စနစ်ရေ တကယ်ကြီး ဒီလို လုပ်မယ်ပေါ့
Vol. 8 Ch. 118
စကူတာပေါ် စီးနင်းရင်း လေတဟူးဟူး ခံစားချက်အောင်တွင် ကျန်း လင်းချွမ်၏စကားကို သေချာမကြားလိုက်မိပေ။
“ဘာပြောလိုက်တာလဲ”
လင်းချွမ် အသံမြှင့်၍ ထပ်ပြောလိုက်သည်။
“အန်တီလင်းပုံစံက ရင်းနှီးနေတယ်လို့။ သူ့စကားလုံးတွေကနေ တစ်ခုခုကို ဆွဲဆောင်နေသလိုပဲ”
“ဆွဲဆောင်တာလား”
ကျန်း စကူတာကို ရုတ်တရက် ရပ်လိုက်၏။
လင်းချွမ်လည်း လန့်ဖျပ်သွားမိသည်။
“ကျန်း မင်း ကြားချင်တာတော့ ကြားတယ်နော်”
ကျန်း ဆိုင်ကယ်ဦးထုပ်ကိုချွတ်ကာ နှုတ်ခမ်းလေးစူ၍
“ဘေးမှာ ကားသံတွေနဲ့ ဆူညံနေလို့ပါ”
လင်းချွမ် ရယ်မောကာ
“အခုတစ်လော ဗီဒီယိုတွေ သိပ်မကြည့်တော့ဘူးလား မှတ်တယ်။ မဟုတ်ဘူးကိုး”
“ဟင်”
ကျန်း နှုတ်ခမ်းလေးကိုက်ကာ လင်းချွမ်ထံမှ အဆူခံရမည်အား စိုးရိမ်စွာဖြင့်
“တကယ် သိပ်မကြည့်ဖြစ်တော့ပါဘူး။ ကုမ္ပဏီကိစ္စတွေနဲ့၊ ရှင့်စာအုပ် ဖတ်ရတာနဲ့ ရှုပ်နေတာပဲ”
လင်းချွမ် သူ့ကိုစိုက်ကြည့်ကာ
“အေးဆေးပေါ့။ ကျန်းမာရေး ထိခိုက်နေပါဦးမယ်”
“ဟုတ်ကဲ့ပါ”
ကျန်းမှ ဆက်၍
“သူဌေး ခုနက အန်တီလျှိုအကြောင်း ဘာပြောလိုက်တာလဲ”
လင်းချွမ် ခဏပြန်စဉ်းစား၍
“သူ အန်လင်းမြို့မှာ ရှေးဟောင်းပစ္စည်း ဈေးကွက်ကြီး လုပ်ချင်တယ်ပြောတာ မှတ်မိလား”
ကျန်း ခေါင်းငြိမ့်ပြ၏။
“ပြီးတော့ ကျွန်တော်တို့ အတွေးအမြင်ဆန်းတွေကို ချီးကျူးတယ်လေ”
“အဲ့တာ ပြဿနာရှိလို့လား”
ကျန်း နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
လင်းချွမ်မှ
“သူ အဲ့လိုပြောရင်း ဦးလေးကျန်းကို လှမ်းကြည့်လ်ုက်တယ်ဆိုတော့ ကျွန်တော့်အထင် ဦးလေးကျန်းကို ကြားစေချင်တာ ဖြစ်မယ်”
ကျန်း မျက်လုံးလေးပြူးလျက်
“ဘာလို့ ကြားစေချင်တာလဲ”
“ရင်းနှီးမြှုပ်နှံဖို့လေ”
“သူ့ရှေးဟောင်းပစ္စည်း ဈေးကွက်မှာလား”
“ကျွန်တော့်အထင် မှန်ရင်ပေါ့။ နောက်ပြီး ဦးလေးကျန်းကို အဲ့ဘက်ရောက်အောင် သိမ်းသွင်းနေသလိုပဲ”
“ဟုတ်လား”
“ဦးလေးကျန်းက လေ့လာချင်တယ်လို့ ပြောတယ်လေ”
“ဟင် ဒါဆို အန်တီလျှိုက စပ်တူလုပ်အောင် ဆွဲဆောင်ပြီး လိမ်မှာလား”
“ဖြစ်နိုင်တယ်။ ဒါပေမဲ့ ခန့်မှန်းခြေပါပဲ”
“သူဌေး ကျွန်မ ဘာဆက်လုပ်ရမလဲဟင်”
“ဒီအတိုင်းပဲ စောင့်ကြည့်ပြီး ဦးလေးကျန်းကိုတော့ ပိုက်ဆံမသုံးဖို့ ပြောရမှာပေါ့။ သုံးရမယ်ဆိုလည်း အရင်တိုင်ပင်ဖို့။ သူသာ မကောင်းတဲ့အကြံ မရှိရင် မိသားစု ဖြစ်လာမှာလေ”
အခြေအနေမှာ ဆုံးဖြတ်ရန် ခက်ခဲနေသေး၍။
“ကောင်းပါပြီ။ အဖေ့ပိုက်ဆံတွေကို သေချာ စောင့်ကြည့်ထားလိုက်မယ်။ ကဲပါ။ အိမ်ပြန်ကြတာပေါ့”
“ဟုတ်ပါပြီ”
“ကျွန်မကို မကိုင်ထားဘူးလား”
ကျန်း နှုတ်ခမ်းလေးစူ၍ ပြော၏။
“အဲ့လောက်တောင် ပေါ်တင် ပြောနေပြီလား”
ကျန်း မျက်နှာလေးရဲကာ ဒေါသထွက်သည့်ပုံဖြင့်
“ကျွန်မ အရှိန်ထိန်းနိုင်မယ်လို့ အာမ,မခံဘူးနော်”
“ဒါပေမဲ့ ငါ့လက်က အရှိန်ထိန်းနိုင်ပါတယ်”
လင်းချွမ် ကျန်း၏ ခါးလေးကိုဖက်ကာ ပြောလိုက်သည်။
“ကဲ သွားပါပြီ”
…
မေလ၏ လေပြေညင်းနှင့်အတူ အချိန်များလည်း တိတ်ဆိတ်မြန်ဆန်စွာ ကုန်ဆုံးသွား၏။
လင်းချွမ်နှင့် ကျန်းတို့ အလုပ်ထဲတွင်သာ အာရုံစိုက်ထားကြလေသည်။ ကျန်း၏ အလုပ်မှာ လင်းချွမ်ဖြစ်၍ လင်းချွမ်ကို အာရုံစိုက်ထားသည်။
နည်းပညာကုမ္ပဏီ (၇၂၀) မှာလည်း ကျန်း၏ စီမံခန့်ခွဲမှုဖြင့် ကောင်းစွာ လည်ပတ်နေ၏။
လီချင်းတစ်ယောက် လင်းချွမ်၏ လမ်းညွှန် သင်ကြားပေးမှုများကြောင့် ကိစ္စကြီးအချို့ကိုပင် ကိုယ်တိုင် ဖြေရှင်းနိုင်နေလေပြီ။
လင်းချွမ်၏ ကျားဖြန့်တိုက်ဖျက်ရေး ဆော့ဖ်ဝဲလ်မှာလည်း ကျင်းထန်နှင့် ကြေးနီနံရံစသော ကုမ္ပဏီများ၏ ပံ့ပိုးမှုဖြင့် မေလ (၂၁) ရက်တွင် အပြီးသတ်နိုင်ခဲ့လေသည်။
ဤသို့ဖြင့် မေလ (၂၃) ရက်နေ့၌ လူထုရှေ့သို့ စတင်ရောက်လာ၏။
ထိုဆော့ဖ်ဝဲလ်ထည့်ထားခြင်းဖြင့် တော်ရုံ လိမ်လည်နာည်းများ မထိုးဖောက်နိုင်တော့ပေ။ ဝင်လာခဲ့လျှင်လည်း မှတ်တမ်းများ ယူထားပြီး ဖြစ်၏။
နောက်ပိုင်းကိစ္စမှာတော့ အန်လင်းရဲစခန်းမှ တာဝန်ဖြစ်ပြီး လင်းချွမ်နှင့် မဆိုင်တော့ပေ။
မေလ (၂၆) ရက်။
သတင်းကောင်းများ ရောက်ရှိနေ၏။
[စာအုပ် : “လှည့်စားခြင်း]
[အခြေအနေ : အပိုင်းဆက်များ ထုတ်ဝေဆဲ]
[အောင်မြင်မှုစံနှုန်း: ၁၀,၀၀၆/ ၁၀,၀၀၀]
စနစ်၏စံနှုန်း ပြည့်မီသွားလေပြီ။
ပျော်ရွှင်ခြင်းရပ်ကွက် ညအချိန်တွင် ခွေးဟောင်သံအချို့မှလွဲ၍ အရာအားလုံး တိတ်ဆိတ်နေသည်။
ထိုစဉ် လင်းချွမ်နားထဲ၌ စနစ်၏အသံကို ကြားလိုက်ရ၏။
[ဝတ္ထုအောင်မြင်သည့်အတွက် ဂုဏ်ယူပါသည်။ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ပါပြီ]
[အတွေ့အကြုံအသစ်ကို ယခု ခံစားမည်လား]
လင်းချွမ် ရင်ထဲ ဒိန်းခနဲ ခုန်သွား၏။
လာပြန်ပြီ ဘဝအသစ်။
“ဒီတစ်ခါတော့ တရားခံဖြစ်အောင် ထပ်မလုပ်နဲ့တော့ကွာ။ ကျပန်းပေးနေတာဆိုတော့ ဒီလောက်ဆို တော်သင့်ပါပြီ”
လင်းချွမ် ယုံကြည်ချက်တော့ အနည်းငယ်ရှိနေသည်။
မည်သို့ပင်ဖြစ်စေ သူ ရရှိခဲ့သော အတွေ့အကြုံများဖြင့် လုပ်ငန်းများ စတင်ကာ အောင်မြင်နေလေပြီ။
“အဆင့်မြင့် စီးပွါးရေးအရည်အချင်းလေး ပေးလိုက်စမ်းပါ”
လင်းချွမ် တစ်ယောက်တည်း ရေရွတ်မိ၏။
[ဂုဏ်ယူပါသည်။ ယခုရရှိသော အလုပ်အကိုင်မှာ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ ဖြစ်ပါသည်]
“မဆိုးဘူးပဲ”
နေပါဦး။
ဒါလည်း လိမ်ပြီး ရောင်းရမှာမလား။
စနစ်ရေ ဒီလိုပဲ လုပ်နေတော့မှာလား။
အလုပ်ကောင်းလေး ပေးဦးလေ။
[လက်ရှိတွင် သင့်နိုင်ငံ၌ ရှေးဟောင်းပစ္စည်း ဈေးကွက်နှင့် ပတ်သက်သော ဥပဒေ မများသေးပါ။ စိတ်မပူပါနဲ့]
လင်းချွမ် လွယ်လွယ် အရူးလုပ်မခံတော့ပေ။
အတုများ ရောင်းဝယ်ခြင်းမှာ ရှင်းမရသော အမှုကြီး ဖြစ်၏။
သူ သက်ပြင်းချလိုက်မိသည်။
စိတ်ပျက်စရာ ကောင်းလိုက်တာ။