အဖြေရှာခြင်း
Vol. 8 Ch. 113
ညနေခင်းလေပြေမှာ သာယာသလောက် လင်းချွမ် ဖုန်းကိုစိုက်ကြည့်ရင်း ချွေးပျံနေ၏။
သူ့စာအုပ် ပျောက်သွားလေပြီ။
မင်၏ စာအုပ်လည်း ထို့အတူပင်။
ဝမ်မှာ မျက်နှာချင်းဆိုင်တွင် ထိုင်ရင်း မှင်တက်နေလေသည်။
“မင်းရဲ့စာအုပ်ရော မရှိတော့တာလား”
“ဟုတ်တယ်”
“ပြပါဦး”
ဝမ် နားမလည်နိုင်စွာဖြင့် ဖုန်းကို အမြန် ယူကြည့်လိုက်သည်။
အမှန်ပင် စာအုပ်များ မရှိတော့ချေ။
ပထမနေရာမှာ ဟန်တန်၏စာအုပ် ဖြစ်နေလေပြီ။
“စာရေးဆရာ နောက်ခံကို မြန်မြန် စစ်ကြည့်ဦး”
ဝမ်မှ ပြောလိုက်၏။
လင်းချွမ် အခြားဖုန်းမှ ဝင်၍ ပြန်ကြည့်လိုက်သည်။
ထိုနေရာတွင်လည်း သူတို့စာအုပ်များ မရှိတော့ချေ။
ထိုစဉ် စနစ်မှ အချက်ပေးသံ ပေါ်လာ၏။
[ပိုင်ရှင်၏ စာအုပ် ‘လှည့်စားခြင်း’ မှာ စည်းမျဉ်းများ ချိုးဖောက်မှုဖြင့် ဖယ်ရှားခံရပါသည်။ ယခု စစ်ဆေးဆဲကာလဖြစ်ပြီး သိလိုသည်များကို တာဝန်ခံ အယ်ဒီတာ ယုယွီကို မေးမြန်းပါ]
လင်းချွမ်မျက်နှာ တင်းမာ၍ မျက်မှောင်ကြုတ်ထားမိ၏။
“ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ကနေ ဖယ်လိုက်တာပဲ”
“အဓိပ္ပာယ်မှ မရှိတာ”
ဝမ်လည်း နားမလည်နိုင်ပေ။
“ယုယွီကို မေးကြည့်လိုက်ဦးမယ်”
လင်းချွမ် ချက်ချင်း ယုယွီအား စာပို့လိုက်၏။
“ယုယွီ ကျွန်တော့်စာအုပ် ဖယ်ချခံလိုက်ရတယ်။ ဘာလို့လဲ သိလား”
လင်းချွမ် အသီးဖျော်ရည် သောက်လိုက်ရင်း အဖြေကို စောင့်နေ၏။
ယုယွီလည်း စာကိုတွေ့သည်နှင့် ချက်ချင်း ပြန်ဖြေလေသည်။
“ကျွန်မလည်း အခုပဲသိတာ။ အကြောင်းအရင်းတော့ မသိသေးဘူး။ အခုချက်ချင်း ကုမ္ပဏီကိုသွားပြီး စုံစမ်းပေးမယ်နော်”
“ကျေးဇူးပါ ယုယွီရယ်”
“လင်းချွမ် ဘာမှစိတ်မပူနဲ့နော်။ သိရတာနဲ့ ပြန်လာပြီး ပြောပြမယ်”
“ကောင်းပါပြီ”
“ယုယွီလည်း မသိသေးဘူးတဲ့”
လင်းချွမ် ခေါင်းယမ်း၍ ပြောလိုက်သည်။
“လင်း အရမ်းတွေးမနေပါနဲ့။ အဆင်ပြေသွားမှာပါ”
ဝမ်မှ ချော့နေသည်။
“မင်း စိတ်ပြေအောင် သတင်းကောင်း ပြောပြဦးမယ်”
“ဘာသတင်းကောင်းလဲ”
ထို့နောက် ဖုန်းကိုထုတ်၍ သူ့အဆင့်အား လက်ညှိုးထိုးပြလိုက်သည်။
“ကြည့်ဦး။ ငါ အဆင့် (၁၈) ကို တက်သွားပြီ”
လင်းချွမ် ခဏမှင်တက်၍ ကြည့်နေပြီးမှ ဆဲဆိုလေတော့သည်။
“ဒီလူ…”
“မင်း မဟုတ်တာတွေ ရေးတာမှ မဟုတ်တာ။ အဖယ်ခံရစရာအကြောင်း မရှိပါဘူး”
“အင်းလေ”
မိုတုမြို့။
ယုယွီ ဂါဝန်ရှည်နှင့် ပန်းရောင်ဖိနပ်ပါးလေး ဝတ်ဆင်ကာ တိုက်အောက်ပြေးဆင်း၍ တက္ကစီနှင့် ရုံးဘက်သို့ အမြန်ထွက်လာခဲ့သည်။
နာရီဝက်ခန့်အကြာ။
ယုယွီ ရုံးရောက်သည်နှင့် အယ်ဒီတာချုပ်ထံ တန်းသွား၏။
ထို့နောက် အသက်ကိုဝအောင်ရှူ၍ စိတ်ငြိမ်အောင် ထိန်းပြီးနောက် တံခါးခေါက်လိုက်သည်။
“အယ်ဒီတာချုပ်”
အခန်းထဲတွင် မင်ယွီလည်း ရှိနေ၏။
“ယုယွီ အချိန်ကိုက် ရောက်လာတာပဲ”
ယုယွီအား ထိုင်ရန် လက်ပြလိုက်သည်။
“အယ်ဒီတာချုပ် လင်းချွမ်ရဲ့ ‘လှည့်စားခြင်း’ ဆိုတဲ့ ဝတ္ထု ဘာလို့ အဖယ်ခံလိုက်ရတာလဲ”
ယုယွီ ဝင်ထိုင်ရင်း အလောတကြီး မေးလေသည်။
လင်းချွမ်မှာ နာမည်ကြီးစာရေးဆရာ ဖြစ်နေ၍ ဒုတိယအဆင့်အထိ သေချာပေါက် ပါသွားနိုင်ပြီး သာမာန်တော့ မဟုတ်ပေ။
ယုယွီလည်း အလားအလာရှိသော ထိုအခြေအနေကို များစွာ မျှော်လင့်ထား၏။
သူတို့နှစ်ယောက်လုံးအတွက် အောင်မြင်မှု လိုအပ်ပါသည်။
သို့သော် မထင်မှတ်စွာဖြင့် လင်းချွမ်၏စာအုပ် ဖယ်ရှားခံလိုက်ရ၏။
အယ်ဒီတာချုပ် ကျန်းရီရှင်းမှ
“စာအုပ်ဖယ်တာက ဝက်ဘ်ဆိုဒ်က လုပ်တာ မဟုတ်ဘူး။ အခြေအနေက အရင်လိုပုံစံနဲ့လည်း မတူဘူး”
သူ ယုယွီပုခုံးအား ပုတ်၍ ပြောလေသည်။
“ဒါဆို အထက်က ခိုင်းတာလား”
ယုယွီ အံ့ဩစွာ ပြန်မေးလိုက်၏။
“ဟုတ်တယ်။ အထက်ကနေ တိုက်ရိုက် ပြောလာတာ”
“အကြောင်းအရင်းကိုရော ပြောလားဟင်”
“စာအုပ်ထဲမှာ ပြင်းထန်တဲ့ စကားလုံးတွေ ပါတယ်တော့ ပြောတယ်။ ဒါပေမဲ့ အတိအကျ မသိရဘူး”
ကျန်းရီရှင်း ခေါင်းယမ်း၍ ပြောလိုက်သည်။
မင်ယွီမှ ဆက်၍
“လင်းချွမ်တင် မကဘူး။ မင်ရဲ့ စာအုပ်လည်း ကျသွားတယ်”
ယုယွီ လန့်ဖျပ်၍
“တခြားရော ရှိသေးလား”
“မရှိဘူး။ ဒီ (၂) အုပ်ပဲ ဖယ်ခံရတာ”
“အဲ့တာဆို လင်းချွမ်စာအုပ် ပြန်တင်နိုင်မယ့် နည်းလမ်းရော မရှိဘူးလား”
“အဆိုတင်ကြည့်ရမှာပေါ့။ ဒါပေမဲ့ မသေချာဘူး”
ကျန်းရီရှင်း လေးလံစွာ ပြောလိုက်၏။
မင်ယွီမှလည်း
“နောက်ပြီး အကြောင်းအရင်းကို ငါတို့ သေချာ မသိဘူးလေ”
“စာရေးဆရာရဲ့ အထောက်အထားကြောင့်ရော ဖြစ်နိုင်လား”
“ဘယ်လို”
အားလုံး အချင်းချင်း ကြည့်လိုက်မိသည်။
ယုယွီက
“မင်ရေးတဲ့စာအုပ်က စက်ရုံကနေ ထွက်ပြေးလာတာလေ။ လင်းချွမ်ကလည်း စက်ရုံထဲက အကြောင်းတွေ အတိအကျ အများကြီး ရေးထားတယ်”
“အဲ့တာကြောင့်များလား”
အားလုံး တိတ်ဆိတ်၍ စဉ်းစားရခက်နေကြသည်။
‘တီ တီ တီ’
ထိုစဉ် ကျန်းရီရှင်းဖုန်း မြည်လာ၏။
“ဟယ်လို ဘာထူးသေးလဲ”
ကျန်းရီရှင်း ဖုန်းဖြေရင်း တစ်ဖက်မှ စကားသံကို မိန်းကလေးများ မကြားရသော်လည်း ကျန်းရီရှင်း၏ အံ့ဩသွားသော အမူအရာကိုတော့ ကောင်းကောင်း တွေ့ရလေသည်။
“ညလယ်ခေါင်ကြီး ရုတ်တရက် အဖမ်းခံရတာလား”
“အခြေအနေက အဲ့လောက် ဆိုးနေပြီလား”
“အတွင်းသတင်းကရော”
“ကောင်းပြီ ကောင်းပြီ နားလည်ပြီ”
ကျန်းရီရှင်း ဖုန်းချလိုက်ကာ ယုယွီအားကြည့်၍
“အခြေအနေက ငါတို့ထင်ထားတာထက် အများကြီး ဆိုးတယ်”
သူ သက်ပြင်းချ၍ ဆက်ပြော၏။
“မင့်ကို စစ်ဆေးဖို့ ခေါ်သွားကြပြီ”
“ဟင်”
“ဟုတ်တယ်”
“ရိုးရိုး စာအုပ်ပဲ အပိတ်ခံရတာ မဟုတ်ဘူးပေါ့”
ယုယွီ ရင်ခုန်သံများ မြန်လာ၏။
ထို့နောက် စိုးရိမ်စွာဖြင့် လင်းချွမ်အား စာပို့လိုက်သည်။
“ရှင်တို့ စာအုပ်အပိတ်ခံရတာက အထက်က ခိုင်းတာပါ။ ရှင် အဲ့ထဲမှာ တရားမဝင်အကြောင်းတွေ ရေးမိသေးလား”
လင်းချွမ်တို့ ညစာစားနေဆဲ ဖြစ်သည်။
စာကို တွေ့သောအခါ
“ယုယွီ စိတ်မပူပါနဲ့။ ကျွန်တော် ပြစ်မှု မကျူးလွန်ထားပါဘူး”
ထိုစဉ် ဆိုင်ဘေး၌ ရဲကားတစ်စီး ထိုးရပ်လာသည်အား သတိထားမိ၏။
လင်းချွမ် ရယ်မော၍
“အဲ့လောက် မြန်မြန် လာဖမ်းကြပြီလား”