တကယ် ရက်စက်တာပဲ
Vol. 9 Ch. 128
တိုက်ခန်းထဲ၌။
အိပ်ရာတစ်ခု၊ ဧည့်ခန်းတစ်ခုရှိပြီး နွေးထွေးသော နေရောင်ခြည်များမှာ ကန့်လန့်ကာမှတစ်ဆင့် ထိုးဖောက် ကျရောက်နေ၏။
စားပွဲတစ်ခုတွင်တော့ ကျန်းနှင့် လင်းချွမ်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြလေသည်။
“တကယ်ကြီး ကျားဖြန့်ဘက်က ယူရမှာလား”
ကျန်း စားလက်စ ရပ်သွားပြီး လင်းချွမ်အား နားမလည်နိုင်စွာ ကြည့်နေသည်။
“ဖြစ်နိုင်ချေတော့ များတယ်။ ဒါပေမဲ့ သက်သေ မရှိသေးတာ။ သူတို့ အကြွေစေ့ ရသွားရင်တော့ အမှန်တရားက ပေါ်လာမှာပါ”
လင်းချွမ် ပြုံး၍ ပြောလိုက်သည်။
“အဲ့တော့ ကျွန်မတို့က ကျားဖြန့်ဂိုဏ်းကနေ ပိုက်ဆံယူရတယ်လို့ ဆိုလိုတာပေါ့”
ကျန်းထပ်မေးလိုက်သည်။
လင်းချွမ် ခေါင်းငြိမ့်ပြကာ
“အဲ့သဘောမျိုးပေါ့”
ကျန်း မျက်မှောင်ကြုတ်ကာ
“အဲ့တာဆို ပိုက်ဆ့လွှဲယူတာတွေက အန္တရာယ်များတာပေါ့”
“နည်းနည်းပါ”
လင်းချွမ် ရယ်မော၍ ဆက်ပြော၏။
“မစိုးရိမ်ပါနဲ့။ အားလုံး အစီအစဉ်အတိုင်းပါပဲ။ ကျွန်တော့် ငွေကြေးတာဝန်ခံရဲ့ လုံခြုံရေးအတွက် အာမခံတယ်နော်”
“ကျွန်မက ရှင့်ကို စိတ်ပူတာ”
ကျန်း နှုတ်ခမ်းလေးစူ၍ ပြောလေသည်။
“ရဲကို ခေါ်ထားမလား”
လင်းချွမ် ရယ်မောကာ
“ဒီနေ့လယ်က (၆) သန်းက အများဆုံးပါပဲ။ လျှိုချင်းတို့လည်း အရမ်းမရင်းရဲပါဘူး”
“အစတည်းက (၆) သန်း မဟုတ်ဘူးလား”
ကျန်း အံ့ဩသလိုလေး ပြောလေသည်။
“ငွေသား (၃) သန်းက ရမယ်။ ဘဏ်က (၃) သန်းကတော့ မရဘူးပေါ့။ အဲ့တာ လှည့်ကွက်”
လင်းချွမ် ပြုံး၍ ပြောလိုက်သည်။
လင်းချွမ်မှာ ကျားဖြန့်ဂိုဏ်း၌ လုပ်ခဲ့ဖူးသောကြောင့် ထိုသို့ ဘဏ်မှငွေလွှဲခြင်းများမှာ (၂၄) နာရီအတွင်း ပယ်ပျက်တတ်ကြောင်း သိထားပါသည်။
ထို့ကြောင့် လီကတိပေးထားသော ဘဏ်မှ ငွေလွှဲခြင်းမှာလည်း ထိုသို့ပင်။
ကျန်း နှုတ်ခမ်းလေးစူလျက်
“(၃) သန်း လျော့သွားတာပေါ့”
“အလိမ်လည်း မခံရဘဲ၊ အဖမ်းလည်း မခံရဘဲ (၃) သန်းရတာ မဆိုးဘူးပေါ့”
လင်းချွမ်ပြုံး၍ ပြောလိုက်၏။
“ဟိုရဲမေအစ်မကို အကြောင်းကြားလိုက်ပြီးပြီလား။ ရှင့်ကို တကယ်ဖမ်းနေမှာ စိုးရိမ်မိတယ်”
ကျန်း စိတ်ပူစွာ ပြောလေသည်။
“ဘယ်ရဲမေလဲ”
လင်းချွမ် ပြန်မေးလိုက်၏။
“ရှင့်မှာ ဘယ်နှစ်ယောက်တောင် ရှိနေလို့လဲ”
“အာ… အဲ့တာက ကျွန်တော်တို့က ရဲစခန်းနဲ့ ပူးပေါင်းထားတာလေ။ တော်တော်များများ သိနေတာ ထူးဆန်းလို့လား”
လင်းချွမ် ချက်ချင်း ခုခံ၍ ရှင်းပြသည်။
“ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ကိုမှ မပြောရသေးဘူး”
“မနက်ဖြန်တော့ မနက်စာကို ဆန်ပြုတ်ပဲ ရမယ်”
“ဘာလို့လဲ”
“ငါးရှဉ့်က အားဖြည့်တယ်ဆိုတော့ ရှင် အရမ်း အားတွေရှိနေပြီလေ”
“ဒါဆို ဒီနေ့ (၂) ပန်းကန်လောက် ထပ်စားဦးမှပဲ”
လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။
ကျန်းမှာ လင်းချွမ်အား စိုက်ကြည့်ရင်း ပြုံး၍ မနေနိုင်တော့ဘဲ ဆန်ပြုတ်ထပ်ထည့်ပေးလိုက်သည်။
“သူဌေး သရုပ်ဆောင်တဲ့ပုံစံမျိုးလေးတွေကြိုက်ရင် ကျွန်မ မနက်ဖြန် ယုန်ရဲမေလေးလို ဝတ်ခဲ့မယ်လေ။ မနက်စာ လာစားရင်”
“ယုန်ရဲမေလေးလား”
“မကြိုက်ဘူးလား”
“မနက်စာတော့ ဟုတ်ပါတယ်နော်”
ကျန်း မျက်နှာလေးရဲ၍ ရေရွတ်ပြောလိုက်၏။
“မနက်စာက မနက်စာပဲပေါ့”
လင်းချွမ် ဘာမှမပြောနိုင်တော့ပေ။
ရုပ်ရှင်အရမ်းကြည့်တဲ့ ကျေးဇူးတွေပေါ့။
ငါ့ထက် ဆိုးသေးတယ်။
လုံးဝ မနိုင်ဘူးပဲ။
…
နေတဖြည်းဖြည်း မြင့်လာပြီး အေးချမ်းမှုအစား နွေးထွေးမှုများ တိုးဝင်လာသည်။ ထို့ကြောင့် တောက်ပသော နေရောင်ခြည်နှင့်အတူ လေညင်းများကြား၌ မြစိမ်းရောင်သစ်ရွက်များ တဖျတ်ဖျတ် လှုပ်ရှားနေသည်။
မနက်ခင်းမှ နေ့လယ်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွား၏။
လင်းချွမ်နှင့် ကျန်းတို့ ကုမ္ပဏီအလုပ်များကို တစ်မနက်အတွင်း ပြီးဆုံးအောင် အမြန် လုပ်ပြီးနောက် နေ့လယ် (၃) နာရီထိုးသည်နှင့် ကုမ္ပဏီနားမှ ချိန်းထားသော စားသောက်ဆိုင်သို့ ရောက်သွားကြလေသညိ။
ထိုနေရာကို လင်းချွမ်မှ ရွေးထားခြင်း ဖြစ်၏။
“သူဌေးလင်း”
မန်နေဂျာကျောက် သီးသန့်ခန်းထဲ ဝင်လာပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
သူ့အနောက်တွင်တော့ ဆံပင်ဖြူဖြူနှင့် အမျိုးသားတစ်ဦး ပါလာပြီး ဘေး၌ ဝတ်စုံနက်ဖြင့် ကိုယ်ရံတော် (၂) ဦးမှ ပုံးအချို့ သယ်လာသည်။
“ဥက္ကဋ္ဌလီ ဒါ အန်လင်းက ဆရာကျန်းဆိုတာ ထင်တယ်။ ရှေးဟောင်းပစ္စည်းဈေးကွက်မှာ အရမ်း နာမည်ကြီးတာလေ။ အမြဲ အားကျနေခဲ့တာ”
လင်းချွမ်မှ နှုတ်ဆက်လိုက်သည်။
ဆရာကျန်းမှ ပြုံးပြ၍
“သူဌေးလင်းရဲ့ စူးရှတဲ့မျက်လုံးနဲ့ ဒီလို ရတနာကို ရှာတွေ့ခဲ့တာပဲ။ ကျွန်တော့်အနေနဲ့ ရှက်မိပါတယ်ဗျာ”
“အဲ့လိုလည်း မဟုတ်ပါဘူး”
လင်းချွမ် နှိမ့်ချစွာ ပြန်ပြော၏။
“သူဌေးလင်း မိန်းကလေးကျန်းရော အတူမပါလာဘူးလား”
လီ သတိထားမိပြီး မေးလိုက်သည်။
လင်းချွမ် ပြတင်းပေါက်ဘက် လက်ညှိုးထိုးပြကာ
“နို့လက်ဖက်ရည် သောက်ချင်လို့ဆိုပြီးလေ။ ဆိုင်သစ်ဆိုတော့ တစ်ခွက်ဝယ် တစ်ခွက်လက်ဆောင် ရနေတာ”
လီ အပြင်သို့ လှမ်းကြည့်လိုက်သည်။
သူတို့ သီးသန့်ခန်းမှာ (၃) လွှာ၌ ရှိသောကြောင့် အပေါ်စီးမှ အားလုံးကို မြင်နေရသည်။
ကျန်းမှာ အဖြူရောင်ဂါဝန်လေးဖြင့် ထိုဆိုင်၌ ထိုင်နေ၏။
သို့သော်။
လီ ဘေးမှ နက်ပြာရောင်တစ်ခုကိုတွေ့ပြီး မျက်မှောင်ကြုတ်သွားသည်။
အန်လင်းက ရဲစခန်းပဲ။
လင်းချွမ် ဒီကောင်လေး လျှော့တွက်လို့ မရဘူးပဲ။
လင်းချွမ် အလိမ်မခံရစေရန် နေရာ သေချာ ရွေးထားသည်ဟု တွေးလိုက်သည်။
“မိန်းကလေးကျန်းက တကယ် ဘဝကိုတန်အောင် နေတတ်တာပဲ။ ကျွန်တော်ဖြင့် အဲ့တာမျိုး တစ်ခါမှ မသောက်ဖူးဘူး”
လီ ပြုံး၍ ပြောလိုက်သည်။
“ဒါဆို ဒီမှာ ကိစ္စလေးတွေပြီးရင် ကျွန်တော် လိုက်တိုက်မယ်လေ”
“ကျွန်တော် တခြားဆက်ချိန်းထားတာလေးတွေ ရှိသေးလို့ နောက်တစ်ခေါက်မှပေါ့ဗျာ”