အဆက်အသွယ် ပြတ်ခြင်း
Vol. 9 Ch. 135
ညအချိန် တဖြည်းဖြည်း မှောင်လာကာ အန်လင်းရဲစခန်းကြီးသည် မြို့ထောင့်တစ်နေရာ၌ ထီးထီးကြီး ရပ်တည်နေ၏။
ဘေးပတ်ဝန်းကျင်လမ်းများမှာ ရှင်းလင်း အေးချမ်းနေပြီး ယာဉ်အချို့၏ ပဲ့တင်ထပ်သံမျှသာ ကြားရလေသည်။
ရဲစခန်းထဲ၌ ပြတင်းပေါက်ငယ်များမှတစ်ဆင့် ဝင်လာသော အလင်းဖျဖျက အမှောင်ထုအား ထိုးခွင်းထားသည်။
ကျားဖြန့်တိုက်ဖျက်ရေး စင်တာ။
လင်းချွမ်မှာ ထိုအမှု၏ အဓိကလူဖြစ်ပြီး လျှိုချင်း ဦးဆောင်သော ကျားဖြန့်အဖွဲ့အား သူဦးစီး၍ ဖမ်းခဲ့သည်ဟုပင် ဆိုနိုင်၏။
ဤသို့ဖြင့် နယ်စပ်ဒေသ ကျားဖြန့်အဖွဲ့ကြီးမှာ တစ်ချက်တည်းဖြင့် သူ့လက်ထဲ ကျရောက်လာတော့သည်။
ရှန်ချန်းချန်း လျှိုချင်းအား စစ်ဆေးပြီးနောက် အချက်အလက်များကို သေချာ ပြန်စုစည်း၍ စိတ်ပေါ့ပါးစွာဖြင့် ဧည့်ခန်းဘက်သို့ လျှောက်လာသည်။
ဧည့်ခန်းထဲ၌။
နူးညံ့နွေးထွေးသော အဝါရောင်မီးလုံးအောက်တွင် လင်းချွမ်တစ်ယောက် ဆိုဖာအနောက်ကိုမှီလျက် ဖုန်းကို အလျာလိုက်ကိုင်သုံးနေသည်။
သူ့ဘေးတွင် ကျန်းထိုင်နေပြီး သူလည်း ဖုန်းအလျားလိုက် ကိုင်ထား၏။
မျက်နှာမှာတော့ စိတ်ရှုပ်နေပုံ ပေါ်လေသည်။
“သူဌေး ကျွန်မ သေသွားပြန်ပြီ”
“ရပါတယ်။ ငါ ကယ်ပေးမယ်။ ရှေ့က အခန်း (၂) ခုထဲမှာ သွေးအိတ်တွေ ရှိသေးတယ်”
“ဒိုင်းကာဖို့ မေ့သွားပြန်ပြီ”
“ဘာမှမဖြစ်ဘူး။ ဒီသက်တန့်အကာ ပေးလိုက်မယ်။ ဟိုဘက်ခေါင်းဆောင်နဲ့ချရင် သုံးလိုက်”
“ကောင်းတယ်။ အဆင့်တက်ပြီ”
“…”
ရှန်ချန်းချန်း အခန်းထဲ ဝင်လာပြီး သေချာကြည့်မှ ဂိမ်းဆော့နေကြမှန်း သိလိုက်ရသည်။ ထို့နောက် ရယ်မော၍
“ရဲဘော်လင်းချွမ်နဲ့ မိန်းကလေးကျန်း အကြာကြီး စောင့်လိုက်ရတာ အားနာပါတယ်”
“စစ်ဆေးတာ အဲ့လောက်မြန်မြန် ပြီးသွားပြီလား”
လင်းချွမ် သူ့ကိုပြုံး၍ ကြည့်နေသည်။
“ရှင်ပဲ အားလုံး စီစဉ်ပေးခဲ့တာလေ။ မမြန်စရာ ရှိမလား”
ရှန်ချန်းချန်းပြုံး၍ ဆက်ပြော၏။
“ဒီလောက်လွယ်တဲ့အမှုမျိုး ပထမဆုံး ကြုံဖူးတာပဲ”
လိုအပ်သော အရေးကြီးအချက်အလက်များ အားလုံး ရထားပြီးဖြစ်၍ လျှိုချင်း ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ မထူးခြားလှပေ။
“ရဲမေရှန် ဒါဆို ကျွန်မတို့ ညစာသွားစားလို့ ရပြီလား”
ကျန်းမှ မျက်လုံးအရောင်လေးတောက်၍ ပြောလေ၏။
“ကျန်းက ဗိုက်ဆာနေပြီလား”
ရှန်ချန်းချန်း ပြုံး၍ မေးလိုက်သည်။
ကျန်းရှင်းရှင်း ရှက်သလိုလေးဖြင့် ဗိုက်ကိုပွတ်ကာ
“အင်း နည်းနည်းပေါ့”
“ဒါဆိုလည်း သွားကြတာပေါ့”
“ကောင်းပါပြီ”
“ရှင်းရှင်း အသားကင် ကြိုက်လား။ အရမ်းကောင်းတဲ့ ဆိုင်တစ်ခု သိထားတယ်”
“ကြိုက်တာပေါ့”
“အဲ့ကို ခေါ်သွားပေးမယ်”
“သူဌေးကရော”
“သူက အကုန်ကြိုက်တယ်လေ။ အသားရယ်၊ အရွက်ရယ် မရွေးပါဘူး”
“ဟုတ်လား အင်းနော်”
“…”
(၃) ယောက်သား နေရခက်မနေဘဲ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်နေ၏။
မိန်းကလေး (၂) ယောက်မှာ လင်းကန်အမှုအကြောင်း စိတ်ဝင်တစား ပြန်ပြောနေပြီး ဇာတ်လိုက် လင်းချွမ်မှာတော့ ခပ်အေးအေး နားထောင်ရင်း ညစာသာ စားနေသည်။
သူ နေ့လယ်က milk tea တစ်ခွက်သာ သောက်ထားရ၍ အလွန်ဗိုက်ဆာနေလေပြီ။
ထို့အပြင် အသားကင်မှာလည်း အမှန်ပင် အရသာ ရှိလွန်း၏။
ညမှာ တဖြည်းဖြည်း မှောင်မိုက်လာသည်။
ညနေခင်းလေပြေသည် အေးမြလျက် အန်လင်းမြို့မှ နီယွန်မီးရောင်များကြောင့် အသက်ဝင်လှသည်။
မကြာမီ အားလုံး စားသောက်ပြီးနောက် ရှန်ချန်းချန်းမှ လင်းချွမ်နှင့် ကျန်းတို့အား အိမ်ပြန်ပို့ပြီးမှ ပြန်သွားလေသည်။
“သူဌေးရဲ့ စာဖတ်သူတွေ နောက်နေတယ်ပဲ ထင်တာ။ တကယ် မှန်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး”
ကျန်း ရယ်မော၍ ပြောလိုက်၏။
လင်းချွမ် မျက်နှာပျက်သွားပြီးမှ
“ကျန်း အိပ်ချိန် ရောက်နေပြီနော်”
“ကျွန်မတစ်ယောက်တည်း အိပ်ရမှာ ကြောက်တယ်”
ကျန်း လင်းချွမ်လက်မောင်းအားဖက်လျက် မျက်လုံးလေး ကလယ်ကလယ်ဖြင့် မော့ကြည့်နေသည်။
“ကျန်း ဟိုမှာ ဘယ်သူလဲ ကြည့်ပါဦး”
လင်းချွမ် ရယ်မော၍ တစ်နေရာကို လက်ညှိုးထိုးပြလေသည်။
ကျန်း လန့်ဖျပ်၍ လှည့်ကြည့်လိုက်သောအခါ စတိုးဆိုင်တံခါးရှေ့တွင် လူလတ်ပိုင်း အမျိုးသားတစ်ဦး ထိုင်နေ၏။
“ဖေဖေ”
သူ မျက်မှောင်ကြုတ်မိသွားသည်။
ဦးလေးကျန်းမှာ အနောက်တိုင်းဝတ်စုံဖြင့် ဆံပင်ကို သပ်ရပ်စွာ ဖြီး၍ အပြည့်ပြင်ဆင်ထားသော်လည်း ကြောင်နာလေးကဲ့သို့ မျက်နှာငယ်ဖြင့် စိတ်ဓာတ်ကျစွာ ထိုင်နေ၏။
လင်းချွမ်နှင့် ကျန်းတို့ သူ့အနား လျှောက်သွားလိုက်ကြသည်။
“အဖေ ဘာဖြစ်နေတာလဲ”
ကျန်း မျက်မှောင်ကြုတ်၍ မေးလိုက်၏။
ထိုအခါ ဦးလေးကျန်း မော့ကြည့်လိုက်ပြီး သူ၏ ချစ်လှစွာသောသမီးလေးနှင့် သားမက်စု ထင်ထားသည့် လင်းချွမ်တို့ကို တွေ့ရသည်။
“ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်း ထိုင်ချင်လို့”
ကျန်း ခဏငြိမ်နေပြီးမှ
“အဖေ လျှိုချင်းနဲ့ သွားမတွေ့ဘူးလား”
“အင်း”
သူ တိုးညှင်းစွာ ပြန်ဖြေသည်။
သူ ဒီကြားထဲ နှစ်ယောက်တည်း ထပ်တွေ့ဖြစ်ခဲ့ပြီး သူ့သမီးနှင့် အဆင်ပြေနေသောကြောင့် ပို၍ ယုံကြည်လာခဲ့သည်။
သို့သော် ရှေးဟောင်းပစ္စည်းဆိုင် ဖွင့်ရန်ကိုတော့ အချိန်ခဏစောင့်ပေးရန် ပြောခဲ့သည်။
ထို့ကြောင့် လျှိုချင်းမှ သူ့အလုပ်ကို အားမပေးဟု ဆိုကာ စိတ်ဆိုးသွားခဲ့သည်။ ဤသို့ဖြင့် ဦးလေးကျန်းလည်း သူ့သမီးကို ဖျောင်းဖျပေးမည်ဟူသော ကတိကို မဖြစ်မနေ ပေးလိုက်ရတော့၏။
ယနေ့ညတွင် သူတို့ဆက်ဆံရေး ပြန်အဆင်ပြေစေရေးအတွက် အန်လင်းမြစ်ထဲ လှေစီးကြရန် ချိန်းထားသော်လည်း ရောက်မလာပေ။
ဖုန်းခေါ်၊ စာပို့ခြင်းများကိုလည်း အဖက်မလုပ်ဘဲ စက်သာပိတ်ထား၏။
သူ လျှိုချင်းအိမ်အထိပင် လိုက်သွားခဲ့သော်လည်း မည်သူ့ကိုမျှ မတွေ့ခဲ့ရချေ။
လျှိုချင်းမှာ သူ့ကို တမင်ရှောင်နေပြီး ည (၁၀) နာရီ ကျော်သည့်တိုင် သတင်းအစအန လုံးဝ မကြားရ ဖြစ်နေသည်။