← Chapters

အောင်မြင်မှု

Vol. 8 Ch. 110

အောင်မြင်မှု

Vol. 8 Ch. 110

မိုတုမြို့။ 

ညအမှောင်ကြားတွင် နီယွန်မီးရောင်များ တဖျတ်ဖျတ် လက်၍ ထိန်လင်းနေကြသည်။ 

ယုယွီမှာ တီရှပ်ခပ်ပွပွကို ဝတ်ဆင်၍ ဝရံတာတွင် ရပ်ကာ ဖုန်းသုံးနေသည်။ 

အယ်ဒီတာချုပ်နှင့် စာပို့နေခြင်း ဖြစ်၏။ 

“ယုယွီ မစ္စတာလင်းကို သေချာရှင်းလင်းချက် ထုတ်ခိုင်းတော့လေ။ ဒီရက်ပိုင်း တိုင်စာတွေ တန်းစီနေတာပဲ။ အကုန်လုံး ဝိုင်းပြီး အမြင်မကြည် ဖြစ်နေကြပြီ”

“ဟုတ်ကဲ့ပါ။ ကျွန်မ စီစဉ်လိုက်ပါမယ်”

ယုယွီ သက်ပြင်းချလိုက်မိ၏။ 

အခုမှ ဘယ်က စာဖတ်သူတွေပေါ်လာပြီး အတင်း တိုင်နေကြတာလဲ။ 

အချို့မှာ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်သို့ တိုင်ရုံမျှမက ရဲစခန်းများသို့ပါ တိုင်စာများ ပို့နေသည်။ 

ကံကောင်းစွာဖြင့် ယုယွီ တာဝန်ယူဖြေရှင်းပေးမည်ဟု ကတိအထပ်ထပ် ပေးထားသောကြောင့် စောင့်နေပေးခြင်း ဖြစ်သည်။ 

သို့သော် ထိုသို့ ခိုးချသည့်ဖြစ်စဉ်ကြောင့် လင်းချွမ်၏ ဝတ္ထုကိုပါ တွဲဖတ်မိနေကြသည်။ 

မင်ကတော့ တိုက်ရိုက်ထုတ်လွှင့်မှုများ ဆက်တိုက် လုပ်နေပြီး အဆင့်ထိပ်ဆုံးအထိ တက်လှမ်းလျက် ရှိသည်။ လင်းချွမ်မှာ အဆင့် (၉၈) နေရာ၌ ဖြစ်ဖြစ်မြည် တိုးဝင်ကာ အဆင့် (၁၀၀) အတွင်းတော့ ရှိနေပါသေးသည်။ 

အဆင့် (၁၀၀) အတွင်း ဝင်မှသာ နောက်တစ်ဆင့် တက်လှမ်းနိုင်မည် ဖြစ်၏။ 

ထိုအချိန်တွင် နွေည၏ လေပြည်မှာ ရုတ်တရက် ချမ်းစိမ့်စိမ့်ဖြစ်လာစေပြီး ယုယွီ သက်ပြင်းချ၍ လင်းချွမ်နှင့် လိုအပ်သည်များ ဆွေးနွေးရန် ပြင်လိုက်သည်။ 

ထိုစဉ် 

တီ တီ တီ—

စုချန်းချန်းထံမှ စာဝင်လာ၏။ 

“ယုယွီရေ မစ္စတာလင်းတော့ ရှာဖွေခံရမှုစာရင်း ထိပ်ဆုံး ရောက်နေပြီ”

ယုယွီ ဝရံတာကို မှီ၍ ရပ်နေရင်း ရုတ်တရက် အံ့ဩသွား၏။ 

လင်းချွမ်က ရှာဖွေခံရဆုံးစာရင်းထဲ ပါတာလား။ 

သူ ဘာလုပ်လိုက်တာလဲ။ 

ယုယွီ အရမ်းမတွေးတော့ဘဲ ချက်ချင်း ရှာကြည့်လိုက်သည်။ 

ထိုသို့ ရှာဖွေခံရဆုံး သတင်း (၅၀) တွင် စိတ်ဝင်စားစရာ ခေါင်းစဉ် (၄) ခု တွေ့ရသည်။ 

>အလုပ်သမားနေ့မှာ ဒီအွန်လိုင်းစာရေးဆရာက ကျားဖြန့်ဂိုဏ်းကို ဖမ်းခဲ့တယ်။ 

>သင် ယုံနိုင်မလား။ ကျားဖြန့်ဂိုဏ်းက အွန်လိုင်းစာရေးဆရာဆီမှာ အဖမ်းခံလိုက်ရပြီ။ 

>မစ္စတာလင်းနှင့် မင် ဘယ်သူက စက်ရုံထဲက ထွက်ပြေးလာနိုင်တာလဲ။ 

>လှည့်စားခြင်း (အသစ်ထွက်)

ယုယွီ မျက်လုံးလေးပြူး၍ ကြည့်နေမိ၏။ 

ထို့နောက် link များတစ်ခုပြီးတစ်ခု ဆက်နှိပ်ကြည့်သောအခါ လင်းချွမ်နှင့် ပတ်သက်သော ဗီဒီယိုများ တက်လာသည်။ 

နောက်ဆုံး

“သင့်လုပ်ဆောင်ချက် များနေပါသည်။ ခဏအကြာမှ ပြန်လည်ဝင်ရောက်ပါ”

ဟူသော အချက်ပေးမှု မပေါ်မချင်း ရှာဖွေကြည့်နေမိ၏။ 

ထို့နောက် ယုယွီလည်း အခန်းထဲ ပြန်ဝင်လာပြီး နူးညံ့အိစက်သော အိပ်ရာပေါ် လှဲလျက် ပြုံးရွှင်ကာ လင်းချွမ်အား စာပို့လိုက်လေသည်။ 

“ကောင်လေးရေ အရမ်းတော်တယ်နော်”

ထို့နောက် လင်းချွမ်ထံမှ ပြန်စာ ချက်ချင်း ရောက်လာ၏။ 

“ယုယွီ အခုတည်းက သိနေပြီလား”

ယုယွီ ပျော်မြူးလျက်

“ဒါပေါ့။ သိတယ်လေ။ ရှင် ဘာမှတော့ မထိခိုက်သွားဘူးမလား”

လင်းချွမ်မှာ လင်းကန်မြို့ တည်းခိုခန်းတွင် ရှိနေပြီး ပြတင်းပေါက်မှ လတ်ဆတ်သောလေကို ရှူရှိုက်လျက် ပြုံးကာ

“ဘာမှမစိုးရိမ်ပါနဲ့။ ကျွန်တော်တောင် ဘာမှ မလှုပ်ရှားရသေးဘူး။ အညံ့ခံသွားကြတာလေ”

“ဟားဟား ရှင်က အရမ်းမိုက်တာပဲ”

ယုယွီ ရယ်မော၍ ပြောလိုက်၏။ 

မေလအစမှာတင် ပြဿနာများ မည်သို့ ဖြေရှင်းရမည်အား တွေးနေစဉ် ယခုညတော့ သတင်းကောင်း ကြားရလေပြီ။ 

လင်းချွမ်မှာ ကျားဖြန့်ဂိုဏ်းအား ဖမ်းဆီးပေးလိုက်ပြီး ယုယွီအတွက် အကောင်းဆုံးဆေး ဖြစ်၏။ 

ယခု လင်းချွမ်၏ လုပ်ဆောင်ချက်ဖြင့် မည်သူက ဝတ္ထုခိုးချသူဟု စွပ်စွဲရဲတော့မည်နည်း။ 

ရှာဖွေမှုစာရင်းမှာ တဖြည်းဖြည်း ပိုပိုတက်လာ၏။ 

ယုယွီမှာ ပျော်ရွှင်လွန်း၍ ခြေထောက်ဖွေးဖွေးလေး နှစ်ချောင်းကို လှုပ်ခါကာ စိတ်လှုပ်ရှားနေသည်။ 

လင်းချွမ်ကတော့ အိပ်ရာထဲ ဝင်လှဲရင်း ယုယွီ၏ ချီးကျူးမှုကိုကြည့်ကာ ကျေနပ်နေမိသည်။ 

“ကျွန်တော်က အဲ့လောက်လည်း မဟုတ်ပါဘူး” 

ထိုညက လှည့်စားခြင်းဝတ္ထု၏ အဆင့်လည်း ပြန်တက်လာခဲ့ပြီး ဘုရင်တစ်ပါးကဲ့သို့ ထိပ်ဆုံးအထိ ရောက်လာခဲ့သည်။ 

…

ညမှာ တဖြည်းဖြည်း မှောင်မိုက်လာသည်။ 

လရောင်သည် ကြည်လင်အေးမြ၍ လောကကြီးကို တိတ်ဆိတ်မှု ပေးစွမ်းနိုင်၏။ 

စက်ရုံဂိုဏ်းအပြင်ဘက်၌ မြက်ပင်ရိုင်းများ ပေါက်ရောက်နေပြီး လေခပ်ကြမ်းကြမ်း တိုက်နေသောကြောင့် တစ္ဆေများ ယိမ်းထိုးနေသကဲ့သို့ ရှိလေသည်။ 

တစ်ဖက်တွင် ပျော်ရွှင်မှု ရှိသကဲ့သို့ တစ်ဖက်၌ ဝမ်းနည်းစရာများလည်း ရှိ၏။ 

စက်ရုံထဲတွင်။ 

ထိပ်ပြောင်ပြောင် အင်္ကျီအနက်နှင့် လူတစ်ယောက် အပေါ်ဆုံးထပ်တွင် ထိုင်နေပြီး မျက်နှာမှာ တင်းမာလျက် ဒေါသတကြီး ကျိန်ဆဲနေ၏။ 

“ငတုံးတွေ။ ငတုံးတွေ။ (၁၅) ယောက်လုံး အဖမ်းခံရတယ်တဲ့။ ဘာတွေ ဖြစ်ကုန်တာလဲ”

အစ်မမိုင်ဆိုသူ၏ သူဌေး၊ စက်ရုံခေါင်းဆောင် ပေါင် ဖြစ်သည်။ 

ထိုနေ့လယ်က မိုင်မှ ပစ္စည်းများ လာပို့မည်ပြော၍ သူ ထိုင်စောင့်နေသော်လည်း နောက်ဆုံး အားလုံး အဖမ်းခံလိုက်ရလေသည်။ 

သူကတော့ အရှောင်မြန်၍ တော်သေး၏။ မဟုတ်လျှင် သေချာပေါက် သူလည်း ပါဝင်နေပေမည်။ 

စက်ရုံသို့ ပြန်ရောက်သည်မှာပင် မကြာသေးပေ။ 

ထိုအချိန်တွင် သူဌေးပေါင်ရှေ့၌ သူ့တပည့်မီမှာ အထိတ်တလန့်ဖြင့်

“သူဌေး ကျွန်တော်အခုပဲ စုံစမ်းကြည့်တာ။ အားလုံး အဆင်ပြေပြေ စီစဉ်ပြီး ခေါ်လာခဲ့ပြီးမှ လမ်းမှာ အဖျက်တွေ ပေါ်လာတာတဲ့”

ပေါင် မျက်မှောင်ကြုတ်လျက်

“တစ်ယောက်တည်းလား”

မီ စိတ်ပျက်လက်ပျက် ခေါင်းငြိမ့်ကာ

“ဟုတ်ပါတယ်”

“လူ (၁၅) ယောက်ကို တစ်ယောက်တည်းက ဖမ်းတယ်တဲ့လား။ တကယ့် ငတုံးတွေ”

သူ မကျေမနပ် ကျိန်ဆဲနေပြန်၏။ 

“ဘယ်သူလဲ အခုချက်ချင်း စုံစမ်းလိုက်”

“စုံစမ်းပြီးပါပြီ”

မီ တုန်ရီစွာဖြင့် တက်ဘလက်လေးအား ပြလိုက်သည်။ 

ပေါင်မှာ စီးကရက်မီးညှိ၍ နှုတ်ခမ်းထောင့်တွင် ခဲလျက် မျက်မှောင်ကြုတ်ကာ ထိုဗီဒီယိုအား စိုက်ကြည့်နေသည်။ 

“အွန်လိုင်းစာရေးဆရာကများ ရာရာစစ ငါ့ဂိုဏ်းကို ဖျက်ဆီးရလား”

All Chapters