တရားဝင် စုံစမ်းရေး
Vol. 9 Ch. 131
ထိုစဉ်အခါက လင်းချွမ် များများစားစားတော့ သင်ယူနိုင်ခြင်း မရှိခဲ့ပါ။
သို့သော် ရှေးဟောင်းပစ္စည်း၏ ကံကောင်းစွာ သပ်ရပ်လှပနေမှုကြောင့် သူ စိတ်အေးခဲ့ရ၏။
အရင်ရှိခဲ့သော အတွေ့အကြုံများကြောင့်လည်း ပိုအဆင်ပြေခဲ့သည်။
ထိုသို့ကြည့်လျှင် ပိုင်၏ အရည်အချင်းများ တိုးတက်ရန် အတော်လေး လိုအပ်ပါသေးသည်။
ထိုစကားကြောင့် ကျောက်တုံ ရှန်ချန်းချန်းဘက်သို့ လှည့်ကြည့်မိလိုက်သည်။
ရှန်ချန်းချန်း ခေါင်းငြိမ့်ပြ၍ ထောက်ခံလေ၏။
“ပိုင်က အွန်လိုင်းချစ်သူဆီကနေ အလိမ်ခံခဲ့ရပေမဲ့ ရှေးဟောင်းပစ္စည်းဈေးကွက်မှာတော့ တကယ် တော်တာ”
“ရဲဘော်လင်းချွမ်ရဲ့ စာဖတ်သူတွေက အဲ့လောက် တော်ကြမယ်လို့ မထင်ထားဘူး”
ကျောက်တုံ တစ်ယောက်တည်း ရေရွတ်မိ၏။
“ဒီအတိုင်း ကံကောင်းသွားလို့ပါပဲဗျာ”
လင်းချွမ် နှိမ့်ချစွာ ပြောလေသည်။
အဖြစ်အပျက်များနှင့် အကျိုးအကြောင်းများမှာ မေးခွန်းများစွာ မေးပြီးနောက် အောင်မြင်စွာ ပေါ်ပေါက်လာတော့၏။
လင်းချွမ်၏ မိတ်ဆွေရင်းဖြစ်သော ရှန်ချန်းချန်းမှာလည်း ပို၍ လေးစားစွာ ကြည့်နေမိတော့သည်။
ဒီလူ။
သူများတွေ ရှေးဟောင်းပစ္စည်း အလိမ်ခံရရ လွတ်ဖို့ ခက်ပေမဲ့ သူကတော့ လူလိမ်ကိုတောင် သန်းနဲ့ချီပြီး ပြန်လိမ်လိုက်သေးတယ်။
အွန်လိုင်းစာရေးဆရာဟု သိထားသော ထိုလူမှာ မထင်ထားသော မျက်နှာများစွာ ထပ်ရှိနေ၏။
သော့ပြင်ခြင်း၊ လောင်းကစား၊ ဟက်ကာ၊ ယခုတော့ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ခြင်းအထိပင်။
တကယ် ပြစ်မှုတွေအကြောင်း သိလွန်းတယ်။
ပြစ်မှု ပါရမီရှင်ပဲ။
ရှန်ချန်းချန်းအတွက်တော့ လင်းချွမ်မှာ ရတနာတိုက်ကြီးကဲ့သို့ ခံစားရလေသည်။ အမြဲတမ်း အသစ်အဆန်းများနှင့် ပေါ်လာပြီး အံ့ဩစေ၏။
ရှန်ချန်းချန်း သူ့ကို အမှောင်ခန်းထဲ ထည့်ပိတ်ကာ ခပ်ကြမ်းကြမ်း စစ်ဆေးချင်မိပါသည်။
ထိုအခါ နောက်ထပ်လျှို့ဝှက်အရည်အချင်းများ ထပ်ပေါ်လာဦးမည်လား။
ဟူး—
ကျောက်တုံကတော့ သက်ပြင်းသာ ချနိုင်တော့သည်။
ထို့နောက် စိတ်ငြိမ်အောင်ထိန်း၍ အသက်ဝဝ ရှူကာ
“ရဲဘော်လင်းချွမ်ကိုလေ ပြစ်မှု မကျူးလွန်မိစေနဲ့ဆိုပြီး ဆရာက အမြဲမှာတယ် သိလား။ ဒါပေမဲ့ တကယ်ကျူးလွန်လာတော့လည်း ဆုံးဖြတ်ရခက်တဲ့ အချီကြီးပဲ”
ထိုအခါ ရှန်ချန်းချန်းပြုံး၍ ဝင်ကာကွယ်၏။
“ဒါရိုက်တာကျောက်ကလည်း ရဲဘော်လင်းချွမ်ရဲ့ လုပ်ရပ်က ပြစ်မှုမဟုတ်ပါဘူး။ အခိုးခံရတဲ့ ပိုက်ဆံတွေကို ပြန်ကာကွယ်တယ်လို့ ပြောလို့ရတယ်။ ဒါ တကယ် ကိစ္စကြီးကြီး ကူညီလိုက်တာပဲ”
“ဟုတ်တယ် ဟုတ်တယ်။ လင်းချွမ်က ကူညီလိုက်တာ”
ကျောက်တုံလည်း ရယ်မော၍ ထောက်ခံမိ၏။
ကျန်းမှာတော့ လင်းချွမ်ဘေး၌ တိတ်တိတ်လေးထိုင်ကာ ကျေနပ်စွာ ပြုံးနေမိသည်။ သူ့သဘောကျသော ကောင်လေးမှာ ရုပ်ရည် ချောမောရုံသာမက ကျောက်တုံနှင့် ရှန်ချန်းချန်းတို့ကပင် ဂုဏ်ယူရသော နာမည်ကြီး ဖြစ်နေ၏။
ငါ့သူဌေးက တရားခံဆန်လိုက်တာ။
ထိုစဉ်။
ဒင်ဒေါင် ဒင်ဒေါင်။
လင်းချွမ် အိတ်ကပ်ထဲမှ ဖုန်းသံမြည်လာ၏။ စာတစ်စောင်ဝင်လာခြင်း ဖြစ်သည်။
လင်းချွမ် ဖွင့်ကြည့်လိုက်ပြီးနောက် ရုတ်တရက် အမူအရာ ပြောင်းသွားပြီး မျက်မှောင်ကြုတ်နေမိသည်။ ထို့နောက် ကျောက်တုံတို့ဘက်လှည့်၍
“လျှိုချင်းတို့ဖုန်းက အချင်းချင်းပို့တဲ့စာတွေကနေ အကြောင်းကြားစာ ဝင်တာပါ။
သူ အစတည်းက ဥက္ကဋ္ဌလီနှင့် လျှိုချင်းတို့၏ ဖုန်းများကို hack ထားခဲ့ပြီး အချက်အလက်များစွာ ရယူနိုင်ခဲ့သည်။
သက်ဆိုင်ရာ သက်သေများမှာ ထိုကဲ့သို့သာ ရရှိနိုင်ပါသည်။
“နားထောင်ကြည့်ရအောင်”
ကျောက်တုံ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
လင်းချွမ် ခေါင်းငြိမ့်ပြကာ စကားပြောသံအား ဖွင့်လိုက်သည်။
“ပစ္စည်း ရလာပြီလား”
ယောက်ျားအသံတစ်ခု ထွက်လာသည်။
“ရလာပါပြီ။ ကောင်လေးက တကယ် အရည်အချင်း ရှိတာပဲ”
လျှိုချင်း ပြန်ဖြေ၏။
“ပစ္စည်းစစ်ဖို့က အဓိကပါ”
“ကျွန်မတို့ အထပ်ထပ် သေချာစစ်ဆေးထားတာ အစစ်ဆိုတာ ကျိန်းသေပါတယ်”
“ဒီည (၇) နာရီမှာ လူတစ်ယောက်နဲ့တွေ့ဖို့ ချိန်းထားတယ်။ အရင်နေရာပဲ”
“နားလည်ပါပြီ”
ခဏအတွင်း ဖုန်းချလိုက်ကြသည်။
ကျောက်တုံမျက်နှာ တင်းမာလျက် လင်းချွမ်အားကြည့်ကာ
“ရဲဘော်လင်းချွမ် ဖုန်းခေါ်တဲ့ အရင်းအမြစ်ကိုရော ရှာနိုင်လား”
ဖုန်းခေါ်ဆိုသူမှာ အဓိကဖြစ်ပါသည်။
လင်းချွမ် ခဏစဉ်းစားပြီးနောက်
“ဒါက အကောင့်တွေ အထပ်ထပ်ခြားပြီး ဖွက်ထားတာ။ အဲ့လမ်းကြောင်းကို လိုက်ဖို့ဆိုရင် ကွန်ပျူတာလိုတယ်”
“ကျွန်မကွန်ပျူတာ သုံးလိုက်လေ”
ရှန်ချန်းချန်း လင်းချွမ်၏ အရည်အချင်းကို ယုံကြည်သောကြောင့် သူ့ကွန်ပျူတာအား ချက်ချင်း ပေးသုံးလိုက်၏။
ယခုအချိန်တွင် ညနေ (၅:၂၁) ဖြစ်နေလေပြီ။
(၇) နာရီထိုးရန် (၁) နာရီနှင့် (၃၉) မိနစ်သာ လိုတော့၏။
အချိန်အရမ်းကြပ်နေပါသည်။
ထို့ကြောင့် လင်းချွမ် တွေဝေမနေတော့ဘဲ ရှန်ချန်းချန်း ကွန်ပျူတာရှေ့ထိုင်ကာ ချက်ချင်း လုပ်ငန်းစလေ၏။
သူကျန်ခဲ့သော ကွန်ပျူတာထဲတွင် ကုဒ်များ ရေးဆွဲပြီး ဖြစ်သောကြောင့် ယခုအခါလည်း ချက်ချင်း ပြန်ချရေးကာ အချိန်ကုန် မြန်စေပါသည်။
ကျောက်တုံနှင့် ရှန်ချင်းချင်းတို့မှာတော့ နားမလည်နိုင်စွာ ကြည့်နေ၏။
ထို့နောက် ကျောက်တုံမှာ လင်းချွမ်ပို့ပေးလာသော အချက်အလက်များကို ကျန်းပြောင်အား တစ်ဆင့် အစီရင်ခံလေသည်။
လင်းကန်၌ ပူးပေါင်းလုပ်ဆောင်ဖူးသော အတွေ့အကြုံကြောင့် ရှန်ချန်းချန်းမှလည်း ရှချင်းချင်းအား သတင်းပြန်ပေးကာ တိကျသော အချက်အလက်များကို ရှာဖွေစုဆောင်းစေသည်။
ယခုလို တရားဝင်စစ်ဆေးမှုများ ပါသောအခါ စုံစမ်းခြင်း အထမြောက်လေ၏။
မဟုတ်လျှင် တရားမဝင် ခိုးယူသည့် ပြစ်မှုပင် ဖြစ်သည်။
နေ့လယ်ခင်းက အိပ်ငိုက်၍ လေးတွဲခဲ့သော အန်လင်းရဲစခန်းတစ်ခုလုံး တက်တက်ကြွကြွ လှုပ်ရှားနေကြ၏။
အရေးကြီးသော အမှုကြီးအား ကိုင်တွယ်နေရလေသည်။
ထိုအချိန်တွင် လင်းချွမ်၏အကြည့်များမှာတော့ ကွန်ပျူတာပေါ်၌သာ စွဲမြဲနေသည်။
သူ ဖုန်းခေါ်ဆိုသူ၏ အကောင့်အစစ်ကို အမြန်ဆုံး ရှာဖွေရပေမည်။