(၄၆) သန်း
Vol. 9 Ch. 126
ယွီမင် စားသောက်ဆိုင်။
လီ လျှိုချင်းနှင့် ဖုန်းပြောပြီးနောက် စိတ်ထဲတွင် အစီအစဉ်ဆွဲကာ အခန်းထဲ တက်ကြွစွာ ပြန်ဝင်လာသည်။
“သူဌေးလင်းနဲ့ မိန်းကလေးကျန်း စောင့်ရတာ ကြာသွားပြီလား”
“ရပါတယ်ဗျာ”
လင်းချွမ် လက်ယမ်းပြ၍ ပြောလိုက်သည်။
“ဒီနေ့ ကျွန်တော်တို့က သက်သက်လာရှုပ်တာပဲ။ စောင့်ပေးရမှာပေါ့ဗျ”
“ကျေးဇူးပဲဗျာ”
လင်းချွမ် လက်ဖက်ရည်တစ်ငုံသောက်၍
“ဥက္ကဋ္ဌလီ ဒီအကြွေစေ့လည်း ကြည့်ပေးပါဦး”
သူ တုန်တုန်ရီရီဖြင့် ယူကြည့်လိုက်သည်။
ထို့နောက် မျက်မှောင်ကြုတ်ကာ ပြန်ဆန်းစစ်နေပြန်သည်။
“သူဌေးလင်း ဒီအနားစောင်းလေးကို ကြည့်လိုက်။ ငွေရည်စားနေတယ် တွေ့လား။ အလယ်မှာက ပိုတောက်နေတယ်လေ”
“အဲ့တော့ အစစ်လား”
လင်းချွမ် အားရဝမ်းသာ မေးလိုက်၏။
“အဲ့တာက…”
သူ သက်ပြင်းချ၍ ခေါင်းယမ်းကာ
“သူဌေးလင်းကတော့ သိမှာမဟုတ်ဘူး။ ဒီလိုအကြွေစေ့က ၁၉၀၃ ခုနှစ်မှာ ထွက်တာလေ။ တစ်ကမ္ဘာလုံးမှာ တစ်ခုပဲ ရှိတယ်။ အဲ့တာကလည်း ဟုန်ရှီပြတိုက်မှာလေ။ အဲ့တော့ ဈေးကွက်ထဲမှာ ရှိနေတာတွေက အကုန် အတုတွေချည်းပဲ”
လင်းချွမ် အိုက်တင်အပြည့်ဖြင့် ဝမ်းနည်းသွားသလို လုပ်လိုက်သည်။
“ဥက္ကဋ္ဌလီရယ် သေချာ ထပ်ကြည့်ပါဦး”
“ခင်ဗျားရလာတာက အဆင့်မြင့်လုပ်ထားတဲ့ အတုပဲ”
“ဒီနေ့ အချိန်ပေးခဲ့တာ ကျေးဇူးပါပဲဗျာ”
လင်းချွမ် သက်ပြင်းချကာ အကြွေစေ့အား ပြန်ယူလိုက်၏။ ထို့နောက် စိတ်ပျက်လက်ပျက်ပုံဖြင့် ကျန်းလက်ကိုဆွဲ၍ ထထွက်ရန် ပြင်လေသည်။
“သူဌေးလင်း”
လီ လှမ်းခေါ်၍ လင်းချွမ် တုံ့ခနဲ ဖြစ်သွားသည်။
“ဟုတ်ကဲ့ ဘာများ ပြောချင်လို့ပါလဲ”
“အဲ့အကြွေစေ့ကို ဘယ်လောက်နဲ့ ဝယ်ခဲ့လဲ မေးလို့ရမလား”
“(၁) သိန်း (၂) သောင်းနဲ့ပါ”
လီ သက်ပြင်းချပြီးမှ
“သူဌေးလင်း ကျွန်တော့်မှာ အကြွေစေ့စုတာ သဘောကျတဲ့ မိတ်ဆွေတော့ ရှိတယ်။ သူဌေးလင်း အရမ်းမရှုံးချင်ဘူးဆိုရင် သူ့ဆီ (၂) သောင်းလောက်နဲ့ ပြန်ရောင်းမလား”
“(၂) သောင်းလား”
“ဟုတ်တယ်။ လူရင်းဈေးပဲ”
လင်းချွမ် အကြွေစေ့ကို သေချာပြန်ကြည့်၍ ခေါင်းယမ်းကာ
“ဥက္ကဋ္ဌလီ ဒါက ကျွန်တော်ဝယ်ခဲ့သမျှထဲ တန်ဖိုး အကြီးဆုံးပဲ။ ဘာပဲဖြစ်ဖြစ် သင်ခန်းစာယူဖို့ သိမ်းထားချင်တယ်ဗျာ”
“သူဌေးလင်း တွေးထားတဲ့ဈေးများ ရှိလို့လား”
သူ ထပ်မေး၏။
ညှိနှိုင်းမှု ငြင်းဆိုခြင်းမှာ ဈေးမကိုက်၍ ဖြစ်ပါသည်။
လင်းချွမ် ရယ်ချင်စိတ်ကိုထိန်း၍
“ကျွန်တော့်ကို ရယ်တော့ မရယ်နဲ့ဗျာ။ ကျွန်တော် ဒီအကြွေစေ့ဝယ်တော့ အစစ်ရဲ့ ဓာတ်ပုံနဲ့ တိုက်ကြည့်သေးတယ်။ သေချာပေါက် (၁၀) သန်းလောက် တန်မယ်ပဲ ထင်တာ”
ထိုအခါ လီ တစ်ချက်မျက်နှာပျက်သွားပြီးမှ ပြုံး၍
“ဒါမျိုးက လူတိုင်း တွေးကြတာပါပဲ”
“ဟုတ်ပါ့နော်။ တကယ် ငတုံးလိုပဲ”
လင်းချွမ် ရှက်ရွံ့စွာာပြော၏။
လီ ခဏစဉ်းစားပြီးနောက်
“သူဌေးလင်း ကျွန်တော်လည်း အပေါ်ယံလေး လက်နဲ့ခြစ်ကြည့်ပြီး ပြောရတော့ အရမ်းတော့ မတိကျဘူး။ အဆင်ပြေရင် ဗီဒီယိုလေး ရိုက်သွားလို့ ရမလား။ ပိုတတ်ကျွမ်းတဲ့သူကို ပြကြည့်ပေးမယ်လေ”
“အဲ့တာက…”
လင်းချွမ် တွေဝေသလို ဖြစ်နေ၍ ကျန်းမှ ဝင်၍
“သူတို့သာ သေချာကြည့်ပေးရင် ကံကောင်းနိုင်တာပေါ့နော်”
“ဒါပေါ့”
“ကောင်းပါပြီ”
လင်းချွမ် ခွင့်ပြုသည်နှင့် လျှိုချင်းအား ပြန်ပြရန် လီ သေချာ တိုင်းထွာနေတော့၏။
“ဂရုစိုက်ကိုင်နော်”
လင်းချွမ် လှမ်းသတိပေးသည်။
သူတို့ လမ်းခွဲ၍ အိမ်ပြန်ချိန်၌ နေ့လယ်ပင် စောင်းနေလေပြီ။
“သူဌေး သူတို့ တကယ် အစစ်လို့ ထင်သွားတာလား”
“ဒါပေါ့”
လင်းချွမ် ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။
“(၄၆) သန်းတောင်ကို။ အဲ့လောက် လွယ်ပါ့မလား”
“ရှေးဟောင်းပစ္စည်းဈေးကွက်ဆိုတာ နေ့ချင်း ညချင်း ချမ်းသာနိုင်သလို နေ့ချင်းညချင်း မွဲသွားနိုင်တာပဲ”
လင်းချွမ် ကျန်းခေါင်းလေးကို ပုတ်၍ ပြောလေ၏။
“ဒါနဲ့ သူဌေးတစ်ခါပြောဖူးတာ လျှိုချင်းက ကျားဖြန်ကဆို။ ရှေးဟောင်းဈေးကွက်နဲ့ ဘာဆိုင်လို့လဲ”
“ဘာလို့ မဆိုင်ရမှာလဲ”
“နားမလည်ဘူး”
ကျန်း ခေါင်းယမ်းပြ၏။
“သူတို့ ကျားဖြန့်ကရတဲ့ ပိုက်ဆံတွေက မသန့်ဘူးလေ။ ဒီအတိုင်း သုံးလို့မရတော့ ငွေဖြူပြောင်းတာပေါ့”
“ငွေဖြူလား”
“ငွေဖြူပြောင်းတဲ့နည်းတွေကတော့ အများကြီးပဲ။ အခုက အဲ့ထဲက တစ်ခုပေါ့”
“ကျွန်မတို့ ရဲခေါ်ရမလားဟင်”
“အခုက သက်သေမရှိသေးဘူး”
“သက်သေရှာရင် အန္တရာယ်ရှိတယ်မလား”
“အင်း။ မင်းလည်း ဂရုစိုက်။ တစ်ယောက်တည်းတွေ လျှောက်မသွားနဲ့”
“သူဌေး”
“ဟင်”
“တစ်ယောက်တည်း အိပ်တာကရော”
ကျန်း မျက်လုံးလေးဝိုင်း၍ မေးလိုက်၏။
လင်းချွမ် ရင်ခုန်သံမြန်လာသည်ကို ထိန်း၍
“ကယ်ကြပါဦးဗျို့။ မိန်းကလေးတစ်ယောက် အကြမ်းဖက်နေလို့”
“ဟွန့်”
“ကဲပါ။ နေ့လယ်စာ သွားစားကြမယ်”
“အကြွေစေ့ ကိစ္စကရော”
“သူတို့ မကြာခင် ဆက်သွယ်လာမှာပေါ့”
…
ယွီမင်စားသောက်ဆိုင်၌။
လီ သူ့ကားပေါ်တက်၍ လျှိုချင်းထံ သုတ်ခြေတင် မောင်းလေသည်။
ထို့နောက် လမ်းကြားမှ ဆိုင်ငယ်လေးတွင် ဆုံကြ၏။
“အစ်မလျှို”
အခန်းထဲတွင် နှစ်ယောက်တည်း ရှိ၏။
“ပစ္စည်း ယူလာလား”
“ဟင့်အင်း။ ကျွန်တော်က အတုလို့ ပြောထားပေမဲ့ အမှတ်တရ သိမ်းထားချင်တယ် လုပ်နေတာ”
“တကယ် သိမ်းမယ်တဲ့လား။ ကဲပါ။ ဓာတ်ပုံသာပြ”
“ဟုတ်ကဲ့”
သူ အတိုင်းအတာများ ထုတ်ပြလိုက်သည်။
လျှိုချင်း ဘာမှမပြောနိုင်ဘဲ သေချာစိုက်ကြည့်ရင်း ရင်ခုန်သံမြန်လာသည်။
တကယ် အစစ်ပဲ။
“ငါတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး ဖြစ်နေတယ်”
“အဲ့တာပြောတာ။ ဒါပေမဲ့ တအားတူနေတယ်နော်”
“ဆရာ့ကို မေးရမှာပေါ့”
“ဟုတ်ကဲ့ပါ”
ထို့နောက် လျှိုချင်း နောက်တစ်ရာ ဆက်သွားပြီး
“ဆရာ ဒီအကြွေစေ့ စစ်မစစ် ကြည့်ပေးပါဦး”
ထိုလူမှာ သေချာကြည့်၍ သက်ပြင်းချကာ
“ဒုတိယမြောက် ဖုန်ထျန်းအကြွေစေ့ ပေါ်လာပြီပဲ”
လျှိုချင်း လန့်ဖျပ်သွား၏။
လင်းချွမ်က တကယ့်အမြင် ရှိတာပဲ။
(၄၆) သန်းဆိုရင်တောင် တန်ပါတယ်။