လူလိမ်ဘုရင်
Vol. 9 Ch. 125
နောက်တစ်နေ့။
မေလ (၂၈) ရက်။
လိမ္မော်နီရောင် နေဝန်းကြီး ကောင်းကင်မှ တဖြည်းဖြည်း ထွက်ပေါ်လာကာ လမ်းမပေါ်သို့ ရောင်ခြည်များ ဖြာကျနေသည်။
လင်းချွမ်တို့ ဥက္ကဋ္ဌလီနှင့် တွေ့ဆုံရန် ချိန်းထား၍ ယွီမင်စားသောက်ဆိုင်သို့ ရောက်လာကြပြန်သည်။
ယခုတစ်ခါ ရှေးဟောင်းပစ္စည်း၏ တန်ကြေးနှင့် လိုက်ဖက်စေရန်တော့ စကူတာမဟုတ်ဘဲ ဇိမ်ခံကားအကောင်းစား စီးလာ၏။
ကား - မာစီဒီး။
ယာဉ်မောင်း - ဝမ်ကျီခန်။
“လင်း မင်း မိုက်နေပြီကွာ”
ဝမ်ကျီခန် အရှေ့တွင် ကားမောင်းရင်း လင်းချွမ်နှင့် ကျန်းတို့ ကားပေါ်တက်လာ၍ လှည့်ပြောလိုက်သည်။
ဒီကောင်တော့ကွာ။
သူ လင်းချွမ်တစ်ယောက်တည်း အထီးကျန်၍ ရည်းစားမရမည်ကို အလွန်စိုးရိမ်နေခဲ့သော်လည်း ယခုတော့ သူ့အနားတွင် မိန်းကလေးများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေ၏။
ကျန်းမှာ ပန်းပွင့်အဆင် ဂါဝန်လေး ဝတ်ဆင်ထားပြီး ရုပ်ရှင်မင်းသမီးအလား လှပနေလေသည်။
လင်းချွမ် ပြောပြ၍ ပတ်သက်မှုကိုတော့ သိထားပြီး ဖြစ်၏။
“ကားဆရာ ယွီမင် စားသောက်ဆိုင်ကို မောင်းပေးနော်”
လင်းချွမ် နောက်ခန်းတွင် ကျန်းနှင့်အတူ ထိုင်ရင်း လှမ်းပြောသည်။
ဝမ် အနည်းငယ် ရှုံ့မဲ့သွားသော်လည်း ကောင်မလေးနှင့်အတူ ရှိနေသော သူ့ညီကို ထောက်ထား၍ အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။
“နောက်ခန်းက ခရီးသည်တို့ ထိုင်ခုံခါးပတ်ကို သေချာပတ်ထားကြပါ။ အခုပဲ ယွီမင်စားသောက်ဆိုင်ကို စထွက်ပါပြီ”
လင်းချွမ် ရယ်မောကာ
“အစ်ကိုဝမ် ကျွန်တော်တို့ကို ခေါ်ဖို့ အစောကြီး ထလာလိုက်ရတယ်။ အိပ်မက်ကောင်းနေတာကို ဖျက်ဆီးမိတာတော့ မဟုတ်ဘူးမလား”
“ဆရာက လိုအပ်တယ်ဆိုရင် သေချာပေါက် လာပေးရမှာပေါ့ဗျာ”
“တော်ပါ။ မနောက်နဲ့တော့”
လင်းချွမ် ရယ်မောကာ ပြန်ပြောသည်။
“ဒီတစ်လော ဝတ္ထုလည်း ပြီးပြီဆိုတော့ စောစောအိပ်ဖြစ်နေတာလေ။ ချီချီက ပြောလို့လည်း ပါတာပေါ့”
“ဟုတ်တယ်။ ကျန်းမာရေး ဂရုစိုက်ဦး”
“ဒါနဲ့ ယွီမင်စားသောက်ဆိုင်ကို မနက်အစောကြီး ဘာသွားလုပ်မှာလဲ”
ဝမ်မှ မေးလိုက်၏။
လင်းချွမ် သူ့လက်ထဲမှ ဘူးအား ပုတ်ပြ၍
“ရှေးဟောင်းပစ္စည်း နည်းနည်း ရထားတယ်လေ။ အဲ့တာ သွားစစ်ခိုင်းမလို့”
“ဘယ်လို”
ဝမ် အံ့ဩစွာဖြင့်
“မင်း အဲ့နယ်ပယ်ထဲ ရောက်နေပြီလား။ တော်တော် လိုင်းစုံတဲ့ကောင်။ ကျားဖြန့်တိုက်ဖျက်ရေး ဝတ္ထုပြိုင်ပွဲကရော”
“နောက်တစ်ဆင့်က မေလ (၃၁) ရက်နေ့မှလေ။ (၃) ရက်တောင် လိုသေးတယ်”
“ဟုတ်တယ်နော်။ လင်း ငါရော ဆုရနိုင်မယ် ထင်လား”
“ဒုတိယလောက်တော့ ရမှာပေါ့”
“မင်းကရော”
“ပထမလေ”
“ပထမဆုတစ်ယောက်ပဲ ရုပ်ရှင်အဖြစ် ဖန်တီးခံရမှာလေ”
ဝမ် မကျေမနပ် ပြောလေ၏။
“ကျွန်တော့်ဝတ္ထုကို စောင့်နေလိုက်ပါ။ ရုပ်ရှင် ဖြစ်သွားရင် အရင်ဆုံး ပြပေးမယ်”
“ငါ့ဇာတ်လမ်းက ပိုကောင်းတယ် ထင်တာပဲ။ ရုပ်ရှင် ရိုက်ရင် ငါက ပိုအဆင်ပြေမှာ”
လင်းချွမ် ရယ်မောကာ
“ကျားဖြန့်အတွက် လိုအပ်တဲ့စည်းမျဉ်းတွေကို ဘယ်သူ သင်ပေးထားလဲ မေ့နေပြီလား”
“ဟင်”
ထိုအခါမှ ဝမ် ငြိမ်ကျသွားတော့သည်။
မကြာမီ စားသောက်ဆိုင်သို့ ရောက်သွားကြ၏။
ဝမ်ကျီခန် ကားထဲ၌သာ စောင့်နေပြီး လင်းချွမ်တို့ကတော့ ဘူးတစ်ဘူးကိုင်၍ ဆိုင်ထဲ ဝင်သွားလေသည်။
လာကြိုသူမှာ အရင်မိန်းကလေးသာ ဖြစ်၏။
အခန်းတစ်ခုရှေ့ ခေါ်သွား၏။
“ဥက္ကဋ္ဌလီ စောင့်ရတာ ကြာသွားရင် အားနာပါတယ်နော်”
လင်းချွမ် ဘူးလေးကို ဘေးတွင်ချ၍ ပြောလိုက်သည်။
လီမှာ နွေးထွေးစွာ ပြုံး၍
“သူဌေးလင်းနဲ့ မိန်းကလေးကျန်း ကျွန်တော်လည်း အခုပဲ ရောက်တာပါ။ လက်ဖက်ရည်ပဲ သောက်မလား”
“ဟုတ်ကဲ့”
လီ လက်ဖက်ရည်ငှဲ့ပေးရင်း
“အရင်တစ်ခါ လက်ကောက်ကိုလေ မိန်းမက အရမ်းကြိုက်နေတာ။ ကျေးဇူးတင်စကားလည်း ပြောခိုင်းလိုက်တယ်”
“ကျွန်တော်တို့က ကျေးဇူးတင်ရမှာပါ။ ရှေးဟောင်း ပစ္စည်းဈေးကွက်အတွက် လမ်းညွှန်ပေးခဲ့တဲ့သူပဲ”
“ဟားဟား ဒီအတိုင်း အကြံဉာဏ်တွေ ဖလှယ်ရုံပါပဲဗျာ”
လီ ရယ်မော၍ ပြောလိုက်၏။
“မနေ့က အရှေ့လမ်းဘက်မှာ ပစ္စည်းကောင်းတွေ ရလာတဲ့ပုံပဲ”
“ဒီအတိုင်း လက်ရည်စမ်းရုံပါ။ အတုလား၊ အစစ်လားကတော့ ဥက္ကဋ္ဌလီကိုပဲ အားကိုးရတော့မှာ”
ထို့နောက် ဘူးထဲမှ ပစ္စည်းများ တစ်ခုပြီးတစ်ခု ထုတ်ပြလေ၏။
လီ လက်ဖက်ရည်တစ်ကျိုက်သောက်၍ ရွှမ်တီမီးဖိုကို အရင်ယူကြည့်လိုက်သည်။
“ဥက္ကဋ္ဌလီ အမှန်အတိုင်းသာ ပြောပြပါနော်”
လင်းချွမ် စကားကြောင်းပေး၏။
“သူဌေးလင်း ဒါကို ဘယ်လောက်နဲ့ ဝယ်ခဲ့တာလဲ”
သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“(၃၅၀၀) နဲ့ပါ”
လင်းချွမ် တမင် ဈေးများစွာတင်၍ ပြောလိုက်၏။
ထို့နောက် ဥက္ကဋ္ဌလီ တောက်တစ်ချက် ခေါက်လိုက်ကာ
“သူဌေးလင်း ကျွန်တော် မညာချင်ဘူးဗျာ။ ဒါက လုံးဝ စက်ရုံထုတ်ကြီးဗျ”
“ဘယ်လိုလုပ်ထားတာလဲဆိုတာ အသေးစိတ် ပြောပြလို့ရလား”
“သူဌေးလင်းက လူသစ်ဆိုတော့ ဒါတွေ နားလည်ဦးမှာ မဟုတ်ဘူး။ ဒီထောင့်နားကို ကြည့်ကြည့်…”
သူ့အမြင်တွင် လင်းချွမ်တို့မှာ ရှေးဟောင်းပစ္စည်း ဗဟုသုတ လုံးဝမရှိသော လူငယ်လေးသာ ဖြစ်၏။
“ဥက္ကဋ္ဌလီ ဒါတွေလည်း ကြည့်ပေးပါဦး”
လင်းချွမ် တစ်ခုပြီးတစ်ခု ထိုးပြရင်း နောက်ဆုံးမှ အကြွေစေ့ကို ပြလိုက်၏။
လီလက်ဖက်ရည် အေးဆေးသောက်၍ တစ်ယွမ်ပင် မတန်လောက်ဟု ထင်ထားသော အကြွေစေ့အား ယူကြည့်လိုက်သည်။
သို့သော် ရုတ်တရက် မျက်မှောင်ကြုတ်သွားမိ၏။ ထို့နောက် သေချာ စူးစိုက်၍ စစ်ဆေးကြည့်ရင်း ရင်ခုန်သံများ မြန်လာသည်။
“သူဌေးလင်း ကျွန်တော် သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်။ ခွင့်ပြုပါဦးနော်”
သူ လင်းချွမ်တို့ အမူအရာကိုပင် မစောင့်နိုင်တော့ဘဲ အမြန် ပြေးသွား၏။
ထို့နောက် လူတစ်ယောက်ကို ဖုန်းဆက်လိုက်သည်။
“ဟယ််လို အစ်မလျှို”
လီ အသက်ကိုလုရှူရင်း ပြော၏။
“ဟိုကလေးနှစ်ယောက်နဲ့ အခြေအနေ ဘယ်လိုလဲ။ အဆင်ပြေရင် ဈေးဘက်ခေါ်ခဲ့လေ။ အောင်မြင်မှုကို အရင်ခံစားခိုင်းရမယ်”
တစ်ဖက်အမျိုးသမီးမှ ပြောလိုက်သည်။
လင်းချွမ်တို့သာ ဘေး၌ရှိလျှင် ထိုအသံကို ချက်ချင်း မှတ်မိပေမည်။
“အစ်မလျှို အခြေအနေက ပြောင်းသွားပြီ”
“ဘာဖြစ်တာလဲ”
“အဲ့ကောင်လေး ပစ္စည်းကောင်း တကယ် ရထားပုံပဲ”
“သူက ဘာသိလို့လဲ။ မနေ့ကတောင် သူ့ဆီက ငါ ယူကြည့်လိုက်ပါသေးတယ်။ ဘာတန်ဖိုးမှ မရှိတာတွေချည်းပဲ”
“ဟုတ်တယ်။ သူ ပြတာတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ အကြွေစေ့တစ်ခု ပါလာတယ်”
“ဘာအကြွေစေ့လဲ”
“ဖုန်ထျန်းအကြွေစေ့ပါ”
လျှိုချန်း အံ့ဩစွာဖြင့်
“မင်းပါ အလိမ်ခံနေရပြီလား။ ဖုန်ထျန်းအကြွေစေ့က တစ်ခုပဲရှိတော့တာလေ။ သူ့ဆီ ဘယ်လိုလုပ် ရောက်လာမှာလဲ”
“ကျွန်တော်လည်း မယုံနိုင်ဘူး။ ဒါပေမဲ့ တကယ့် အစစ်အတိုင်းပဲ”
“နေစမ်းပါဦး။ အသေးစိတ် ပြောစမ်း”
“ဟုတ်ကဲ့”
လီ သူ မှတ်မိသလောက် အရွယ်အစား၊ ပုံပန်းသွင်ပြင်၊ အလေးချိန် စသဖြင့် ပြောပြလိုက်သည်။
“မင်းပြောတဲ့အတိုင်းဆိုရင် တော်တော်တော့ဆင်တယ်”
“တကယ်သာဆိုရင် ကျွန်တော်တို့…”
“အင်း မင်း အဲ့အကြွေစေ့ရအောင် လိမ်ယူကြည့်ပါလား။ အနည်းဆုံး ဗီဒီယိုရိုက်နိုင်ရင်တော့ ကြည့်ပေးလို့ရတယ်”
အခန်းထဲ၌။
လီ ထွက်သွားပြီးနောက် ကျန်း လင်းချွမ်အနားကပ်၍
“သူ ကျွန်မတို့လိမ်ထားတာကို သိသွားပြီလား”
“မစိုးရိမ်ပါနဲ့။ ကျွန်တော် အဲ့လို မကျရှုံးဖူးဘူး”
“ဟင်”
ကျန်း မျက်မှောင်ကြုတ်၍ သူ့ကို ကြည့်နေ၏။
“မကျရှုံးဖူးဘူးဆိုတော့ ရှင်က အရင် ဒါမျိုး လုပ်ဖူးလို့လား”
လင်းချွမ် မျက်နှာပျက်သွားကာ စသလို နောက်သလိုဖြင့်
“ကျွန်တော်က ဘာလို့ လုပ်ဖူးရမှာလဲ”
“မရိုးသားတဲ့လူကြီး”
“နောက်နေတာပါဗျာ”
လင်းချွမ် ရယ်မောကာ ပြောလိုက်၏။
သူ ပုံရိပ်ယောင်လောကတွင်တော့ အမှန်ပင် မကျရှုံးဖူးပေ။