အလံနီ ပြန်ပေါ်လာခြင်း
Vol. 8 Ch. 116
“သူဌေး ဒီလူက အရမ်းလွန်နေပြီ”
ရုံးခန်းထဲသို့ ကျန်း အပြေးဝင်လာပြီး တက်ဘလက်ကို လက်ညှိုးထိုးပြရင်း နှုတ်ခမ်းလေးစူ၍ ပြောလေသည်။
လင်းချွမ် သူ့ပုံစံလေးကြောင့် ရယ်မော၍
“အဲ့တာဘာဖြစ်လို့လဲ ကျန်းရဲ့”
ကျန်း လင်းချွမ်ထံ လျှောက်လာကာ
“သူ သူဌေးကို စော်ကားနေတာ”
“ဘယ်လို”
လင်းချွမ် တက်ဘလက်ကို ယူကြည့်၍
“ပြပါဦး”
မျက်နှာအကာတပ်ထားသော လူတစ်ဦးမှာ ဝတ္ထုတစ်ပုဒ် ဖတ်ပြနေပြီး ဘေးတွင် ဝတ္ထုထဲမှ စာသားများ တက်နေသည်။
‘ကျွန်တော် ဂိုဏ်းထဲ ဝင်လာခဲ့တယ်’
‘အပြင်က လှမ်းကြည့်ရုံနဲ့ နံရံတွေ အက်ကွဲတဲ့ အဆောက်အဦနဲ့ မြက်ရိုင်းပင်များကြား ရှိနေတော့ စွန့်ပစ်နေရာဟောင်းမှန်း သိသာနေတာပဲ’
‘…’
စာအနည်းငယ် ဖတ်ပြီးနောက် သူ့ရှေ့တွင် ဓာတ်ပုံ (၂) ခု ပေါ်လာလေသည်။
ထိုဘလော့ဂါမှ
“ဒီပုံက စက်ရုံထဲမှာ အလုပ်လုပ်ရင်း တစ်ယောက်က အသက်နဲ့ရင်းပြီး ရိုက်ပေးခဲ့တဲ့ ဓာတ်ပုံတွေပါ။ ဝတ္ထုထဲက အနေအထားနဲ့ ကွက်တိနီးပါး တူနေတာကို တွေ့ရမှာပါ။ ဒါ တိုက်ဆိုင်တာဆိုရင်လည်း ဝတ္ထုထဲက လိမ်နည်းတွေကပါ တူနေပါသေးတယ်”
“…”
ထိုလူမှာ ယုံကြည်ချက်အပြည့်ဖြင့် အားရပါးရ ပြောနေသည်။
ကြည့်ရှုသူမှာ (၅) သောင်းကျော်အထိ ရှိနေပြီး လင်းချွမ်အား ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်၏။
လင်းချွမ် ပြုံး၍
“အဲ့တော့ သူက စော်ကားချင်နေတာပေါ့လေ”
“ဟုတ်တယ်။ မရှိရှိတာ ရှာကြံပြီး ပြောနေတာ။ လွန်လွန်းတယ်”
ကျန်း၍ မျက်နှာလှလှလေးမှာ ဒေါသထွက်နေ၍ နီရဲနေ၏။
“သူဌေး သူနဲ့ ရန်ညှိုးရှိလို့လား”
လင်းချွမ် ခေါင်းယမ်း၍
“အွန်လိုင်းစာရေးဆရာမှာ ဘယ်ရန်ညှိုး ရှိရမှာလဲ”
ကျန်းရှင်းရှင်း မျက်မှောင်ကြုတ်လျက် လက်သီးလေးဆုပ်ကာ
“သူ ဘယ်ကသတ္တိနဲ့ ငါ့သူဌေးကို စော်ကားရဲတာလဲ”
“စစ်ဆေးကြည့်ရုံပါပဲ”
လင်းချွမ်ပြုံး၍ ပြန်ပြောလိုက်၏။
သူ ယခုအလုပ်စလုပ်တည်းက ဖန်များနှင့် ရန်မဖြစ်ဖူးပေ။
နောက်ဆုံး သူရဲကောင်းပြိုင်ပွဲတွင် ဟန်တန်၊ ဟုန်မိန်တို့နှင့် ပြိုင်ပြီး ဦးလေးကျန်းနှင့် စကားများခဲ့ရသည်တော့ ရှိသည်။
ယခုပြိုင်ပွဲ၌ ဟန်တန်နှင့် ထပ်တွေ့ပြီး ယခုအခြေအနေကို သူပျော်နေသည်မှာ ဖြစ်နိုင်ပါသည်။
သူကိုယ်တိုင် ဖြုတ်ချခြင်းပင် ဖြစ်နိုင်သေး၏။
မင်၏ပရိသတ်များမှာလည်း လင်းချွမ်အား ကူးချသည်ဟု ထင်နေကြသေးသောကြောင့် မင် အဖမ်းခံရသောအခါ ကျေနပ်မည် မဟုတ်ချေ။
ဒီတစ်ခါကိစ္စက အရင်လို သာမာန် မဟုတ်ဘူးပဲ။
သူ ဖြစ်နိုင်ချေများကို စဉ်းစားရင်း နောက်ဆုံး အဖြေ (၂) ခု ထွက်လာ၏။
နိုင်ငံခြားဟက်ကာအဖွဲ့နှင့် အစ်မမိုင်နှင့် ပတ်သက်သော ကျားဖြန့်ဂိုဏ်းတို့ ဖြစ်သည်။
လင်းချွမ် တွေးနေရင်း စစ်ဆေးမှုများ စတင်လေသည်။
သူ့ကို အပုပ်ချနေသော ဟက်ကာ၏ အကောင့်အား အရင်စစစ်၏။
သူ့အတွက် နောက်ကြောင်း စုံစမ်းခြင်းမှာ သိပ်တော့ မခက်ခဲလှပေ။
ဂိုဏ်းဘက်မှ အချက်အလက်များသာ အတုများ သုံးထား၍ ရှာဖွေရန် အချိန်အနည်းငယ် ပေးရ၏။
သို့သော် (၁၀) မိနစ်မျှသာ ပိုကြာခြင်း ဖြစ်သည်။
လင်းချွမ် ကွန်ပျူတာကိုဖွင့်ကာ လက်အကြောဖြေ၍ ကီးဘုတ်ပေါ်၌ စတင်လှုပ်ရှားတော့သည်။
အမူအရာမှာ စန္ဒရားနှင့်ပင် တူသေး၏။
သူ့အကြောင်း ဝေဖန်ထားသော ဘလော့ဂါ၏ အကောင့်မှတစ်ဆင့် သူနှင့် ဆက်သွယ်နေသူများကိုပါ စစ်ဆေးကြည့်လိုက်သည်။
ကျန်းလည်း လင်းချွမ်ဘေး၌ ဝင်ထိုင်ကာ လင်းချွမ်အား စိုက်ကြည့်နေ၏။
သူ့လက်ရှိပုံစံမှာ ယုံကြည်ချက်အပြည့်ဖြင့် အလွန်ကြည့်ကောင်းနေလေသည်။
စူးရှသော မျက်ဝန်းများဖြင့် ကုဒ်များ ရေးဆွဲနေပြီး မျက်တောင်တစ်ချက်မခတ်၊ နှုတ်ခမ်းများလည်း ခြောက်သွေ့လာ၏။
ထို့ကြောင့် ကျန်း လင်းချွမ်အတွက် ရေတစ်ခွက် ထခပ်ပေးပြီးနောက် ဆက်၍ကြည့်နေပြန်သည်။
နာရီဝက်အကြာ၌။
လင်းချွမ် ကျန်းခပ်ပေးထားသော ရေအား ယူသောက်လိုက်၏။
ကျန်း သူ့ကို ငေးကြည့်ကာ
“သူဌေး ဘယ်လိုဖြစ်သွားပြီလဲဟင်”
“ရသွားပြီ”
လင်းချွမ်ပြုံး၍ လှည့်ပြော၏။
”တစ်ခုခု တွေ့သွားတာလား”
လင်းချွမ် ခုံတွင်မှီထိုင်၍ ခေါင်းငြိမ့်ပြကာ
“ဟုတ်တယ်။ အဲ့လူက အရင်တစ်ခါ ကျွန်တော် ဖမ်းလိုက်တဲ့ဂိုဏ်းဆီကနေ အခိုင်းခံရတာ”
“အဲ့ဂိုဏ်းလား”
ကျန်း လန့်ဖျပ်သွားပြီး
“အဲ့တာ အန္တရာယ်ရှိနေတာ မဟုတ်ဘူးလား”
လတ်တလောတွင် လင်းချွမ်၏ဝတ္ထုကြောင့် ကျားဖြန့်ဗဟုသုတများစွာ ရှိနေကြလေပြီ။
လင်းချွမ် ခေါင်းငြိမ့်၍ ပြုံးကာ
“အဲ့တာကြောင့် ဘလော့ဂါနဲ့ သူတို့စက်ရုံကလူတွေကို လက်ဆောင်ပေးလိုက်တာပေါ့”
“ဘာလက်ဆောင်လဲ”
“အခုဘလော့ဂါနဲ့ ကျားဖြန့်ဂိုဏ်း ပတ်သက်နေကြောင်းကို ဒေသခံရဲတွေဆီ အကြောင်းကြားလိုက်တယ်လေ။ ဟိုဘက်က ကျားဖြန့်ဂိုဏ်းကိုတော့… အလံတစ်ခု ပို့လိုက်တယ်”
“ဘယ်လိုအလံလဲ”
“မပြောတတ်ဘူး”
“သူဌေး မပြောပြချင်ရင်လည်း မမေးတော့ပါဘူး”
ထို့နောက် ကျန်း ဆက်၍
“ဒါနဲ့ ကျွန်မ အဖေတို့နဲ့ ဒီည ညစာစားဖို့ ချိန်းထားတယ်နော်”
လင်းချွမ် ရေအကျန်ကို ကုန်အောင် သောက်လိုက်ပြီး ရယ်မော၍
“ဟ ဦးလေးကျန်းက မိန်းကလေး ခေါ်လာပြီပေါ့”
လွန်ခဲ့သောရက်က လင်းချွမ် လိုက်၍ အကဲဖြတ်ပေးမည်ဟု ပြောထားခဲ့ဖူးပါသည်။
“ဟုတ်ပါ့”
ကျန်း ခေါင်းငြိမ့်၍ ပြုံးကာ
“အဲ့တော့ သူဌေး လိုက်ခဲ့ပေးရမယ်နော်”
“ကောင်းပါပြီ။ ငွေကြေးတာဝန်ခံလို့ မပြောရဘူး။ အတွက်အချက် တော်လိုက်တာ”
…
ထင်သည့်အတိုင်း မကြာမီ ဘလော့ဂါအကြောင်းကို ဒေသခံရဲများ သိရှိသွား၏။
ထို့နောက် ချက်ချင်း စုံစမ်းစစ်ဆေး၍ မကြာမီ အဖမ်းခံလိုက်ရတော့၏။
အခြားတစ်ဖက် ကျားဖြန့်ဂိုဏ်းတွင်။
မနက်စောစော ရွှေဝါရောင် နေရောင်ခြည်များ ကျရောက်နေသည်။
စက်ရုံ၏ အမြင့်ဆုံးအလွှာ၌ သူဌေးပေါင်မှာ အနက်ရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့တပည့်ကို ကြည့်နေသည်။
“အခြေအနေ ဘယ်လိုလဲ”
“မင်ကတော့ အဖမ်းခံလိုက်ရပြီး စာအုပ်လည်း ဖယ်လိုက်ပါပြီ”
“ကောင်းတယ်”
သူဌေးပေါင် ဆေးလိပ်ကို လက်နှစ်ချောင်းဖြင့် ညှပ်ကာ နှုတ်ခမ်းတွင် ခဲလျက်
“နောက်တစ်ယောက်ကရော”
မီ ခဏစဉ်းစား၍
“မစ္စတာလင်း… အင်း သူကတော့ အဖမ်းမခံရသေးဘူး။ စစ်ဆေးနေတုန်း ထင်တယ်။ ဒါပေမဲ့ အွန်လိုင်းဘလော့ဂါတစ်ယောက် ငှါးပြီး အပုပ်ချပြောဆိုခိုင်းထားပါတယ်။ မကြာခင် လူတွေ ဆန့်ကျင်လာမှာပါ”
“တော်တယ်”
သူဌေးပေါင် ရှားရှားပါးပါး ပြုံးရွှင်နေသည်။
ထို့နောက် ဆေးလိပ်တစ်ရှိုက်ဖွာကာ
“အင်း ဒါနဲ့ အဲ့မစ္စတာလင်းနဲ့ ပတ်သက်တဲ့ ငါးစာကရော”
“အကုန် စီစဉ်ထားတဲ့အတိုင်းပါပဲ သူဌေး။ မီလီယံနဲ့ ချီပြီး ရနိုင်ပါတယ်”
“အမိုက်စားပဲဟေ့”
မီမှ ဆက်၍
“နောက်ပြီး သူ့ဆီကနေ မစ္စတာလင်းအကြောင်းလည်း ဆက်တိုက် စောင့်ကြည့်နေလို့ ရတယ်”
“မင်း ပိုပိုတော်လာတာပဲ”
ထိုစဉ် အပွင့်ရိုက်အင်္ကျီဖြင့် လူတစ်ဦး အပေါ်ထပ်သို့ အမောတကော ပြေးတက်လာသည်။
“သူဌေး ပြဿနာကြီး တက်ပါပြီ”
“ဘာဖြစ်တာလဲ”
“ကျွန်တော်တို့…”
ထိုလူမှာ မောလွန်း၍ စကားကို ဆက်မပြောနိုင်ပေ။
“ကျွန်တော်တို့ ကွန်ပျူတာတွေ ဗိုင်းရပ်စ် ထိသွားပြီ။ ပရောဂျက်တွေအားလုံးလည်း ပျက်စီးသွားပါတယ်”
“ပြန်ပြောစမ်း”
သူဌေးပေါင် ဆေးလိပ်မီးကို ပြာခွက်ထဲချေရင်း ဒေါသတကြီး ပြောလိုက်သည်။
ထိုလူမှာ တုန်ယင်စွာဖြင့် ပြန်ပြောလေသည်။
ထိုအခါ သူဌေးပေါင် မတ်တပ်ထရပ်၍ ပါးရိုက်ချလိုက်လေ၏။
“ငတုံးကောင်တွေ။ ဘာမှ အသုံးမကျဘူး”
ထိုလူလည်း ငိုယိုလျက်
“ဘာတွေဖြစ်သွားမှန်း မသိတော့ပါဘူး။ ကွန်ပျူတာတွေမှာ အလံနီတွေပဲ ပေါ်တော့တယ်။ ထိန်းချုပ်ခံထားရပြီ”
သူဌေးပေါင် မယုံနိုင်စွာဖြင့် ဒုတိယထပ်မှ ကွန်ပျူတာများထံ ပြေးသွားလေသည်။
သူရောက်သွားသောအခါ အမှန်ပင် ထိုကဲ့သို့ တွေ့ရလေ၏။