ရုတ်တရက် အဖြစ်အပျက်
Vol. 8 Ch. 112
မေလ (၆) ရက်နေ့ မနက်။
ပတ်ဝန်းကျင်မှာ သာယာသလောက် တနင်္လာနေ့ဖြစ်၍ အားလုံး လုပ်ငန်းခွင် ပြန်ဝင်ကြရတော့မည်။
လင်းချွမ်လည်း အပါအဝင်ဖြစ်၏။
ကုမ္ပဏီတည်ထောင်ရန် ကျန်းမှ ချင်းရှုရှိ အခန်းကို အားလုံး ပြင်ဆင်ပြီးလေပြီ။
“သူဌေး ထတော့”
ဒုန်း ဒုန်း ဒုန်း!
ကျန်း အပေါ်တက်လာပြီး အသည်းအသန် နှိုးလေသည်။
“အင်း ထပြီ”
လင်းချွမ် ရီဝေနေသော မျက်လုံးများကို ပွတ်လျက် တံခါးသွားဖွင့်ပေးလိုက်သည်။ ထို့နောက် ကိုယ်လက်သန့်စင်ကာ အဝတ်အစား လဲလေသည်။
ကျန်းကတော့ ခပ်လောလောဖြင့် လင်းချွမ်အား အတင်း ဆွဲ၍ အောက်ဆင်းလာ၏။
(၇၂၀) ကွန်ယက်ကုမ္ပဏီအတွက်ဆိုလျှင် လင်းချွမ်ထက်ပင် များစွာ စိတ်အားထက်သန်သေးသည်။
အောက်ရောက်သည်နှင့် စတူတာလေးပေါ် တက်၍ တစ်နာရီ မိုင် (၆၀) နှုန်းဖြင့် မောင်းနှင်လာလိုက်သည်။
“သူဌေး ဒီနေ့က တရားဝင် ရာထူးခန့်အပ်ပွဲနေ့လေ။ စိတ်မလှုပ်ရှားဘူးလား”
ကျန်းမှ ပြုံး၍ ပြောလိုက်သည်။
လင်းချွမ် လေတဖြူးဖြူးဖြင့် ယခုမှ နည်းနည်းလန်းလာသည်။
“ဘယ်သူဌေးက စကူတာ အနောက်မှာ ထိုင်လိုက်ပြီး ရုံးတက်လို့လဲ”
“ဟုတ်တယ်နော်။ တခြားသူဌေးတွေဆိုရင် ကားအကောင်းစားတွေ စီးကြတာ။ ဒါပေမဲ့ ကျွန်မတို့ အခုတော့ မတတ်နိုင်သေးဘူးလေ။ နည်းနည်း လျှော့ပြီး ကားအလတ်လောက်ဆိုရင်ရော”
လင်းချွမ် လန့်ဖျပ်ကာ
“ကျန်း အဲ့လောက်တောင် ချမ်းသာတာလား”
“ရှင်ပဲ အိမ်ရှင်မိန်းကလေးလို့ ခေါ်နေပြီး”
“ဒါကတော့ တစ်ခါတစ်လေပေါ့”
“ဒီလို ထောက်ပံ့ပေးတာ ရှင်က မကြိုက်ဘူးလား။ ရှင် မကြိုက်ရင် မောင်လေးတွေကိုပဲ အမ်းတော့မယ်”
“မရပါဘူး။ မင်းက ငါ့ထောက်ပံ့သူလေ”
“ဒါဆိုလည်း ထောက်ပံ့သူကို သေချာလေး ဖတ်ထားလိုက်တော့။ အရှိန်မြှင့်တော့မယ်”
ကျန်း ထိုသို့ပြော၍ အရှိန်ကို ပိုတင်ကာ မောင်းနှင်လေတော့သည်။
“မဟုတ်တာတွေ တတ်ထားတာပဲ”
လင်းချွမ်အနောက်မှ တင်းကြပ်စွာ ဖက်ရင်း ပါလာ၏။
သို့သော် အသားမယူဘဲ ပုခုံးများကိုသာ ကိုင်ထားခြင်း ဖြစ်လေသည်။
မကြာမီ ကျုံချန်းအဆောက်အဦ၊ (၁၆) လွှာသို့ ရောက်လာကြသည်။
“သွားရအောင် သူဌေး”
ကုမ္ပဏီမှာ သေးသော်လည်း အစတွင် ဤမျှ အခြေအနေ ရှိသည်မှာ ကျေးဇူးတင်စရာ ကောင်းလှ၏။
ကုမ္ပဏီခန်းမှာ ရိုးရိုးရှင်းရှင်းသာ ပြင်ဆင်ထားပြီး တောက်ပသော အနေအထားကြောင့် အလယ်အလတ် ကုမ္ပဏီများကိုပင် ယှဉ်နိုင်လောက်ပါသည်။
“ဒီအထပ်က မင်းအကုန်ပိုင်တာလား”
လင်းချွမ်မှ မေးလိုက်သည်။
“ဟုတ်တယ်လေ။ မိသားစုအပိုင်ပေါ့။ ဒီတိုက်အရင်ပိုင်ရှင်က ပိုက်ဆံအခက်အခဲတွေ ဖြစ်လာလို့ အဖေ့ကို ရောင်းခဲ့တာ။ ကျွန်မနာမည်နဲ့ပဲ ထားလိုက်တာပေါ့”
လင်းချွမ် ကျန်းကို စိုက်ကြည့်နေမိသည်။
စတိုးဆိုင်လေးထဲတွင် သာမာန်အဝတ်အစားများဖြင့် မပြင်မဆင် နေကာ ရုပ်ရှင်များသာ ကြည့်နေသော ထိုမိန်းကလေးကို မည်သူက သူဌေးသမီးဟု ထင်မည်နည်း။
ငါကိုယ်တိုင် ဒီလိုမျိုး ဝယ်နိုင်ဖို့ ဘယ်နှစ်နှစ်တောင် ကြာဦးမှာလဲ။
မိန်းမက ထောက်ပံ့ပေးတာ တကယ် ကောင်းတာပဲ။
မဟုတ်သေးပါဘူး။
ထောက်ပံ့တယ်ဆိုတာ ငါတော်လို့ပေါ့။ ငါလည်း ကြိုးစားတာပဲ။
“အရမ်းတွေးမနေနဲ့တော့။ ရှင့်ရုံးခန်းကို ကြည့်ပါဦး”
ကျန်း ပြုံး၍ လင်းချွမ်လက်မောင်းကို ဆွဲကာ အခန်းတစ်ခုသို့ ခေါ်လာသည်။
အခန်းမှာ ဝင်လိုက်သည်နှင့် တရုတ်ရိုးရာ အပြင်အဆင်များနှင့် ရှေးဆန်စွာ လှပနေသည်။
“ရှင် ဒီမှာပဲ စာရေး၊ အလုပ်လုပ်ပေါ့။ ဟိုဘက်မှာ အခန်းအသေးလေး ရှိသေးတယ်။ အလုပ်လုပ်ရင်း ပင်ပန်းရင် နားရအောင်ပေါ့”
လင်းချွမ်တို့ အခန်းငယ်လေးထဲ တွန်း၍ ဝင်သွားပြီး ကုတင်တစ်လုံးကို တွေ့ရသည်။
လင်းချွမ် တစ်ခန်းလုံးကို မယုံနိုင်စွာ လိုက်ကြည့်နေသည်။
ချမ်းသာတဲ့သူတွေက ဒီလိုပဲလား။
“သူဌေး ဘယ်လိုလဲ။ သဘောကျရဲ့လား”
“ကျတာပေါ့။ အရမ်း သဘောကျတယ်”
လင်းချွမ် ခေါင်းတဆတ်ဆတ် ငြိမ့်၍ ဖြေလိုက်သည်။
“တစ်ခုခု လိုနေသေးတယ် မထင်ဘူးလား”
ကျန်းမှ ထပ်မေးလိုက်၏။
“မလိုပါဘူး။ ဘာမှ မလိုဘူး”
“မဟုတ်ဘူးလေ။ သူဌေးဆိုတာ အတွင်းရေးမှူး ဘေးမှာ ရှိနေရမှာပေါ့”
“အတွင်းရေးမှူးလား”
လင်းချွမ် စွံ့အနေသည်။
“ခဏစောင့်ဦး”
ကျန်း အခန်းငယ်လေးထဲ ဝင်သွားပြီး (၂) မိနစ်ခန့်အကြာ၌ အဝတ်လဲကာ ပြန်ထွက်လာလေသည်။
အဖြူရောင်အင်္ကျီ၊ စကတ်အနက်အကြပ်၊ ဒေါက်ဖိနပ်အနက်တို့ကို ဝတ်ဆင်ထား၏။
သွယ်လျသော ခါး၊ ရှည်လျားသော ခြေထောက်နှင့် လှပသော မျက်နှာလေးမှာ လိုက်ဖက်လှလေသည်။
အသားကပ်ခြေအိတ် အနက်ရောင်မှာတော့ ဆွဲဆောင်မှု အရှိဆုံးပင်။
လင်းချွမ် အသက်ဝအောင်ရှူ၍ တံတွေးမျိုချမိ၏။ ထို့နောက် အခန်းငယ်ထဲ ပြန်တွန်းထုတ်ကာ အပြင်မှ တံခါးပိတ်ထားလိုက်ပြီး
“မင်း အဲ့လို ဝတ်ခွင့်မရှိဘူး။ ခုနကအတိုင်း ပြန်လဲလိုက်”
“ကြည့်မကောင်းလို့လား”
ကျန်း ရယ်မော၍ မေးလိုက်သည်။
“အဲ့လို သဘောမျိုးပဲ။ မြန်မြန်လဲ”
လင်းချွမ် ကျန်း၏အမေးကို တွေးကာ ပြုံးသွားမိသည်။
ကြည့်မကောင်းဘူးတဲ့လား။
လင်းချွမ် ခေါင်းယမ်းမိ၏။
တစ်မနက်လုံး ကျန်းကြောင့် ရင်တဒိတ်ဒိတ် ခုန်နေရလေသည်။
ထို့နောက် စိတ်တည်ငြိမ်အောင်ထိန်း၍ အလုပ်လုပ်ရန် ပြင်ရ၏။
ကျန်းကတော့ လင်းချွမ် အမူအရာကြောင့် အလွန် ကျေနပ်နေတော့သည်။
လင်းချွမ်က ငါ့အပိုင်ပဲ။
…
လင်းချွမ် ထိုရက်ပိုင်း အလုပ်များ ဝိုင်းရင်း အလွန် အလုပ်ရှုပ်နေခဲ့သည်။
အန်လင်းရဲစခန်းအတွက် အကာအကွယ်မှာလည်း ကျင်းထန်နှင့် သံမဏိနံရံ ကုမ္ပဏီများ၏ ပံ့ပိုးပေးမှုဖြင့် အတော်ပြီးလုနီးပါး ဖြစ်နေလေပြီ။
မေလ (၁၈) ရက်။
လင်းချွမ် အလုပ်အနည်းငယ် ပါး၍ နားချိန် ရနေ၏။
ကျန်း ဘွဲ့အတွက် စာတမ်းပြုစုမှု တင်ပြချက်ပြီး၍ ကျောင်းမှ ပြန်လာသည်။
“လင်း ရှင် ဘာမှ မစားရသေးဘူးမလား”
ညနေပိုင်းတွင် ဝမ်ကျီခန် ဖုန်းဆက်လာ၏။
“မစားရသေးဘူးလေ။ ဒါနဲ့ အစ်ကိုဝမ် ဒီတစ်လော အဆင်ပြေနေတယ်ဆို ဝယ်ကျွေးလိုက်တော့”
လင်းချွမ် ပြုံး၍ ပြန်ပြောသည်။ သူ ရုံးခန်းထဲ၌ပင် ရှိသေး၏။
“ရတယ်လေ။ လိပ်စာပြော။ ငါ အခု လာခေါ်လိုက်မယ်”
လင်းချွမ် ရုံးလိပ်စာကို ချက်ချင်း ပို့ပေးလိုက်သည်။
မိနစ် (၂၀) ခန့်အကြာ၌ ဝမ်ကျီခန်တစ်ယောက် ရွှယ်ချီချီ၏ မာစီဒီးကားဖြင့် ရုံးအောက် ရောက်လာသည်။
လင်းချွမ်မှာလည်း ရုံးဝတ်စုံဖြင့် သပ်သပ်ရပ်ရပ် ဖြစ်နေ၏။
သူ ကားထဲ ဝင်ထိုင်လိုက်သောအခါ ဝမ်ကျီခန် အလွန် အံ့ဩနေလေသည်။
“ဒီကောင်ချောလေးက ဘယ်သူတုန်း”
လင်းချွမ် ရယ်မော၍
“ကျွန်တော် အဲ့လောက် ချောနေတာလား”
“နေပါဦး။ ဘယ်တည်းက ဒီလို သူဌေးစတိုင်လ် ဖြစ်နေတာလဲ”
“ကျွန်တော်က အမြဲ ဒီလိုပဲလေ”
“တီရှပ်နဲ့ ဂျင်းဘောင်းဘီ အမြဲ ဝတ်နေတဲ့ကောင်က။ ငါတော့ မြင်ရတာ အသားမကျသေးဘူး။ ထူးဆန်းတယ်”
“ဘာကို ဆိုလိုချင်တာလဲ”
“မင်း ရည်းစားရနေလို့ပေါ့။ ယောက်ျားတွေက ရုတ်တရက် ကြည့်ကောင်းလာရင် ရည်းစားရနေလို့ပဲ။ ရုတ်တရက် ရုပ်ဆိုးသွားရင်တော့ လက်ထပ်လိုက်တာ သို့မဟုတ် ပြတ်သွားတာ”
“ဟင်။ ကျွန်တော် ဒီလောက် အလုပ်ရှုပ်နေတာကို။ ရည်းစားထားဖို့ အချိန်မရှိပါဘူးဗျာ”
“အလုပ်က အလုပ်၊ ရည်းစားက ရည်းစားပဲလေ”
“ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အချိန်မစီမံနိုင်သေးဘူး”
“လင်း တကယ်ကြီး ရည်းစားရနေပြီလား”
“ဟားဟား နောက်နေတာပါဗျာ”
လင်းချွမ် ရယ်မော၍ ပြန်ပြောလေသည်။
ထို့နောက် လမ်းမတန်းမှ ဆိုင်ဘေးတစ်ခုထဲ ဝင်လာကြသည်။
ဆိုင်လေးမှာ အလွန်အသက်ဝင်၍ ရှုပ်ထွေးနေသည်။
လင်းချွမ်တို့ ထောင့်နားတွင်ထိုင်ကာ လက်ဖက်ရည်ကြမ်း အရင်ငှဲ့သောက်လိုက်သည်။
“အစ်ကိုဝမ်ရဲ့စာအုပ်က အရမ်းအောင်မြင်နေတာနော်။ ထိပ်ဆုံး (၂၀) ထဲတောင် ရောက်နေပြီ”
“မင်းကို ပိုအားကျရတာပါကွာ”
လင်းချွမ်ပြုံး၍
“ဒါက အစပိုင်းအဆင့်ပဲ ရှိပါသေးတယ်။ ဒီကလူအကုန် နောက်တစ်ဆင့်တက်ရန် ပြန်ပြိုင်ရဦးမှာပဲလေ။ အဲ့တာကမှ အရေးကြီးတာ”
“ဒါနဲ့ မင်နဲ့ မင်းတို့ စာအုပ်တွေက လက်တွေ့ကို အခြေခံတယ်ဆိုပြီး တအား ပေါက်နေတာနော်”
ဝမ် အားကျစွာ ပြောလိုက်သည်။
ယခုနှစ်မှာ လင်းချွမ်နှစ်ဟုပင် ဆိုနိုင်၏။
“ကျွန်တော်က တိုက်ဆိုင်တာပါဗျာ”
လင်းချွမ် ရယ်မော၍ ပြော၏။
ထိုစဉ် စာအုပ်အဆင့်များအား ဝင်ကြည့်လိုက်သောအခါ သူ အဆင့် (၁) နှင့် အားလုံး တစ်ဆင့်စီ တိုးသွားပြီး မင်၏စာအုပ်ကို မတွေ့တော့ချေ။
လင်းချွမ် မျက်မှောင်ကြုတ်နေမိ၏။
“ဘာလို့လဲ”
“ရုတ်တရက် ဘာလို့ ပျောက်သွားတာလဲ”
လင်းချွမ် အံ့ဩစွာဖြင့် မယုံနိုင်သောကြောင့် refresh လုပ်ကာ ထပ်ကြည့်လိုက်သည်။
ထိုအခါ တစ်ဆင့်စီ ထပ်တိုး၍ သူ့စာအုပ်ပါ ပျောက်သွားလေသည်။
ဟင်။
လင်းချွမ် မျက်လုံး ပြူးသွား၏။
“ငါ့စာအုပ်လည်း မရှိတောါဘူး”