ပုံရိပ်ယောင်လောက ရှိနေသည်ဟု မပြောနိုင်ပေ
Vol. 8 Ch. 120
အငှါးတိုက်ခန်းထဲ၌။
နွေးထွေးသော နေရောင်ခြည်မှာ နူးညံ့စွာ ကျရောက်လျက် ရှိ၏။
ကျန်းရှင်းရှင်း လင်းချွမ်ကိုကြည့်ကာ ခေါင်းငြိမ့်ပြ၍
“ဟုတ်တယ်။ အန်တီလျှို ပေးတာလေ။ ယွမ် သိန်းချီပြီး တန်တယ်ဆိုလို့”
“ခဏနေဦး”
လင်းချွမ် ချက်ချင်း ထ၍ မျက်နှာသစ်ပြီးနောက် ကျန်းလက်ထဲမှ လက်ကောက်အား ယူကြည့်လိုက်သည်။
လက်ကောက်တွင် ပတ္တမြား (၁၆) ပွင့် ပါဝင်လေသည်။
တစ်ပွင့်စီတိုင်းမှာ သွေးကဲ့သို့ရဲနေပြီး မျက်နှာပြင်သည် လုံးဝန်းပြောင်ချော၏။ ထို့ကြောင့် ကိုင်လိုက်သည်နှင့် နူးညံ့မှုကို ခံစားရပြီး နှစ်ပေါင်းများစွာ အသွေးကျထားပုံ ရသည်။
လင်းချွမ် ပြတင်းပေါက်နား ယူလာပြီး နေရောင်ဖြင့် ယှဉ်ကြည့်လိုက်သည်။
ထိုအခါ ကျောက်ထဲမှ အနီရောင်အသွေးများ မီးလျှံကဲ့သို့ ခုန်ပေါက်နေသောအသွင်ကို တွေ့ရလေသည်။
“သူဌေးက ကျောက်မျက်ရော ကြည့်တတ်တာလား”
ကျန်း သူ့ကိုလှမ်းကြည့်ရင်း နားမလည်နိုင်သလို ကြည့်နေ၏။
လင်းချွမ် ကျန်း၏ မျှော်လင့်တကြီးမျက်နှာလေးကို ပြုံးကြည့်၍
“နည်းနည်းပေါ့”
“ကောင်းလိုက်တာ”
ကျန်း ပြုံးရွှင်နေမိသည်။
သူ မနေ့ညက အတွေ့အကြုံကြောင့်သာ ယခုလို အဆင်ပြေပြေ သိနေခြင်း ဖြစ်လေသည်။ မဟုတ်လျှင် ကျန်းတစ်ယောက်…
“အတုကြီး”
လင်းချွမ် သေချာအောင် ထပ်ကြည့်ပြီးမှ ပြောလိုက်သည်။
“အတုကြီးလား”
ကျန်း မျက်မှောင်ကြုတ်လျက် အံ့ဩနေ၏။
အမှန်တော့ လင်းချွမ် တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း သိလိုက်သော်လည်း တစ်ဖက်လူမှာ ဦးလေးကျန်း ချစ်သူ ဖြစ်နေသောကြောင့် သေချာအောင် ဂရုစိုက်ကြည့်ပေးခြင်း ဖြစ်သည်။
ရှေးဟောင်းပစ္စည်းများနှင့် ပတ်သက်လျှင် လင်းချွမ်အတွက် မခက်ခဲလှပေ။
“သူဌေးက ဘယ်လိုသိလဲ”
လင်းချွမ် ကျောက်ပုံစံကို လက်ညှိုးထိုးပြ၍
“ဒီမှာကြည့်လေ”
“ကျွန်မမှ မသိတာ။ သေချာပြောပြပေးလေ”
“ဒီလက်ကောက် ခတ်ထားပုံက အရမ်းသေသပ်တယ်။ တောင်ပိုင်းပတ္တမြားလက်ကောက်ရဲ့ အတုပဲ။ ဒါပေမဲ့ ဒီထောင့်လေးတွေ လဲ့နေတာကိုကြည့်ရင် သိနိုင်တယ်”
ကျန်း လင်းချွမ်အား ငေးကြည့်နေမိ၏။
“ဘာလို့ ကျွန်တော့်ကို ကြည့်နေတာလဲ။ ဒီမှာကြည့်လေ”
“အင်း ဆက်ပြောလေ။ နားထောင်နေတယ်”
လင်းချွမ် သူ့ခေါင်းလေးကို ပုတ်၍
“အရောင်အဆင်းရော၊ ဒီဇိုင်းအရရော အတုတွေထဲမှာ အကောင်းဆုံးပဲ။ ဒါပေမဲ့ ကျောက်ပုံစံမှာ သိသာနေတယ်။ ဒီမှာကြည့်”
ကျန်း လင်းချွမ် လက်ညှိုးထိုးရာသို့ လိုက်ကြည့်၏။
“အစစ်က မီးလျှံလို ဆွဲဆောင်မှုရှိရှိ တောက်ပနေရမှာ။ ဒါပေမဲ့ ဒီအတုမှာ အဲ့လောက်နဲ့ မလုံလောက်သေးဘူး”
ကျန်း လက်ကောက်ကို ပြန်ယူကာ သေချာကြည့်နေသည်။
“ကျန်း ဒါနဲ့ ဝယ်ချင်တာက ဘယ်သူလဲ”
အမှန်တော့ မနေ့က ကုမ္ပဏီကို ကိစ္စရှိ၍ လာသွားသူမှ စိတ်ဝင်စားကာ စတင်ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျန်း စိတ်ထဲအရမ်းမထားဘဲ နေခဲ့၏။
ဒီမနက်မှ ဈေးကြီးပေးဝယ်မည့်အကြောင်း စာထပ်ပို့လာလေသည်။
ထို့ကြောင့် အခြေအနေမှာ ထူးဆန်းကာ လင်းချွမ်ထံ ပြေးလာခဲ့လေသည်။
“သူက ဘယ်လောက်ပေးမယ်တဲ့လဲ”
လင်းချွမ်ပြုံး၍ မေးလိုက်၏။
ကျန်း လက်ညှိုးလေးတစ်ချောင်း ထောင်ပြ၍
“(၁) သိန်းတဲ့”
လင်းချွမ် ခေါက်ဆွဲစားလက်စ ရပ်သွား၏။
“စိတ်ဝင်စားစရာပဲ”
“သူဌေး ဘာကိုဆိုလိုတာလဲ”
လင်းချွမ်ပြုံး၍
“ရှေးဟောင်းပစ္စည်း လိမ်လည်ရောင်းဝယ်တယ်ဆိုတာ ကြားဖူးလား”
ကျန်း ခေါင်းယမ်းပြ၏။
သူ ကျောင်းနှင့် အလုပ်ကြားတွင် ရှုပ်နေသောကြောင့် ထိုအကြောင်းများ နားမလည်ချေ။
“မင်းတော့ အဲ့လိုအလိမ်နဲ့ ကြုံနေပြီထင်တယ်”
သူ အခြေအနေကို တစ်ခါတည်း ရှင်းပြလိုက်သည်။
ရှေးဟောင်းပစ္စည်း ဈေးကွက်မှာ အလွန် အမြတ်များသောကြောင့် ထိုသို့ လိမ်လည်မှုမှာ ခေတ်စားလာပါသည်။
“အဲ့တော့ ကျန်း နားလည်ပြီလား”
“သိပြီ”
ထို့နောက် သက်ပြင်းချ၍
“အဲ့တာဆို အန်တီလျှိုက အကွက်ချပြီး လိမ်တာပေါ့”
“ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပစ်မှတ်က မင်းတော့ မဟုတ်ဘူး။ ဦးလေးကျန်း”
လင်းချွမ် ဖြစ်နိုင်ချေများကို သေချာ ရှင်းပြလေသည်။
အမှန်တော့ လင်းချွမ် အန်တီလျှိုအား စတွေ့တည်းက မသင်္ကာခြင်းဖြစ်ပြီး မသေချာသောကြောင့် စောင့်နေရလေသည်။
နောက်ဆုံး ယခုတော့ ရှေးဟောင်းပစ္စည်းများ အကြောင်းလည်း နားလည်လာကာ လိမ်လည်ခြင်းကို မိလေပြီ။
ထိုအခြေအနေနှင့် မရင်းနှီးသော ဦးလေးကျန်းကဲ့သို့ လူကြီးများကိုတော့ ပစ်မှတ်ထားလေ့ ရှိသည်။
“အဲ့တာဆို ဘယ်လိုလုပ်ကြမလဲဟင်။ အဖေ့ကို တိုက်ရိုက်ပြောရမလား”
“ဒီတိုင်းတော့ သူ ယုံမှာ မဟုတ်ဘူး။ သက်သေ အရင် စုတာပေါ့”
သက်သေမပါဘဲ ပြောမိပါက ရန်တိုက်ပေးသလို ဖြစ်ကာ အခြေအနေ ပိုဆိုးသွားနိုင်သည်။
“ဒီမိန်းမက အဖေ့ကိုများ လိမ်ချင်တယ်ပေါ့”
သူ့မျက်နှာလှလှလေးမှာ ဒေါသကြောင့် ရဲတက်လာ၏။
လင်းချွမ် ခေါင်းလေးလှမ်းပုတ်၍
“စိတ်လျှော့ပါကွယ်”
“အခု ဘာဆက်လုပ်ရမလဲလို့”
“သေချာပေါက် ရောင်းရမှာပေါ့”
လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။
“ဟင်။ အတုကြီးဆို။ တကယ်ဝယ်မှာတဲ့လား”
“သူတို့ လိမ်ချင်တာဆိုရင်တော့ တကယ် ဝယ်မှာပေါ့”
“အခုက သက်သေလည်း မပြနိုင်သေးဘူးလေ ဦးလေးကျန်းကို”
“ရောင်းပြီးရင်ရော ဘာဆက်လုပ်ကြမလဲ”
လင်းချွမ်ပြုံး၍
“တွေးထားတဲ့အတိုင်းဆိုရင်တော့ ရောင်းပြီးရင် လျှိချင်းက မင်းနဲ့ ဦးလေးကျန်းကို ရှေးဟောင်းပစ္စည်းတွေ လိုက်ကြည့်ဖို့ ဖိတ်လိမ့်မယ်”
“ဟွန့် စုန်းမကြီး”
ကျန်း နှုတ်ခမ်းလေးစူ၍ ဒေါသတကြီး ပြောသည်။
“မစိုးရိမ်ပါနဲ့။ ကျွန်တော် လက်စားချေနိုင်အောင် ကူညီပေးပါ့မယ်”
ကျန်းလည်း လင်းချွမ်အား အားကိုးတကြီး ငေးကြည့်နေမိသည်။
“ရှင်က ဘယ်လိုလုပ် အကုန်သိနေတာလဲဟင်”
“အင်း… ဉာဏ်ကြီးရှင်ဆိုတာ အဲ့လိုပဲနဲ့ တူပါတယ်”
လင်းချွမ်လည်း များများ မရှင်းပြတတ်ပေ။
ပုံရိပ်ယောင်လောက ရှိနေသည်ဟုတော့ မပြောနိုင်ချေ