ပြန်လည် ပြင်ဆင်ခြင်း
Vol. 9 Ch. 124
“လင်း အဲ့တာ ဘယ်လောက်လဲ”
လျှိုချင်းပြုံး၍ ပြောလိုက်သည်။
“(၁၂၀၀) လေ”
“လင်းရယ် အမှန်အတိုင်းပဲ ပြောမယ်နော်။ ဒါအကုန်လုံးရဲ့ လက်ကားဈေးက (၁၂) ယွမ်လောက်ပဲ ရှိတာ။ ပစ္စည်းကောင်းလိုချင်ရင် အန်တီလျှိုဆီက အများကြီး သင်ရဦးမယ်”
လျှိုချင်း ပြုံး၍ ပြောလိုက်သည်။
လင်းချွမ်တစ်ယောက် အခြားနယ်ပယ်များတွင် ထူးချွန်လျှင်ပင် ရှေးဟောင်းပစ္စည်း ဈေးကွက်၌တော့ မယှဉ်နိုင်လောက်ပါ။
ထိုနယ်ပယ်တွင် သေချာပေါက် ငတုံးတစ်ယောက် ဖြစ်သည်။
သူကတော့ တစ်မိုင်အကွာမှ ကြည့်လျှင်ပင် အတုအစစ် ခွဲနိုင်လေသည်။
“ဒါတွေရော”
လင်းချွမ် အခြားဝယ်လာသော ပစ္စည်းများ ဖြစ်သည့်
ရွှမ်တီမီးဖို၊ မင်မင်းဆက် အပြာအဖြူစပ် ကြွေထည်၊ ဖုန်ထျန်းအကြွေစေ့များကို ထုတ်ပြ၏။ ထိုအခါ လျှိုချင်း သေချာပင် မကြည့်ဘဲ တစ်ချက် လှမ်းကြည့်ပြီးနောက် လက်ယမ်းကာ အခိုင်အမာ ပြောလိုက်သည်။
အတုတွေချည်းပဲ။
လင်းချွမ် ထိုစကားကြောင့် အလိမ်ခံရ၍ မကျေမနပ် ဖြစ်သွားပုံကို လျှိုချင်း သေချာတွေ့လိုက်ရသည်။
ထို့နောက် လျှိုချင်း ပြန်ချော့၍ မကြာမီ (၄) ယောက်သား (၂) တွဲစီခွဲ၍ အိမ်ပြန်ခဲ့ကြသည်။
(၄) ယောက်လုံး ကိုယ့်အကြံနှင့်ကိုယ် ကျေနပ်စွာ ပြုံးရွှင်နေကြလေ၏။
ဦးလေးကျန်းအတွက် ညှိနှိုင်းရေး အဆင်ပြေသွားသည်။
လျှိုချင်းသည် လင်းချွမ်၏ တုံးအမှုကို မြင်ပြီး လင်းချွမ်တို့မှာလည်း ဟန်ဆောင်ခြင်း အောင်မြင်သွားကြသည်။
အားလုံး အပျော်များ ပျံ့နှံ့နေလေ၏။
ထို့နောက် လင်းချွမ် စကူတာအနောက်တွင် ကျန်းအား ဖက်ရင်း ပျော်ရွှင်ခြင်းရပ်ကွက်မှ အိမ်သို့ ပြန်လာကြသည်။
ကျန်းလည်း အရှေ့မှ ကျေနပ်စွာဖြင့် သီချင်းလေး ညည်းရင်း ပါလာ၏။
အချိန်မှာ ညနေစောင်းနေပြီး နေဝင်ချိန် အလင်းရောင်သည် စူးရှတောက်ပစွာဖြင့် ကျောက်ခင်းလမ်းများအပေါ် ကျရောက်နေသည်။ အိမ်များ၏ မှန်မှ နေရောင်ခြည် ရောင်ပြန်ဟပ်သောအခါ နွေးထွေးမှုကို ခံစားရပြီး ညနေခင်း လေပြေကြောင့် အေးမြမှုကိုပါ တစ်ပါတည်း ကြုံတွေ့နိုင်၏။
လင်းချွမ် တိုက်ခန်းတွင်။
“သူဌေး ဒီနေ့ ကျွန်မကို ရှင်းရှင်းလို့ ခေါ်လိုက်တာ အရမ်း နားထောင်ကောင်းတာပဲ”
ကျန်းမှ စားပွဲခုံအား ခေါက်၍ လင်းချွမ်အား စိုက်ကြည့်ရင်း ပြောလေသည်။
“အာ ကျွန်တော်ကတော့ ကျန်းလို့ ခေါ်တာပဲ အဆင်ပြေပါတယ်”
လင်းချွမ် သူဝယ်လာသော ပစ္စည်းများအား စားပွဲပေါ် ချရင်း ပြောလိုက်သည်။
ကျန်း နှုတ်ခမ်းလေးစူ၍
“အဲ့လိုကြီး မဟုတ်ဘဲ တခြားစကားလုံး ပြောလို့ မရဘူးလား”
“ဘာစကားလုံးလဲ”
လင်းချွမ် အကြွေစေ့များအား အာရုံစိုက်ရင်း မေးလိုက်၏။
“မိန်းမနဲ့”
ကျန်း ပြုံး၍ပြောလိုက်သည်။
“မိန်းမလေး ကျန်းလား”
လင်းချွမ် မှင်တက်လျက် ကျန်းဘက်သို့ လှည့်ကြည့်ကာ
“ကျွန်တော် ညစာတော့ မစားရသေးဘူး။ အတူတူ စားကြမလား”
“မေးစရာ လိုသေးလို့လား”
လင်းချွမ် ရယ်မောကာ ကျန်းနဖူးလေးအား ခပ်ဖွဖွ တောက်၍
“ဒီအကြွေစေ့ကို တင်တောင်းလက်ဆောင်အဖြစ် ယူလိုက်နော်”
“အဲ့လိုတွေ မလိုပါဘူး”
ကျန်း ရှက်ရွံ့စွာဖြင့် မျက်နှာလေးရဲကာ ပြန်ဖြေသည်။
“ဒီအကြွေစေ့ကို အထင်မသေးနဲ့နော်။ သန်း (၄၀) လောက် တန်တယ်”
လင်းချွမ် ရယ်မော၍ ပြောလေသည်။
“အဲ့တာ အတုကြီးမဟုတ်ဘူးလား။ ဘယ်လိုလုပ် အဲ့လောက် တန်တာလဲ”
ကျန်း အံ့ဩစွာဖြင့် မေးလိုက်၏။
ဒင်္ဂါးပြားအလယ်တွင်တော့ ဘုရင်တစ်ပါးပုံ ထွင်းထားသည်။ အနားပတ်လည်၌ ဖုန်ထျန်းနယ်တွင် ပြုလုပ်သည်ဟူသော စာတန်းပါသည်။
မျက်နှာပြင်တစ်ဖက်တွင် ခမ်းနားလှပသော နဂါးတစ်ကောင် ခွေနေပုံ ဖြစ်၏။
“အခုတော့ အတုပေါ့။ မနက်ဖြန် အစစ် ဖြစ်တော့မှာ”
လင်းချွမ် ထူးဆန်းသော အပြုံးဖြင့် ပြုံး၍ ပြောလိုက်သည်။
ထိုအကြွေစေ့မှာ ဖုန်ထျန်းအကြွေစေ့ဟု လူသိများပြီး ကွမ်ရှုနယ် (၁၉၀၄) တည်ထောင်ခြင်းတွင် လူထုကြား ပြသ အသိအမှတ်ပြုခံခဲ့ရ၏။ ‘အခြေခံ ရတနာ’ ဟုလည်း သတ်မှတ်ကြလေသည်။
လေလံပွဲတစ်ခုတွင် (၁၅) သန်းဖြင့် ကြမ်းခင်းဈေး စခဲ့ပြီး (၄၆) သန်းဖြင့် အမြင့်ဆုံး ရောင်းထွက်ခဲ့သည်။ ထို့ကြောင့် အကြွေစေ့များထဲ၌ အဆင့် (၆) ရှိသော အခြေအနေ ဖြစ်ပါသည်။
လင်းချွမ် ထိုအကြွေစေ့ဖြင့် လျှိုချင်းအား ပြန်အကွက်ဆင်ရန် ကြံနေသည်။
သူ ပုံရိပ်ယောင်လောက၌လည်း ထိုအကြွေစေ့နှင့် တွေ့ခဲ့ဖူးပြီး ယနေ့ ပြန်ရလာသောအခါ အထင်လွဲစေရန် လုပ်ဆောင်နိုင်လေ၏။
လင်းချွမ် သူ့အရည်အချင်းများဖြင့် အကြွေစေ့အား ပြန်ပြင်ဆင်ရန် စတင်တော့သည်။
ကျန်းမှာ ဘေးမှ အံ့ဩစွာဖြင့် ကူညီပေးလေ၏။
ဤသို့ဖြင့် မိုးတဖြည်းဖြည်း ချုပ်လာပြီး အတုပြင်ဆင်ခြင်းလည်း ပြီးဆုံးခါနီးလာသည်။
“မိန်းမလေး ကျန်း မနက်ဖြန် ဥက္ကဋ္ဌလီနဲ့ ချိန်းပေးလို့ ရမလား။ ကျွန်တော် ဒီနေ့ ရှေးဟောင်းပစ္စည်းတချို့ ရထားလို့ ကြည့်ပေးနိုင်မလားပေါ့”
လင်းချွမ် အကြောဆန့်ရင်း ပြုံး၍ ပြောလိုက်သည်။
ကျန်း ချက်ချင်း ခေါင်းငြိမ့်ပြကာ ဥက္ကဋ္ဌလီအား စာပို့လိုက်လေ၏။
ထိုလူမှာ လျှိုချင်းလွှတ်ထားသော တပည့်ဖြစ်ပြီး ယခုတော့ ထိုလူကိုသုံး၍ လျှိုချင်းအား ပြန်လိမ်ရပေတော့မည်။