်မှ မလွတ်ဘူး”
ကောင်းမင်မှ
“အားလုံး လက်ထိပ်ခတ်လိုက်ဟေ့”
ထို့နောက် ကောင်းမင် နားမလည်နိုင်စွာဖြင့် ကြည့်ကာ
“နှစ်ယောက်တည်း အကုန်ဖမ်းလိုက်တာလားဟင်”
လူမိုက်များမှာ ခုခံတိုက်ခိုက်ပုံမရှိသည့်အပြင် လင်းချွမ်နှင့် ရှန်ချန်းချန်းတို့လည်း အကောင်းအတိုင်း ဖြစ်၏။
ရှန်ချန်းချန်းပြုံး၍
“ကျွန်မ ဘာမှမလုပ်ပါဘူး။ လင်းချွမ်ဖာသာ အကုန် ရှင်းလိုက်တာ”
ကောင်းမင် လင်းချွမ်အား လှည့်ကြည့်မိပြန်၏။
လင်းချွမ် ညာဘက်လက်တွင် ပစ္စတိုလေးကိုင်လျက် ကျွမ်းကျင်စွာ လှည့်ပြလိုက်ပြီး
“ဒီဟာအားကိုးနဲ့လေ”
ဘာ။
“ဒီအရုပ်သေနတ်နဲ့ လူမိုက်တွေအကုန် ဖမ်းလိုက်တာလား”
ထိုအခါ အဖမ်းခံထားရသော လူမိုက်များ မျက်မှောင်ကြုတ်၍ လှမ်းကြည့်မိ၏။
လင်းချွမ်ကတော့ အစ်မမိုင်ဆိုသူကို လှမ်းကြည့်၍
“သူတို့မျက်လုံးထဲမှာတော့ အစစ်ထင်နေလို့ ဖြစ်မှာပေါ့လေ”
ဂျောက်!
သေနတ်မောင်း ဆွဲပြရင်း ပြော၏။
မိုင်မှာ လင်းချွမ်အား ဒေါသတကြီး စိုက်ကြည့်၍ စိတ်ထဲမှ ကျိန်ဆဲနေမိတော့သည်။
လင်းချွမ်တစ်ယောက် အလွန်လွယ်ကူစွာ လှည့်စားနိုင်ခဲ့ခြင်း ဖြစ်သည်။
“ရာရာစစ”
“ခေါ်သွားတော့”
ကောင်းမင်မှ အမိန့်ပေးလိုက်၏။
ထို့နောက် လင်းချွမ်ဘက်သို့လှည့်၍
“ရဲဘော်လင်းချွမ် အဆင်ပြေနေလို့ တော်ပါသေးတယ်။ အခုပဲ အထက်ကို တင်ပြလိုက်ဦးမယ်နော်”
“အဖွဲ့မှူးကောင်းလည်း အလုပ်ရှုပ်သွားပြီဗျာ”
ကောင်းမင် ဘေးသို့ ထွက်သွားပြီး စခန်းမှူးအား ဖုန်းဆက်လိုက်၏။
“ဘယ်လိုလဲ။ စာရေးဆရာ အဆင်ပြေလား”
“ဟုတ်ကဲ့ ဆရာ လင်းချွမ် အေးဆေးပါပဲ”
“တော်သေးတာပေါ့ကွာ”
ထို့နောက် သက်ပြင်းချ၍
“ဒဏ်ရာတွေဘာတွေရော မရဘူးမလား”
“ခြစ်ရာတောင် မရှိပါဘူး။ လူဆိုးဂိုဏ်းကိုလည်း ဖမ်းထားပြီးပါပြီ”
“တော်တယ် ကောင်းမင်။ ကျားဖြန့်ဂိုဏ်းကိုဖမ်းပြီး လင်းချွမ်လုံခြုံရေးလည်း အဆင်ပြေတယ်ဆိုတော့ ဆုကြီးကြီး ရလိမ့်မယ်”
“မဟုတ်ဘူး ဆရာ။ လူဆိုးဂိုဏ်းကိုဖမ်းတာ လင်းချွမ်ပါ။ ကျွန်တော်တို့ အကူအညီတောင် မလိုလိုက်ဘူး”
“ဘယ်လို”
စခန်းမှူး လန့်ဖျပ်သွား၏။
“ကဲပါ။ စခန်းကို အရင်ခေါ်ခဲ့လိုက်။ အဲ့တော့မှ အသေးစိတ် ပြောတာပေါ့”
သူ စိတ်ထဲတွင်တော့ ကလိကလိဖြင့် အလွန်သိချင်နေတော့၏။
ဘယ်လိုလုပ် ကျားဖြန့်ဂိုဏ်းကို ဖမ်းလိုက်တာလဲ။