အရှုံးပေးရအောင်
Vol. 9 Ch. 127
လက်ဖက်ရည်ဆိုင် သီးသန့်ခန်းအတွင်းထဲတွင်။
သူ့ဆရာကိုတွေ့ပြီးနောက် လျှိုချင်း ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်၏။
“အဲ့အကြွေစေ့ ရအောင်ယူ”
လီ သက်ပြင်းချကာ
“ဘယ်လောက်နဲ့ ယူရမှာလဲ”
လျှိုချင်း ခဏစဉ်းစား၍
“အစတည်းက အတုလို့ ပြောထားတော့ (၁) သန်းပဲ အရင်ပေးကြည့်လိုက်။ ချိုမြိန်မှု ခံစားဖူးအောင်ပေါ့”
“ဟုတ်ကဲ့ပါ။ လင်းချွမ်ကို အခုပဲ ဆက်သွယ်လိုက်ပါ့မယ်”
လျှိုချင်း မျက်မှောင်ကြုတ်ကာ ရေရွတ်မိလေသည်။
“ဒီကောင်လေး ငါးကြီးကြီးမိထားတာပဲ”
မကြာမီ လီမှ လျှိုချင်းထံ သတင်းပြန်ပို့လေ၏။
“ဒီည ယွီမင်စားသောက်ဆိုင်မှာ လင်းချွမ်နဲ့တွေ့ဖို့ ချိန်းထားပါတယ်။ ဈေးတော့ မပြောရသေးဘူး။ တွေ့မှပဲ ညှိတာကောင်းမယ် ထင်လို့”
“ရတယ်လေ။ ကြည့်ပြီး ဆွေးနွေးလိုက်။ သူက ရေးဟောင်းပစ္စည်း အကြောင်းတော့ နားမလည်ပေမဲ့ စီးပွါးရေးအမြင်တော့ ရှိတယ်”
သူ လင်းချွမ်၏ (၄၆) သန်းတန် အကြွေစေ့အား အပိုင်တွက်ထားလိုက်တော့သည်။
…
ညမှာ တဖြည်းဖြည်းမှောင်ရီလာ၏။
အန်လင်းမြို့မှ မီးရောင်များ တောက်ပ၍ လမ်းများမှာ လင်းထိန်နေသည်။
ယခုတစ်ခေါက်တွင်တော့ လင်းချွမ်နှင့် ကျန်းတို့ ယွီမင် စားသောက်ဆိုင်၌ ကြိုစောင့်နေကြသည်။
ည (၈) နာရီဝန်းကျင်၌ ဥက္ကဋ္ဌလီ အခန်းထဲ ဝင်လာလေ၏။
“သူဌေးလင်းကို ရှေးဟောင်းပစ္စည်းအမြင်ရှိမယ်လို့ မထင်ထားဘူးဗျာ”
လင်းချွမ် ပြုံးလျက်
“အရမ်း မြှောက်လွန်းနေပါပြီဗျာ။ အခုမှ စနေတုန်း ရှိပါတယ်”
တစ်ခန်းလုံး ရယ်မောသံများ ပြည့်နှက်နေ၏။
ထို့နောက် လီ တည့်တည့်သာ ပြောလေသည်။
“သူဌေးလင်းရယ် ကျွန်တော် ဒီနေ့ ဆရာကျန်းဆီ သွားလည်ဖြစ်တယ်။ အန်လင်း ရှေးဟောင်းဈေးကွက်မှာ ဆရာကြီးလေ။ သူ အကြွေစေ့ကို စစ်ကြည့်လိုက်တော့ ဖုန်ထျန်းအကြွေစေ့ မဖြစ်ခင် နမူနာပစ္စည်း ဖြစ်မယ်တဲ့”
လင်းချွမ် ခေါင်းငြိမ့်၍ ပြုံးပြကာ
“ကျွန်တော်လည်း နေ့လယ်က ဆရာကျောက်ဆီ သွားလိုက်သေးတယ်”
“အန်လင်းက ရှေးဟောင်းပစ္စည်း အကဲဖြတ်ဆရာ ဆရာကျောက်လား”
လီ လန့်ဖျပ်ကာ မျက်မှောင်ကြုတ်နေ၏။
“ဟုတ်တယ်လေ”
“ဆရာကျောက်ကရော ဘာပြောလဲ”
“ဆရာကျန်းလိုပါပဲ။ အဲ့လို နမူနာအကြွေစေ့ ဖြစ်မယ်တဲ့။ အခုတော့ အကြမ်းဖျင်း ထောက်ခံချက် ရေးပေးလိုက်တယ်။ ဒီမှာ ကြည့်ကြည့်ပါ”
လီ သက်ပြင်းချ၍ စာကို ကြည့်ပြီးနောက် အမူအရာ ထိန်း၍
“သူဌေးလင်း အဲ့တာဆို အခု အကြွေစေ့ကို ဆက်ပြီး သိမ်းထားဦးမှာလား။ ဒါမှမဟုတ်…”
လင်းချွမ် ခေါင်းယမ်း၍ ပြုံးကာ
“အစကတော့ အမှတ်တရ သိမ်းမလို့ပဲ။ ဒါပေမဲ့ ဆရာကျောက်ဆီက ကမ်းလှမ်းချက်က အရမ်းမြင့်တော့ စိတ်တောင် ယိုင်ချင်နေပြီဗျာ”
လီမှာ ပို၍စိတ်လှုပ်ရှားလာ၏။
သူ ဘာမှမပြောရသေးမီ လက်လွှတ်ရတော့မလို ဖြစ်နေသည်။ ဆရာကျောက်ကိုလည်း စိတ်ထဲမှ ကျိန်ဆဲနေမိ၏။
ထို့နောက် မျက်နှာထိန်းကာ
“ဆရာကျောက်က ဘယ်လောက် ကမ်းလှမ်းလို့လဲ။ ပေးလိုက်တော့မလို့လား”
လီမှ ပြောလေသည်။
ထိုစဉ် ကျန်းမှ လက် (၅) ချောင်း ထောင်ပြ၏။
လီလန့်ဖျပ်ကာ
“(၅) သိန်းလား။ ဆရာကျောက်က တကယ် သဘောကောင်းတာပဲ”
ကျန်း ခေါင်းယမ်းကာ
“ဥက္ကဋ္ဌလီတော့ အံ့ဩသွားလောက်မှာပေမဲ့ ဆရာကျောက်ပေးမှာက (၅) သန်းပါ”
“(၅) သန်းလား”
လီ မှင်တက်၍ ငေးကြည့်နေမိသည်။
“ဥက္ကဋ္ဌလီ လက်ဖက်ရည်လေး သောက်လိုက်ပါဦး”
လင်းချွမ် လက်ဖက်ရည်ငှဲ့ပေးရင်း ခပ်အေးအေး ပြောလေသည်။
လီ နေရခက်စွာဖြင့် အခြေအနေကို အမြန် သုံးသပ်ပြီးနောက် ရယ်မောကာ
“ဆရာကျောက်က (၅) သန်းတောင် ပေးမှာဆိုတော့ ရောင်းလိုက်တော့မယ်ပေါ့ သူဌေးလင်း”
လင်းချွမ် ခေါင်းယမ်းကာ
“ဒီလောက် တန်ဖိုးကြီးတဲ့ပစ္စည်းကိုဗျာ။ လေလံပွဲမှာဆို သန်းကို ဆယ်ချီတန်မှာမလား”
“သန်းဆယ်ချီပြိးတော့လား”
လီ တံတွေးမျိုချ၍ ဘာဆက်ပြောရမည်မသိ ဖြစ်နေသည်။
“အဲ့လောက် မတန်လို့လား”
လင်းချွမ်ပြုံး၍ ပြန်မေး၏။
“လက်ရှိဈေးကွက်အရ ဒီလိုဖုန်ထျန်းအကြွေစေ့ နမူနာလောက်ဆိုရင် အများဆုံး (၅) သန်းပါပဲ။ ဆယ်ချီပြီးရဖို့ကတော့ ခက်မှာ”
“အဲ့တာဆို ဆရာကျောက်က ပိုပေးထားတာပေါ့”
လင်းချွမ် တွေးတွေးဆဆ ပြော၏။
ထိုစဉ် ကျန်းမှ
“ဥက္ကဋ္ဌလီ မိတ်ဆွေက အကြွေစေ့စုရတာ ဝါသနာပါတယ်ဆိုလား။ မနက်က ပြောတယ်လေ။ သူရော ဘယ်လောက်ပေးချင်တယ်ဆိုတာမျိုး ရှိလား”
“သူက ကိုယ်တိုင်တော့ လာဖို့ မလွယ်ဘူး။ အဲ့တော့ တွေးထားတဲ့ဈေးတော့ ရှိတယ်”
“ဘယ်လောက်မို့လို့လဲ”
“အများဆုံး (၆) သန်းပေါ့”
“ငွေသားနဲ့ ပေးမှာလား။ ဆရာကျောက်က ငွေသားနဲ့ပေးမယ် ပြောထားတာ”
လီ ဆရာကျောက်ဆိုသူအား အဆက်မပြတ် ကျိန်ဆဲနေတော့သည်။
ငွေသားဖြစ်လျှင် သူ့ဘက်မှ အခွန် (၂၀) ရာခိုင်နှုန်း ပေးနေရဦးမည် ဖြစ်သည်။ ဘဏ်ဖြင့်ဆိုလျှင်တော့ လင်းချွမ်ဘက်မှ ထုတ်သည့်အခါ အဖြတ်ခံရပေမည်။
“ငွေသားတစ်ဝက်၊ ဘဏ်တစ်ဝက်ရော”
ထိုစဉ် ကျန်း ချက်ချင်း ဂဏန်းပေါင်းစက်ဖြင့် တွက်ချက်၍
“သူဌေး အမြတ်က (၅) သန်းတဲ့ (၄) သိန်းဝန်းကျင် ရှိပါတယ်”
“ကောင်းပြီလေ။ အဲ့လိုပဲ လုပ်တာပေါ့။ ဘယ်အချိန် အပြီးရှင်းပေးမလဲ”
လင်းချွမ်မှ မေးလိုက်သည်။
ထိုအခါမှ လီ စိတ်အေးသွားပြီး နာရီကိုတစ်ချက် ကြည့်၍
“အခုချက်ချင်း ငွေသား (၃) သန်းတော့ မလွယ်ဘူးဗျ။ မနက်ဖြန် နေ့လယ် (၃) နာရီဆိုရင်ရော”
“ရပါတယ်ဗျာ”
“ဒါဆို အဆင်ပြေသွားပြီနော်”
လီ ပျော်ရွှင်မြူးတူးစွာ ပြော၏။
စားသောက်ဆိုင်မှ ပြန်လာပြီးနောက် ကျန်းနှင့် လင်းချွမ်တို့ ကုန်တိုက်၌ ဈေးဝယ်ထွက်ပြီးမှ အိမ်ပြန်ခဲ့ကြသည်။
ကျန်းမှ
“သူဌေး အထဲမှာ လက်ဖက်ရည် ဝင်သောက်သွားပါဦးလား။ ကျွန်မအိပ်ရာက နူးညံ့အိစက်နေတာပဲလေ”
ကျန်းမှ ချစ်စရာကောင်းစွာ ပြောလေသည်။
လင်းချွမ် ရယ်မော၍
“ကျွန်တော် ဒီည အလုပ်ရှိသေးလို့ပါ”
“ကျွန်မအခန်းထဲမှာ ကွန်ပျူတာ ရှိပါတယ်”
“အဟမ်း”
ထိုစဉ် အနောက်မှ ဦးလေးကျန်း ရောက်လာလေသည်။
“နောက်တစ်ခါမှပေါ့ ကျန်းရယ်”
လင်းချွမ် ထိုသို့ပြောကာ အပေါ်ထပ် တက်လာခဲ့၏။
ထို့နောက် ကွန်ပျူတာရှေ့ထိုင်၍ တစ်ခုခုကို ရေးနေလေသည်။
…
နောက်တစ်နေ့နံနက်။
ကျန်း မနက်စောစောနိုးကာ လင်းချွမ်အား အသည်းအသန် လာနှိုး၏။
“သူဌေး ကျွန်မ ရောက်ပြီ”
“ကျန်းရယ် အစောကြီးပဲ”
လင်းချွမ် တံခါးထဖွင့်ရင်း ပြောလေသည်။
“တခြားနာမည် ခေါ်မယ်ဆို”
လင်းချွမ်ပြုံး၍
“ဒါနဲ့ ဘာကိုင်ထားတာလဲ”
“ရှင့်အတွက် ငါးရှဉ့်စွပ်ပြုတ် လုပ်ပေးဖို့လေ”
“ဈေးကို တစ်ယောက်တည်း သွားလိုက်တာလား”
“မဟုတ်ပါဘူး။ တိုက်အရှေ့လာရောင်းတဲ့ အဘိုးအဘွားတွေ ရှိတယ်လေ”
“ဟုတ်ပါပြီဗျာ”
“ကျွန်မကို စိတ်ပူလို့လား”
“ဪ ကိုယ့်အတွက် ဆန်ပြုတ်ပြုတ်ပေးမယ့်သူကို ဒီလောက်တော့ ဂရုစိုက်ရမှာပေါ့”
“ဒါက ယောက်ျားလေးတွေအတွက် အရမ်း အားရှိတာ”
“ဘယ်လို”
“ရှင်က အိပ်ရာဝင်တာတွေ နောက်ကျတယ်လေ။ အဲ့တာကြောင့်ပါ”
နှစ်ယောက်သား ရယ်မောမိကြသည်။
ထို့နောက် အတူတူချက်၍ မနက်စာ စားကြလေသည်။
လင်းချွမ်မှ
“ဒီည ကျွန်တော် စီစဉ်ထားတာ ရှိတယ်”
“ဘာများလဲ”
“ဒီည ရဲစခန်း သွားမယ်”
“ဟင်”
ကျန်း မှင်တက်နေ၏။
“ကျားဖြန့်ဂိုဏ်းက ပေးလာတဲ့ပိုက်ဆံတွေကို သုံးရဲလို့လား”