← Chapters

မစ္စတာလင်း ဒီတစ်ခါ တကယ် ထောင်ကျပြီပေါ့

Vol. 8 Ch. 115

မစ္စတာလင်း ဒီတစ်ခါ တကယ် ထောင်ကျပြီပေါ့

Vol. 8 Ch. 115

လရောင်မှာ ထွန်းလင်းတောက်ပစွာဖြင့် တစ်မြို့လုံးကို ဖြန့်ကျက်ထားပြီး အားလုံး တိတ်ဆိတ် ငြိမ်သက်နေကြသည်။ ကောင်းကင်မှ ကြယ်ရောင် တဖျတ်ဖျတ်မှာလည်း မြို့အလှကို ပို၍ အသက်ဝင်စေလေ၏။ 

လင်းချွမ်နှင့် မင်တို့၏ စာအုပ်များ ဖယ်ရှားခံရခြင်းမှာ ညတွင်းချင်း ရှင်းလင်းနိုင်သွားလေပြီ။ 

နောက်နေ့ မေလ (၁၉) ရက်။ 

မိုတုမြို့၊ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ် အဆောက်အဦ။ 

ဖြူဖွေးနေသော ဂါဝန်လေးကို ဝတ်ဆင်လျက် ယုယွီ သူ့စားပွဲ၌ ထိုင်ကာ စိတ်ပျက်လက်ပျက်ဖြင့် ကွန်ပျူတာအား ကြည့်နေသည်။ လင်းချွမ်၏စာအုပ် ပြန်တင်နိုင်ရန် မည်သို့ ပြုလုပ်ရမည်မသိ ဖြစ်နေ၏။ 

လင်းချွမ် မနေ့ညက သူ့ကို စိတ်မပူရန် စာပို့ထားသော်လည်း ယုယွီ စိတ်မအေးနိုင်ပေ။ 

လင်းချွမ်မှာ သူတို့အတွက် ရတနာလေး ဖြစ်နေလေပြီ။ 

ထိုစာအုပ် အောင်မြင်ပါက နိုင်ငံတကာ ပရိသတ် ရထားပြီးသော လင်းချွမ်အတွက် ပိုအကျိုးရှိပြီး ထိပ်တန်းအဆင့်အထိ ရောက်ရှိသွားနိုင်သည်။ 

ဝက်ဘ်ဆိုဒ်မှ ရွေးချယ်သော တစ်နှစ်တာ အကောင်းဆုံး (၁၂) ယောက်စာရင်းတွင်လည်း သေချာပေါက် ပါလာနိုင်သည်။ 

ထို့နောက် ပလက်တီနမ်အဆင့်အထိ ရောက်ရှိသည်အထိ ယုယွီ သူ့ကို များစွာ မျှော်လင့်ထားမိ၏။

“လှည့်စားခြင်း။ ဟူး… လင်းချွမ်ရဲ့ အောင်မြင်မှုက ဒီတစ်လော အရမ်းလွယ်နေလား မှတ်တယ်။ အဖျက်က သေချာပေါက် ဝင်တာပဲ”

ယုယွီ လက်တစ်ဖက်မှ မေးလေးကို ထောက်လျက် ရေရွတ်နေမိသည်။ 

ရုတ်တရက်။ 

ကွန်ပျူတာမျက်နှာပြင် ညာဘက်ထောင့်အောက်နားမှ တစ်ခုခု ပေါ်လာသည်။ 

သူ ကြော်ငြာတက်လာသည်ထင်၍ ပြန်ပိတ်ရန် ပြင်လိုက်ပြီးမှ သေချာကြည့်ကာ မျက်လုံးပြူးသွားမိသည်။ မျက်တောင်ရှည် ကော့ကော့လေးများမှာလည်း တဖျတ်ဖျတ် ခတ်နေ၏။ 

ပေါ်လာသော အရာမှာ သတင်းများ ဖြစ်လေသည်။ 

[အွန်လိုင်းစာရေးဆရာမင်မှာ နယ်စပ်ဒေသ ဖုန်းဖြင့် ကျားဖြန့်လုပ်ငန်းတွင် ပါဝင်ပတ်သက်ခဲ့၍ ရဲအဖမ်းခံရခြင်း]

“မင်က အဖမ်းခံရတာလား”

ယုယွီ မျက်မှောင်ကြုတ်၍ သတင်းကို ဝင်ဖတ်ကြည့်လိုက်သည်။ 

ထိုအခါ ဗီဒီယိုတစ်ပုဒ် တွေ့ရပြီး လူငယ်လေးတစ်ဦးဘေး၌ ရဲဝန်ထမ်းနှစ်ဦး ကပ်၍ လျှောက်လာသည်။ 

လူငယ်လေးမှာ ခပ်ပိန်ပိန်ဖြစ်ပြီး လက်များတွင် ငွေရောင်ဝင်းလက်နေသော လက်ထိတ်ခတ်ခံထားရ၏။ 

ခေါင်းစဉ်များမှာ:

‘စက်ရုံမှ ထွက်ပြေးလာသော လူတစ်ယောက် သူ့အတွေ့အကြုံအတိုင်း အွန်လိုင်းဝတ္ထုရေးရင်း အဖမ်းခံရ’

‘စစ်ဆေးမှုများအပြီး မင်၏ အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့’

ဟင်။ 

ယုယွီ စိတ်လှုပ်ရှားစွာဖြင့် ဖတ်နေမိသည်။ 

ထို့နောက် ကွန်းမန့်များအား ဆက်၍ ဖတ်ကြည့်ပြန်သည်။ 

[ဒါ ဝတ္ထုရေးတာမှ မဟုတ်တာ။ အပြစ်ဝန်ခံနေတာပဲ]

[စထွက်တည်းက ဖတ်ပြီးပြီ။ အရမ်း လက်တွေ့ဆန်နေတယ်တော့ တွေးမိပေမဲ့ တကယ် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး]

[အွန်လိုင်းစာရေးဆရာတွေက လျှို့ဝှက်ချက်တွေနဲ့ပဲ]

[ဟေ့ မင် အဖမ်းခံရပြီးပြီဆို နောက်တစ်ယောက်ကရော]

[ဘယ်တစ်ယောက်လဲ]

[လှည့်စားခြင်းဆိုတဲ့ဝတ္ထုရေးတဲ့ မစ္စတာလင်းလေ။ အတူတူ ဖြုတ်ချခံရတာပဲ။ သူရော အဖမ်းခံရပြီလား]

[အဲ့လိုဆို မစ္စတာလင်းက ထောင်ထဲတောင် ရောက်နေလောက်ပြီ]

[အခုခေတ် ဝတ္ထုတွေအကုန် ဖြစ်ရပ်မှန်တွေပဲလား]

[သူလည်း စက်ရုံကနေ ထွက်ပြေးလာရတယ် ကြားတယ်]

[ပေါက်ကရတွေ။ သူက ကျားဖြန့်ဂိုဏ်းကို ဖမ်းပေးတာပါ]

[အဲ့တာ သူ ဂိုဏ်းအကြောင်းကို သေချာသိနေလို့လေ။ အွန်လိုင်းစာရေးဆရာက အဲ့လိုသိနေတာ ဖြစ်နိုင်လို့လား]

ယုယွီ ထိုစာများဖတ်ရင်း စိုးရိမ်စိတ် ပြင်းထန်လာ၏။ 

မင် အဖမ်းခံရပြီဆို လင်းချွမ်ကရော။ 

လင်းချွမ်၏အရေးအသားမှာ ပို၍ပင် လက်တွေ့ဆန်ပါသေးသည်။ 

ဤသို့ဖြင့် ခေါင်းစဉ်အမျိုးမျိုး၊ ဝေဖန်ချက် အဖြာဖြာဖြင့် သတင်းများကို တွေ့ရလေသည်။ 

ထိုအချိန်တွင်။ 

ကွန်ပျူတာရှေ့၌ လူငယ်လေးတစ်ဦးမှာ သတင်းများကို မမှိတ်မသုန် စိုက်ကြည့်နေ၏။ 

အချိန်အတော်ကြာမှ။ 

“ဟင်း”

သူ သက်ပြင်းရှည်ကြီး ချလိုက်ပြီး 

“မင်နဲ့ မစ္စတာလင်းရယ် နှုတ်ဆက်ချိန်တောင် မရလိုက်ဘူး။ ငါ ထိပ်ဆုံး ရောက်သွားတာပဲ”

“ကောင်းကင်ပြာ ပျောက်ဆုံးရင် ကောင်းကင်ဝါ တက်ရမှာပဲ။ ငါက ဘုရင်ဘွဲ့ ယူပေးလိုက်မယ်”

ထိူလူမှာ ဟန်တန် ဖြစ်လေသည်။ 

ထွက်ရှိလာသော သတင်းများကြောင့် ဟန်တန် အပါအဝင် အွန်လိုင်းစာရေးဆရာ အတော်များများ အကျိုးအမြတ်များစွာ ရရှိသွား၏။ 

ထိုတောင်နှစ်လုံးမှာ သူတို့အင်အားဖြင့် သာမာန်အခြေအနေတွင် ဖြိုဖျက်နိုင်မည် မဟုတ်ပါ။ 

ကောင်းကင်သို့ တက်လှမ်းရသည်မှာပင် ပိုလွယ်ဦးမည်။ 

ထို့ကြောင့် သူ ပျော်ရွှင်နေသည်မှာ မဆန်းပေ။ 

လင်းချွမ်၏ စာဖတ်သူအဖွဲ့ထဲတွင်လည်း ထင်မြင်ချက်များ ပြောဆိုနေကြ၏။ 

[ကိုယ့်လူတို့ တချို့စာရေးဆရာတွေက အဖြစ်မှန်ကို ရေးနေကြတာပဲ]

[မစ္စတာလင်းလိုပေါ့]

[ဒါနဲ့ မစ္စတာလင်းအကြောင်း မသိသေးဘူးလား။ သူ့စာအုပ် အဖယ်ခံလိုက်ရပြီနော်]

[တကယ်ကြီးပေါ့]

[မင်ရောလား။ ဒါဆို မစ္စတာလင်းက အဖမ်းခံလိုက်ရတာလား]

[သူ တကယ် ထောင်ကျပြီထင်တယ်]

[မစ္စတာလင်းရေ]

[မစ္စတာလင်းရေ]

[မစ္စတာလင်းရေ]

…

အန်လင်းမြို့၊ ချင်းရှုနယ်။ 

အရုဏ်တက်ချိန်သာ ရှိသေးပြီး ရွှေရောင်ဝင်းလက်နေသည့် နေရောင်ခြည်မှာ အဆောက်အဦများအပေါ် သပ်ရပ်စွာ ကျရောက်နေသည်။  

ကျေးငှက်တို့၏ တစာစာအော်မြည်သံမှာလည်း မနက်ခင်းနှင့် လိုက်ဖက်စွာ သာယာ၏. 

လင်းချွမ်သည် ကျန်း၏ ကားအနောက်ခုံတွင် လိုက်ပါလာရင်း ကျုံချန်အဆောက်အဦရှိ (၇၂၀) ကုမ္ပဏီသို့ ရောက်လာသည်။ 

သူ ရုံးခန်းထဲ ထိုင်နေစဉ် ရုတ်တရက် ဖုန်းမှ စာဝင်လာသော အချက်ပေးသံများ အဆက်မပြတ် ကြားရလေသည်။ 

“ဘာဖြစ်သွားတာလဲ”

လင်းချွမ် မျက်မှောင်ကြုတ်၍ ဖုန်းကို ယူကြည့်လိုက်၏။ 

ဘုရားသခင်။ 

ယုယွီထံမှ စာကို အရင်ဝင်ဖတ်လိုက်သည်။ 

“ကောင်လေးရေ ရှင် အဆင်ပြေရဲ့လား”

လင်းချွမ်ပြုံး၍ စာအမြန် ပြန်လိုက်၏။ 

“အဆင်ပြေပါတယ်”

“ရဲတွေ စစ်ဆေးဖို့ဆိုပြီး ဆက်သွယ်လာသေးလား”

“စစ်ဆေးပြီးလို့ ပြန်တောင်ရောက်နေပြီလေ”

လင်းချွမ် စနောက်သလိုလေး ပြောလေသည်။ 

ယုယွီမှာ နားမလည်နိုင်စွာဖြင့်

“ပြန်တောင် ရောက်ပြီလား”

“ဟုတ်တယ်။ ကျွန်တော်မှ မဟုတ်တာ မလုပ်ထားတာ။ ဘာမှ မဖြစ်ဘူးလေ”

“ဒါဆိုလည်း တော်ပါသေးရဲ့”

ယုယွီ ထိုအခါမှ သက်ပြင်းချနိုင်၏။ 

“ဒါနဲ့ ရှင့်စာအုပ်ရော ပြန်ထုတ်လို့ ရပြီလား”

“ရဲစခန်းက စာတင်ထားတယ်ဆိုတော့ အမြန်ဆုံးဆိုရင် ဒီနေ့တော့ ရမှာပါ”

“သတင်းကောင်းကို စောင့်နေပါတယ်”

ယုယွီ ပျော်ရွှင်စွာ ပြောလိုက်သည်။ 

လင်းချွမ်ထံမှ တိကျသောအဖြေရပြီး၍ သူ့အလုပ်များ အေးဆေး ဆက်လုပ်နိုင်လေပြီ။ 

လင်းချွမ် ထို့နောက် သူ့စာဖတ်သူများအဖွဲ့ထဲ ဝင်ကြည့်၍ ပြောထားသော စကားများကို မျက်မှောင်ကြုတ်၍ ဖတ်ကာ

“အစ်ကိုတို့ ကျွန်တော် ရှိပါသေးတယ်ဗျာ”

လင်းချွမ် ချက်ချင်းပေါ်လာခြင်းမှာ အလွန် အံ့ဩစရာ ကိစ္စဖြစ်လေသည်။ 

[ဆရာ ဖုန်းသုံးလို့ ရသေးတာလား။ သူတို့ ဘာမှမပြောဘူးလား]

[မစ္စတာလင်း အခု ဘယ်မှာလဲ။ ရဲစခန်းမှာလား]

[မစ္စတာလင်း အဖမ်းခံရမှာ မကြောက်ဘူးလား]

[ငါ နားကိုမလည်နိုင်ဘူး။ မင်ကျတော့ အဖမ်းခံရပြီး မစ္စတာလင်းကရော”

[ငါလည်း နားမလည်ဘူး။ သူ့မှာ တခြားအကွက်တွေ ရှိနေသေးတာလား]

[ဦးဦးရဲတို့ ဒီမှာ ငါးတစ်ကောင် လွတ်နေသေးတယ်ဗျို့]

လင်းချွမ် မျက်နှာပျက်၍ ကျိန်ဆဲလိုက်သည်။ 

ငါ့ကို တော်တော် ထောင်ကျစေချင်နေတာပဲ။ 

ဟွန့်။ 

လင်းချွမ် အင်တာနက်မှ သတင်းများကို ထပ်ဖွင့်ကြည့်လိုက်သည်။ 

သူတို့သတင်းများမှာ နာမည်ကြီးနေဆဲပင်။ 

မင်နဲ့ မစ္စတာလင်းက တရားခံအတွဲလား။ 

မင်ကတော့ အထဲရောက်သွားပြီ။ မစ္စတာလင်း ဘယ်တော့လဲ။ 

လင်းချွမ် မနေနိုင်ဘဲ ကွန်းမန့်များကိုပါ ဝင်ဖတ်မိသည်။ 

[မစ္စတာလင်းကိုလည်း စစ်ဆေးပေးဖို့ တောင်းဆိုချင်ပါတယ်]

[ကျွန်တော် ဖတ်ကြည့်တာတော့ မစ္စတာလင်းစာအုပ်က မင်ထက်တောင် လက်တွေ့ဆန်သေးတယ်။ သူ သွားအလုပ်လုပ်ဖူးမှာ သေချာတယ်]

[ဂိုဏ်းနဲ့ပေါင်းပြီး ဇာတ်လမ်းဆင်နေတာများလား]

[တကယ့်ကျွမ်းကျင် ကျားဖြန့်ပညာရှင်တွေတောင် မစ္စတာလင်းကို နိုင်မှာမဟုတ်ဘူး]

[…]

အချို့မှာ ဗီဒီယိုများဖြင့်ပင် ဝေဖန်ချက်များ ပြုလုပ်၍ တင်ထားလေသည်။ 

ထို့ကြောင့် လင်းချွမ် လတ်တလော အောင်မြင်သလောက် မုန်းတီးသူလည်း များနေ၏။ 

“ငါ့မှာ အခုတော့ မုန်းတီးသူအဖွဲ့တောင် ရှိနေပြီပဲ။ ဘယ်က ဘယ်လိုရောက်လာကြတာလဲ”

လင်းချွမ် မကျေမချမ်း ရေရွတ်မိလေသည်။ 

All Chapters