ခြောက်ခြားစရာည
Vol. 9 Ch. 133
မြို့ပြင်၊ သစ်ရွက်စိမ်းကြွေထည်စက်ရုံ။
ညအမှောင် တဖြည်းဖြည်း ကျရောက်လာနေပြီး နေဝင်ချိန်လည်း မပယ်ပျောက်သေးသောကြောင့် စက်ရုံခေါင်မိုးနှင့် နံရံများ၌ နေရောင်ခြည် အနည်းငယ် ဖြိုးဖျစွာ ကျရောက်နေ၏။ သစ်ပင်ရိပ်များမှာတော့ လေဝှေ့လိုက်တိုင်း ယိမ်းနွဲ့၍ ညမင်း၏ အစွယ်များကဲ့သို့ ခြောက်ခြားစရာ ကောင်းလေသည်။
ခပ်လှမ်းလှမ်းတစ်နေရာတွင် တောင်ကုန်းတစ်ခု ရှိနေသည်မှာလည်း သားကောင်ကြီး ဝပ်နေသကဲ့သို့ ဖြစ်၏။
ညနေခင်း (၇) နာရီဝန်းကျင်တွင် အလုပ်သမားများ အားလုံး ပြန်ကုန်ကြလေပြီ။
ရုံးထဲ၌ သော့ထိန်းများ စုစည်းလျက် ရှိ၏။
လျှိုချင်းမှာ ရိုးရာဝတ်စုံ ဝတ်ဆင်လျက်ပင် ရှိသော်လည်း ခရမ်းရောင်တောက်တောက်မှာ ဦးလေးကျန်းနှင့် အတူရှိစဉ်ကလို နူးညံ့လှပခြင်း မဟုတ်ပေ။ သူ့အမူအရာအမှန်ဖြင့် ပေါင်းစပ်ကာ အလွန် ဆွဲဆောင်မှု ရှိနေ၏။
လက်ထဲတွင် ရှေးဟောင်းအကြွေစေ့တစ်ခု ကိုင်ထားပြီး မီးအလင်းရောင်အောက်တွင် သေချာ ကြည့်နေသည်။
“လက်ရာက သေသပ်ပြီး အနုစိတ်တယ်။ နဂါးကလည်း အသက်ဝင်နေသလိုပဲ။ လှလိုက်တာ”
အလင်းရောင်အောက်၌ အကြွေစေ့၏ အသေးစိတ် အခြေအနေကို တွေ့နေရပြီး နှစ်ပေါင်းများစွာ ဖြတ်ကျော်ထားရသည့်တိုင် ဂုဏ်သိက္ခာတစ်ခု ရှိနေသေးသကဲ့သို့ အရောင်အဝါများ ထွက်နေ၏။
ထိုအရာမှာ လင်းချွမ် ဖန်တီးထားသော ဖုန်ထျန်း အကြွေစေ့ ဖြစ်လေသည်။
လျှိုချင်းဘေးတွင် ဥက္ကဋ္ဌလီမှာ ထူးဆန်းစွာ ပြုံး၍ ရပ်နေ၏။
“ဒီအကြွေစေ့ (၄၆) သန်းတောင် တန်တာကို အဲ့ကောင်လေး သိသွားလို့ကတော့ နောင်တတွေ အလိပ်လိုက် ရနေတော့မှာပဲ”
“ဟင်းဟင်း”
လျှိုချင်း ရယ်မောလျက်
“သူသိတဲ့အချိန်မှာလည်း အရမ်းနောက်ကျသွားပြီလေ”
“ငွေသားနဲ့ (၃) သန်း ပေးလိုက်ရတာတော့ နှမျောတယ်”
ဥက္ကဋ္ဌလီ သက်ပြင်းချ၍ ရေရွတ်၏။
လျှိုချင်း ဥက္ကဋ္ဌလီအား မျက်စောင်းတစ်ချက်ထိုး၍
“ရှင်က တော်တော် ရက်စက်တာပဲ။ (၃) သန်းလေးတောင် မပေးချင်ဘူးလား”
“(၃) သန်း မပြောနဲ့။ တစ်ပြားတစ်ချပ်တောင် မပေးချင်ဘူး”
ဥက္ကဋ္ဌလီ နှာခေါင်းရှုံ့၍ ပြောလိုက်၏။
သူ့လက်ထဲ အကြွေစေ့ ရနေပြီဖြစ်၍ လင်းချွမ်နှင့် ဆက်ဆံစဉ်ကကဲ့သို့ မဟုတ်ဘဲ မျက်လုံးများမှာ စူးရှအေးစက်နေသည်။
လျှိုချင်း အကြွေစေ့အား အားရအောင် ကြည့်ပြီးနောက် ပိုးသေတ္တာလေးထဲ ညင်သာစွာ သိမ်းလိုက်သည်။
“မစိုးရိမ်ပါနဲ့။ သူ့လက်ထဲက (၃) သန်းလည်း ပြန်ရအောင် ယူပြမယ်”
မှန်ပါသည်။
သူ့တွင် အခြားဝှက်ဖဲရှိနေသေး၏။
ဦးလေးကျန်း ဖြစ်သည်။
ဦးလေးကျန်းသာ ငါးစာလာဟပ်၍ ရှေးဟောင်းဆိုင် ဖွင့်လျှင် ငွေကြေး ထိန်းချုပ်နိုင်ကာ သူ့လက်ထဲအပိုင် ဖြစ်ပေတော့မည်။
လင်းချွမ်မှာလည်း ရှေးဟောင်းပစ္စည်းအကြောင်း နားမလည်သော လူသစ်ဖြစ်၍ သူ့လက်ခုပ်ထဲကရေ ဟုသာ တွေး၍ ယုံကြည်ချက်အပြည့် ရှိနေလေသည်။
သူ့အထင်များလည်း တစ်ခါမှ မမှားဖူးချေ။
နေဝင်ချိန် တဖြည်းဖြည်း ကုန်ဆုံး၍ လရောင်များ ပြန့်ကျဲလာသည်။
စက်ရုံပတ်ဝန်ကျင်၌ ရွှံ့စေးနံ့နှင့် သစ်ရွက်စိမ်းရနံ့များ ရောထွေးနေသည်။
စက်ရုံအပြင်ဘက်တွင် နေ့ဘက်ကဲ့သို့ လင်းထိန်နေသည့် ကားမီးရောင် ထိုးထားပြီး အနက်ရောင် ကားတစ်စီးထံမှ ဖြစ်သည်။
မကြာမီ ကားထဲမှ ဗလကြီးအချို့ ဗိုက်ရွှဲရွှဲအမျိုးသားအား ဝန်းရံ၍ ဆင်းလာကြပြီး ရုံးထဲ ဝင်သွား၏။
“ဝံပုလွေအို ရောက်ပါပြီ”
လျှိုချင်း ထိုလူကို ဂရုမစိုက်သလိုကြည့်၍ ပြုံးပြလိုက်သည်။
ထိုဝံပုလွေအိုဆိုသူမှာ အခန်းထဲရောက်သည်နှင့် အေးစက်စက်အသံဖြင့် အရင်မေးလေ၏။
“ပစ္စည်း ဘယ်မှာလဲ”
“ဒီမှာပါ”
လျှိုချင်း စားပွဲပေါ်မှ ပိုးသေတ္တာလေးအား လက်ညှိုးထိုးပြလိုက်သည်။
ဝံပုလွေအို လျှိုချင်းထံ လျှောက်လာပြီး သေတ္တာအား ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
ထို့နောက် အကြွေစေ့အားထုတ်၍ မီးရောင်အောက်၌ အကဲခတ်လေ၏။
“တကယ့် ပစ္စည်းကောင်းပဲ”
“ကျွန်မ ရှေးဟောင်းပစ္စည်းနဲ့ ပတ်သက်ပြီး နာမည်မပျက်ဖူးပါဘူး”
လျှိုချင်း ဂုဏ်ယူစွာ ပြောလိုက်သည်။
“ကောင်းပြီ။ ခဏနေ ပိုက်ဆံလွှဲလိုက်မယ်။ မျှော်လင့်ထားတဲ့အတိုင်း လုပ်နိုင်တာပဲ”
ဝံပုလွေအို ပြုံး၍ ပြောလိုက်ပြီး ပိုးသေတ္တာအား သိမ်းလိုက်၏။
လျှိုချင်းနှင့် ဥက္ကဋ္ဌလီတို့လည်း အချင်းချင်း ပြုံး၍ ကြည့်နေသည်။
ထို့နောက် ဝံပုလွေအိုမှ လျှိုချင်းအား အေးစက်စွာ ကြည့်၍
“သူဌေးက မှာလိုက်တာ ရှိသေးတယ်။ ငါးကို ထိန်းချုပ်နိုင်တာနဲ့ စလှုပ်ရှားပါတဲ့”
လျှိုချင်း ကွက်ခနဲဖြစ်သွားပြီး
“လှုပ်ရှားတယ်လား။ အဲ့ကောင်လေးကို ရှင်းရမှာလား”
“အဲ့ကောင်လေးတင်မကဘူး။ သူ့ကောင်မလေးကိုပါ နှစ်ယောက်လုံး စက်ရုံကို ခေါ်လာခဲ့”
“ရပါတယ်”
လျှိုချင်း ပြန်ပြုံးသွား၏။
“ဒါဆို ငါ သွားပြီ”
ဝံပုလွေအို ပြန်ထွက်သွားလေသည်။
“အဖမ်းမခံရအောင် ဂရုစိုက်ဦး”
“သောက်ပေါက်ကရတွေ လာမပြောနဲ့”
သူ ပြန်ကျိန်ဆဲ၍ ထွက်သွားသည်။
သို့သော် စက်ရုံအပြင်ရောက်သည်နှင့် အမှောင်ရိပ်ထဲတွင် အလင်းရောင်များ ဖျတ်ခနဲ တွေ့ရပြီး သူ နားမလည်နိုင် ဖြစ်နေသည်။
ထို့နောက် အလင်းရောင်များ ဆက်၍ ဆက်၍ လင်းလက်ကာ သူ သတိထားမိသွားတော့၏။
“အားလုံး ရပ်စမ်း။ ငါတို့ ရဲတွေပဲ”
သူ့အတွေးများ မပြီးဆုံးမီ အေးစက်စက် သေနတ်ပြောင်းဝမှာ သူ့နဖူး၌ တေ့ခံထားရပြီး ရုတ်တရက် လက်ကောက်ဝတ်၌ပါ လက်ထိတ် ပေါ်လာသည်။
သူ ငုတ်တုတ်ထိုင်ချလိုက်ရင်း ပတ်ဝန်းကျင်ကို အံ့ဩစွာ ငေးကြည့်နေမိသည်။
စက်ရုံတစ်ဝန်းလုံးအား ယူနီဖောင်းအပြည့်၊ လက်နက်အပြည့်ဖြင့် ရဲများ ဝိုင်းထားကြလေသည်။
ဝံပုလွေအိုမှာ လျှိုချင်းနှင့် လီတို့ကိုလည်း စိတ်ထဲမှ အဆက်မပြတ် ကျိန်ဆဲနေ၏။
ရဲကားဥဩသံနှင့် တဖျတ်ဖျတ်လက်နေသော အလင်းရောင်တို့မှာလည်း သူ့အတွက် ခြောက်ခြားစရာ ဖြစ်နေတော့သည်။