ငါးစာဟပ်ခြင်း
Vol. 9 Ch. 121
မကြာမီ လင်းချွမ်၏ ညွှန်ကြားချက်အတိုင်း ကျန်းမှ ထိုဝယ်သူနှင့် စားသောက်ဆိုင်တစ်ခုတွင် ချိန်းလိုက်သည်။
မနက်ခင်း (၉) နာရီခန့် ရှိနေပြီဖြစ်ပြီး နေရောင်ခြည် နွေးနွေးနှင့် လေပြေအေးအေးတို့ကြောင့် စိတ်ကို လန်းဆန်းစေလေသည်။
ထို့နောက် နှစ်ဦးသား စကူတာလေးဖြင့် ဆိုင်ရှိရာသို့ ထွက်လာခဲ့ကြသည်။
ယွီမင် စားသောက်ဆိုင်။
ဆိုင်လေးမှာ လူရှင်းပြီး အေးချမ်းလှသည်။
အရှေ့တွင် အပင်လေးများ စိုက်ထားသည်ကြောင့်လည်း ခေတ်မီသလိုဖြင့် ရိုးရှင်းလေသည်။
ထို့နောက် ကျန်း စကူတာပေါ်မှ ဆင်းလိုက်ပြီး လင်းချွမ်လက်ကိုဆွဲ၍ ဆိုင်ထဲ ဝင်လာလိုက်၏။
သူတို့ကိုတွေ့သည်နှင့် ဆိုင်ထဲမှ ရိုးရာဝတ်စုံဖြင့် မိန်းကလေးတစ်ဦး ထွက်လာပြီး ထိုင်ရန်နေရာ လိုက်ပြပေးသည်။
ထိုစဉ် ကျန်းမှ လင်းချွမ် နားအနားကပ်၍
“သူဌေး တရုတ်ရိုးရာဝတ်စုံ ကြိုက်လားဟင်”
လင်းချွမ် အံ့ဩသလိုကြည့်လျက်
“အလုပ်ကိစ္စပဲ အာရုံစိုက်စမ်းပါ”
“ဟုတ်ကဲ့ပါ”
ကျန်းရှင်းရှင်း ရယ်မော၍ ပြန်ဖြေလေသည်။
ဒေါက် ဒေါက် ဒေါက်။
ဝန်ထမ်းလေးမှ အခန်းတံခါးခေါက်၍ လင်းချွမ်တို့ ရောက်လာကြောင်း အကြောင်းကြားလိုက်၏။
“ဝင်ခဲ့ပါ”
အခန်းထဲမှ အသံခပ်တိုးတိုး ထွက်လာ၏။
ထို့နောက် လင်းချွမ်တို့လည်း အခန်းထဲ ဝင်သွားကာ နှုတ်ဆက်လိုက်လေသည်။
“ဥက္ကဋ္ဌလီ”
ထိုလူမှ မတ်တပ်ထရပ်ကာ နွေးနွေးထွေးထွေး ပြန်ကြိုဆိုလေ၏။
လည်ပင်းတွင် ကျောက်စိမ်းဆွဲကြိုးနှင့် လက်၌ ခြင်္သေ့ခေါင်း လက်ကောက်သို့ ဝတ်ဆင်ထားသည်ကို ကြည့်ရုံဖြင့် ရှေးဟောင်းပစ္စည်း စိတ်ဝင်စားသူ ပီသလှ၏။
သို့သော် အရည်အသွေးများမှာတော့ မကောင်းလှပေ။
ထို့နောက်အခန်းထဲမှ အခြားပန်းချီနှင့် ဆောင်ပုဒ်များကိုပါ ကြည့်မိ၏။
လင်းချွမ်၏ အရည်အချင်းအရ ပစ္စည်းများကို ကြည့်ရုံနှင့် သိနေလေသည်။
ဥက္ကဋ္ဌလီမှ ပြုံး၍
“ဘာသောက်မလဲဗျ”
“လက်ဖက်ရည်ကြမ်းပဲ ပေးပါ”
ထိုအခါ ဥက္ကဋ္ဌလီ ရေနွေးကြမ်းငှဲ့ပေးရင်း သူ့ရှေးဟောင်းပစ္စည်းများအကြောင်းပါ ရှင်းပြနေသည်။
ထိုစဉ် ကျန်းလက်မှ လက်ကောက်ကို လှမ်းကြည့်၍
“မိန်းကလေးကျန်းရယ် လက်ကောက်ကကြည့်လေ ဆွဲဆောင်မှုရှိလေပဲ။ အနီးကပ် ယူကြည့်လို့ရမလားဟင်”
ကျန်း လင်းချွမ်အား တစ်ချက်ကြည့်ပြီးမှ လက်ကောက်ကို ချွတ်ပေးလိုက်သည်။
ဥက္ကဋ္ဌလီမှာ အဖိုးတန်ရတနာကဲ့သို့ ညင်သာစွာ ကိုင်၍ ဖြည်းဖြည်းချင်း ကြည့်နေသည်။
လင်းချွမ်ကတော့ သူ့အမူအရာကိုကြည့်ရင်း ပျော်ရွှင်ကြည်နူးစိတ်ကို မနည်းထိန်းနေရသည်။
သို့သော် ဥက္ကဋ္ဌလီအတွက်တော့ လင်းချွမ်နှင့် ကျန်းမှာ ရှေးဟောင်းပစ္စည်းအကြောင်း လုံးဝ နားမလည်သော အပြင်လူများ ဖြစ်လေသည်။
ထို့ကြောင့် အမူအရာအပြည့်ဖြင့် လွတ်လပ်စွာ သရုပ်ဆောင်နေ၏။
ထို့နောက် ကျန်းအား လေးနက်စွာကြည့်၍
“မိန်းကလေးကျန်း ဒီလက်ကောက်ကလေ အနည်းဆုံးတော့ နှစ် (၁၀၀) လောက် ရှိနေပြီ။ ကြည့်လေ ကြိုက်လေ ဖြစ်နေတယ်ဗျာ။ တကယ် လှလွန်းတယ်။ ပြန်ရောင်းပေးနိုင်မလားဟင်”
ကျန်း သူ့ကို အားတုံ့အားနာပုံစံကြည့်၍
“ဥက္ကဋ္ဌလီရယ် ဒါက မိတ်ဆွေတစ်ယောက်ဆီက လက်ဆောင်ရထားတာ။ ရှင်ပြောသလို အဲ့လောက် တန်ဖိုးကြီးတာလား”
လီ လက်ဖက်ရည်တစ်ငုံသောက်၍ ကျောက်မျက်အား လက်ညှိုးထိုးပြကာ
“မိန်းကလေးကျန်းက ပတ္တမြားအကြောင်း သေချာ မသိလို့။ ကျွန်တော်ပြောပြမယ်။ ဒီမှာကြည့်။ သူ့အသွေးက နွေးထွေးပြီး ရာစုနှစ်တစ်ခုလုံး တောက်ပနေတာ”
“ဒါနဲ့ ဘယ်လောက်တောင် တန်တာလဲဟင်”
လင်းချွမ် ပြုံး၍ ဝင်ပြောလိုက်၏။
သူ ယခုပွဲကို ကြွားရန်မဟုတ်ဘဲ သရုပ်ဆောင်ရန်သာ ရောက်နေခြင်း ဖြစ်သည်။
ထို့ကြောင့် အလိုက်သင့် ဟန်ဆောင်နေ၏။
“ကျွန်တော် မလိမ်ချင်ပါဘူးဗျာ။ မိန်းကလေးကျန်းသာ သဘောတူရင် ပေါက်ဈေးအတိုင်း ယွမ် တစ်သိန်းနဲ့ ဝယ်ပါ့မယ်”
ကျန်း အံ့ဩသွားသည့်အမူအရာဖြင်ဘ
“ဒီလက်ကောက်က အဲ့လောက်တန်မယ်လို့ ကျွန်မကတော့ အာမ,မခံရဲဘူးနော်။ ပညာရှင် ခေါ်ပြမှ ထင်တယ်”
“မိန်းကလေးကျန်းရယ် ကျွန်တော် အန်လင်းရှေးဟောင်းပစ္စည်းဈေးကွက်မှာ ကျင်လည်နေတာ ဆယ်စုနှစ်အများကြီး ရှိနေပြီ။ တစ်ချက်ကြည့်ရုံနဲ့ သိပါတယ်”
“အဲ့တာက…”
ကျန်း တွေဝေသလို လုပ်နေ၍ လင်းချွမ် စိတ်ထဲမှ အော်စကာပေးချင်စိတ်ပင် ပေါက်လာသည်။
ထိုစဉ် ဥက္ကဋ္ဌကျန်းက
“မိန်းကလေးကျန်း အမှန်အတိုင်း ပြောရရင် ကျွန်တော့်မိန်းမကို ဝယ်ပေးချင်လို့ပါ။ နှစ်တွေ အကြာကြီး ပင်ပန်းခဲ့ပေမဲ့ သူ့ကို ထူးထူးခြားခြား မပေးခဲ့ဖူးဘူး။ အခု သူ့မွေးနေ့လည်း နီးပြီဆိုတော့…”
ကျန်း မတတ်သာသည့်ပုံဖြင့် လင်းချွမ်အား လှမ်းကြည့်သည်။
ဤသို့ဖြင့် အရောင်းအဝယ် အောင်မြင်သွားတော့၏။
…
ဆိုင်ထဲမှ ထွက်လာသောအခါ ကျန်း ပျော်မြူးစွာဖြင့်
“သူဌေး ရှေးဟောင်းပစ္စည်းနဲ့ ပိုက်ဆံရှာရတာ အဲ့လောက် ရတာလား”
လင်းချွမ် ရယ်မော၍
“ဒီလောက,က အန္တရာယ်တော့ များတာပေါ့။ အတုမိရင် ဆုံးရှုံးသလို အစစ်ဆိုရင်လည်း တကယ် အများကြီး ရနိုင်တယ်”
“ကျွန်မတို့ ဒီလိုရောင်းလိုက်တာ ပြစ်မှုမြောက်နေမလား”
“မမြောက်ပါဘူးကွ”
“အစစ်လိုမျိုး ရောင်းလိုက်တယ်လေ”
“ဒါပေမဲ့ ငါတို့က နားမလည်ပါဘူးလို့ ပြောထားသားပဲ။ သူဝယ်တာ သူ့ဒုက္ခပေါ့”
ထိုနည်းလမ်းဖြင့် သူတို့ကို အမှုမပတ်နိုင်တော့ပါ။
“ဒါဆို နောက်ပိုင်း ဘာဆက်လုပ်ရမလဲ”
ကျန်း လင်းချွမ် လက်မောင်းကိုဖက်ကာ မေးလိုက်သည်။
လင်းချွမ်လန့်၍ လက်မောင်းအား ပြန်ဆွဲထုတ်ရန် ကြိုးစားသော်လည်း ကျန်းမှ တင်းကြပ်စွာ ဖက်ထား၍ လွှတ်ထားရတော့၏။
“အခုတော့ လျှိုချင်း လာဖိတ်တာကိုပဲ စောင့်ရုံပေါ့”
“အဲ့နေ့ လိုက်ခဲ့ပေးဦးနော်”
ကျန်း သူ့လက်မောင်းကိုတွဲထားရင်း ယမ်း၍ ခပ်ချွဲချွဲလေး ပြောလိုက်သည်။
“မလိုက်ရင် ကျွန်တော့် ငွေကြေးတာဝန်ခံနဲ့ အိမ်ရှင်တို့ အလိမ်ခံရမှာကို ကြည့်နေရမှာပေါ့”
“သူဌေးလင်းက အရမ်းတော်တာပဲ”
ကျန်း ရယ်မော၍ ပြောလိုက်၏။
…
နေ့လယ် (၂) နာရီ။
ချင်းရှုနယ်၊ ရိုးရာဝတ်စုံဆိုင်၌။
ကျန်း ရိုးရာဝတ်စုံ အပြာ၊ အဖြူစပ်လေးဝတ်၍ မှန်ရှေ့တွင် ရပ်ကာ
“သူဌေးလင်း ကြည့်ကောင်းရဲ့လား”
ဝတ်စုံမှာ ကိုယ်ကြပ်ဖြစ်၍ ကောက်ကြောင်းများ လှပစွာ ပေါ်လွင်နေသည်။
ပြောရလျှင် အနည်းငယ်ဆိုဒ်သေးနေ၍ ဖြစ်၏။
“ကိုယ်တိုင်းနဲ့ ချုပ်ပေးတဲ့ဆိုင် သွားပါလား”
“ဒါဆို လိုက်ခဲ့ရမှာနော်”
ကျန်းပြုံး၍ ပြန်ပြောလေသည်။
တီ တီ တီ—
ထိုစဉ် ဖုန်းမြည်လာပြီး ကျန်း ဖုန်းကိုင်လိုက်သောအခါ ဦးလေးကျန်း ဖြစ်လေသည်။
“သမီးနဲ့ လင်းချွမ်တို့ အချိန်ရလား”
“အခုကတော့ ဈေးဝယ်ထွက်နေကြတာ”
“ဘယ်နားမှာလဲ”
“ချင်းရှုထဲမှာ။ ဘာလို့လဲ”
“အရှေ့လမ်းဘက်ကို လာခဲ့ပါလား။ အန်တီလျှိုက လက်ဆောင်ရွေရပေးချင်လို့တဲ့”
“လက်ဆောင်လား”
ထိုစဉ် လျှိုချင်းမှ ဖုန်းကိုလှမ်းယူ၍ ဝင်ပြောလေသည်။
“အရင်တစ်ခါလက်ဆောင်က အရမ်းပေါ့ပေါ့ပါးပါး ဖြစ်သွားလို့လေ။ ကောင်းတာလေး ထပ်ရွေးပေးချင်လို့”
လင်းချွမ် ဘေးမှ ခေါင်းငြိမ့်ပြ၏။
“အရင်တစ်ခါပေးတာကလည်း တန်ဖိုးကြီးနေပါပြီ။ ထပ်မပေးပါနဲ့ အားနာလို့”
“အစ်ကိုကျန်းမှာ ဒီသမီးလေးတစ်ယောက်ပဲ ရှိတာ။ အန်တီလျှိုလည်း ဝိုင်းချစ်ရမှာပေါ့။ မဝယ်ချင်လည်း ဒီတိုင်း လာကြည့်ကြည့်လိုက်လေ။ လင်းကိုပါ ခေါ်ခဲ့”
“ဟုတ်ကဲ့ပါ။ ကျွန်မတို့ အခုလာခဲ့လိုက်ပါမယ်”
“ကောင်းပါပြီ အန်တီလျှို စောင့်နေမယ်နော်”
ထို့နောက် ဖုန်းချလိုက်ကြသည်။
ကျန်း လင်းချွမ်ကိုကြည့်၍
“ဒီအတိုင်းဆို မှန်နေပြီထင်တယ်”
လင်းချွမ် ပြုံး၍
“မစိုးရိမ်ပါနဲ့။ ကျွန်တော်လည်း သူ့ကိုပြန်အကွက်ဆင်ဖို့ ပြင်ထားပြီးသား။ အဲ့တော့ နောက်ဆုံး ဘယ်သူ ငါးစာဟပ်မလဲ ကြည့်ကြသေးတာပေါ့”
သူ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။