လဲလှယ်ခြင်း
Vol. 9 Ch. 129
ဥက္ကဋ္ဌလီရယ်မော၍ ဆက်ပြော၏။
“သူဌေးလင်း ကျွန်တော့်မိတ်ဆွေက မျက်နှာတော့ မပြချင်ဘူးဆိုလို့လေ။ ရှင်းစရာကိစ္စတွေအကုန် ကျွန်တော်ပဲ လုပ်ပေးပါမယ်”
“ရပါတယ်ဗျာ။ ကိစ္စမရှိပါဘူး”
လင်းချွမ် ခပ်အေးအေးပြော၍ ထိုင်ရန် နေရာပေးလိုက်၏။
ထို့နောက် အားလုံး ထိုင်လိုက်ပြီးသောအခါ ကိုယ်ရံတော်များမှ သေတ္တာများအား ဖွင့်ပြလေသည်။
လင်းချွမ် ပိုက်ဆံအုပ်အချို့ ကိုင်ကြည့်လိုက်၏။
သူ ပုံရိပ်ယောင်လောကတွင် အလုပ် အတော်စုံနေပြီ ဖြစ်သောကြောင့် ပိုက်ဆံအကြောင်းလည်း သိနေလေပြီ။
ငွေသားများအားလုံး အမှားမရှိမှန်း သေချာသောအခါ လင်းချွမ် သေတ္တာများ ပြန်ပိတ်လိုက်ပြီး ရယ်မော၍
“ဒီလောက် ပိုက်ဆံတွေအများကြီး ပထမဆုံး တွေ့ဖူးတာဆိုတော့ ပြန်ဆင်းရဲမှာတောင် ကြောက်နေပြီ။ ဥက္ကဋ္ဌလီကြောင့်ပဲ”
လီ ပြုံးလျက်
“သူဌေးလီက လုပ်ပြီဗျာ။ သူဌေးအရည်အချင်းနဲ့ ဒီလောက် ပမာဏက ဘာမှမဟုတ်ပါဘူး”
“မြှောက်လွန်းနေပါပြီဗျာ။ ကျန်တဲ့ (၃) သန်းက…”
လင်းချွမ် စကားစပေးလိုက်၏။
“ကျန်တဲ့ (၃) သန်းက… ပစ္စည်းကို စစ်ဆေးပြီးလို့ မှန်တာသေချာရင် ချက်ချင်း အကောင့်ထဲ လွှဲပေးပါ့မယ်”
“ကောင်းပါပြီဗျာ”
လင်းချွမ် သဘောတူကာ ခေါင်းငြိမ့်ပြ၍ အိတ်ကပ်ထဲမှ အကြွေစေ့အား ထုတ်ပေးလိုက်သည်။
လီနှင့် ဆရာကျန်းတို့ အကြွေစေ့ကိုယူ၍ သေချာ စစ်ဆေးလေ၏။
မျက်လုံးအရောင်များမှာတော့ ရှားပါးရတနာအား တွေ့ရသကဲ့သို့ တောက်ပနေကြသည်။
ထို့နောက် မှန်ဘီလူးပင်ထုတ်၍ အသေးစိတ် ကြည့်ရှုနေကြတော့သည်။
ပုံစံမှာ ပြစ်မှုစုံစမ်းနေသော စုံထောက်များနှင့်ပင် တူသေး၏။
ဥက္ကဋ္ဌလီလည်း ဘေးမှကြည့်နေရင်း အလွန်စိတ်လှုပ်ရှားနေသည်။
သူ မနေ့ညကလည်း တုန်လှုပ်နေ၍ သေချာ မအိပ်ခဲ့ရပေ။
ယွမ် (၄၆) သန်းတန် အကြွေစေ့မှာ လက်ထဲ မကြာခင် ရောက်လာတော့မည်ဟူသော အတွေးကြောင့် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူတို့အဖွဲ့အတွက်တော့ အောင်မြင်မှုကြီး ဖြစ်လေသည်။
အချိန်ခဏကြာပြီးနောက် ဆရာကျန်း ခေါင်းငြိမ့်ပြ၍
“မှန်ပါတယ်။ ဒါ အစစ်ပဲ”
ဥက္ကဋ္ဌလီ ထိုအခါမှ သက်ပြင်းချနိုင်တော့၏။
ထို့နောက် ဖုန်းထုတ်၍ ပိုက်ဆံချက်ချင်း လွှဲလိုက်သောအခါ လင်းချွမ်ဖုန်း၌ အချက်ပေးသံ ပေါ်လာသည်။
လင်းချွမ် ကျေနပ်စွာ ပြုံးသွားပြီး
“ဆရာတို့နဲ့ အလုပ်တွဲလုပ်ခွင့်ရတာ တကယ် ဂုဏ်ယူမိပါတယ်”
“ကျွန်တော်တို့ရောပါပဲ”
လီနှင့် ဆရာကျန်းတို့လည်း ဝမ်းသာနေကြသည်။
ထို့နောက် လင်းချွမ် သေတ္တာနှစ်လုံးဆွဲ၍ ကျန်းဆီသို့ ရောက်လာသည်။
သူ့ခြေလှမ်းများမှာ ယုံကြည်ချက်အပြည့်ဖြင့် ခိုင်မြဲနေသည်။
“သူဌေး ဒီမှာ အအေး”
ကျန်း လင်းချွမ်ကို တွေ့သောအခါ ပြုံး၍ ပြောလိုက်သည်။
အမှန်အတိုင်းဆိုရသော် ထိုသို့ ငွေအလဲအလှယ်ကို လင်းချွမ်တစ်ယောက်တည်း ပြုလုပ်ခြင်းအား အလွန် စိတ်ပူနေခဲ့ရပါသည်။
သို့သော် သူပါလိုက်လျှင် ပို၍ ပြဿနာကြီးနိုင်သောကြောင့် အအေးဆိုင်၌သာ ထိုင်စောင့်ပြီး ရဲခေါ်ရန် အသင့်ပြင်ထား၏။
“သိပ်မကြာဘူးမလား။ အအေးတောင် အေးနေတုန်းပဲ”
လင်းချွမ် တစ်ငုံယူသောက်ရင်း ပြောလေသည်။
“ရှင် အဲ့တာကို အရေးကြီးလို့လား။ ဒီမှာတော့ စိတ်ပူလိုက်ရတာ။ တော်သေးတာပါ့။ ရဲခေါ်စရာ မလိုလို့”
ကျန်း နှုတ်ခမ်းလေးစူ၍ ပြောလိုက်၏။
“သူတို့ကလည်း အထာလေးတွေ ရှိပါတယ်။ ခေါ်စရာ မလိုဘူး”
လင်းချွမ် ရယ်မော၍ ပြောလေသည်။
ထိုအချိန်တွင် ရဲခေါ်ရပါက လင်းချွမ်အတွက် မဟုတ်ဘဲ တစ်ဖက်အဖွဲ့ကို ကာကွယ်ပေးသလိုပင် ဖြစ်နိုင်သည်။
“ကဲ ဒါဆိုလည်း ပြန်ကြမယ်”
ကျန်း လင်းချွမ်ကို ဆွဲသွားရင်း ပြောလေသည်။
နှစ်ယောက်သား မာစီဒီးကားပေါ် ရောက်သောအခါ ဝမ်မှ တစ်ခုခုကို သတိထားမိပြီး လင်းချွမ်ကိုကြည့်၍
“ဒီသေတ္တာတွေက ဘာတွေလဲ”
“သိချင်စိတ်ကြောင့် သေသွားတဲ့ကြောင်တစ်ကောင် ရှိဖူးတယ် အစ်ကိုဝမ်ရဲ့။ ကားကိုသာ အာရုံစိုက်မောင်းပါ”
“ဘယ်ကိုလဲ”
“အန်လင်းရဲစခန်း”
“ရဲစခန်းကို ဘာကိစ္စ ရှိလို့လဲ”
“အပြစ်ဝန်ခံဖို့”
“ဟင်”
ဝမ်ကျီခန် မှင်တက်လျက် ကြည့်နေပြီး
“လင်း ငါ မကြာခဏ လာတွေ့ပါမယ်ကွာ”
“မဟုတ်တာတွေ ပြောမနေနဲ့။ အဲ့လို အဖမ်းခံရမယ့်သူ မဟုတ်ဘူး။ ကျွန်တော့်ကို ယေရှုတောင် မဖမ်းနိုင်ဘူး”
…
ဝမ်ကျီခန်မှာ လင်းချွမ်အတွက် အမှန်တရား ပေါ်ပေါက်စေရန် ရဲစခန်းသို့ ပိုမြန်မြန် မောင်းလာခဲ့သည်။
စခန်းရှေ့ ရောက်သောအခါ လင်းချွမ် ရင်းနှီးနေသော ဂိတ်တံခါးများအားဖြတ်၍ ဝင်သွား၏။
“လင်းချွမ် ဒီကို ဘာကိစ္စရှိလို့လဲ”
ရှန်ချန်းချန်း သူ့ကို တွေ့သွားပြီး အားရဝမ်းသာ ပြောလေသည်။
အမှန်ပင် သူတို့မတွေ့ရသည်မှာ အတော် ကြာလေပြီ။
သူ ရေတွက်မိသလောက် (၁၀) ရက်မျှပင် ရှိပြီဖြစ်၏။
“မင်းအတွက် လုပ်ဆောင်ရည်အမှတ်ရအောင် လာခဲ့တာ”
ရှန်ချန်းချန်း ရယ်မော၍
“အရင်တစ်ခါ ယွန်းထျန်းမှာ ကျားဖြန့်ဂိုဏ်း ဖမ်းနိုင်တာနဲ့တင် ကျွန်မရော ချင်းချင်းရော အမှတ်တွေ ရပြီးပါပြီ။ အခု အမှတ် ထပ်ပေးဦးမယ်လား။ ဘယ်သူ့အမှုလဲ”
“ကျွန်တော့်အမှုပါ”
လင်းချွမ်ပြုံး၍ ပြောလိုက်၏။
“ဟင်”
ရှန်ချန်းချန်း လန့်ဖျပ်ကာ လင်းချွမ်အား လူရှင်းရာနား ဆွဲခေါ်သွားပြီး
“လင်းချွမ် ဘာပြဿနာဖြစ်ပြန်ပြီလဲ”
“ကျွန်တော် ရှေးဟောင်းပစ္စည်း လိမ်ရောင်းခဲ့တယ်။ ဒါ ရတဲ့ ပိုက်ဆံတွေပါ။ (၃) သန်း ငွေသားနဲ့။ နောက် (၃) သန်းက ဘဏ်ထဲမှာ။ အားလုံးပေါင်း (၆) သန်းပါ”
လင်းချွမ်ပြုံး၍ အမှန်အတိုင်းပြောကာ သေတ္တာကို ဖွင့်ပြလေသည်။
ရှန်ချန်းချန်း မျက်မှောင်ကြုတ်လျက်
“ရှင် တကယ်ပဲ ပြစ်မှုကျူးလွန်ခဲ့တာလား”
လင်းချွမ် ခေါင်းငြိမ့်ပြ၏။
ရှန်ချန်းချန်း ခဏစဉ်းစားပြီးမှ
“ဒါ အရေးကြီးကိစ္စပဲ။ ဒီမှာ ခဏစောင့်နေပေးပါ”
“ရဲမေရှန် ဘယ်သွားမလို့လဲ”
လင်းချွမ်မှ မေးလိုက်သည်။
“လက်ထိတ် သွားယူမလို့လေ”
ထိုအခါ ဘေးမှ ကျန်းက ဝင်ပြောလေ၏။
“ရဲမေရှန် လင်းချွမ် ပြောဖို့ကျန်ပါသေးတယ်”
“မိန်းကလေးကျန်းမလား။ ဆရာလင်းက လူကို လာနောက်နေလို့ ပြန်ခြောက်ရုံပါ”
လင်းချွမ် သူ့ကို လှမ်းကြည့်ကာ
“ဒါဆို လက်ထိတ်တော့ တကယ် မခတ်ဘူးပေါ့”
ရှန်ချန်းချန်း လက်ဖဝါးလေးများ ပွတ်ကာ
“ကျွန်မကတော့ တစ်ယောက်ယောက်ကို လက်ထိတ်ခတ်ချင်လို့ လက်ကို ယားနေတာပဲ”
“ဝန်ခံပါတယ်ဗျာ”
လင်းချွမ် မျက်နှာပျက်ကာ ပြောလိုက်မှ ရှန်ချန်းချန်းဆက်၍
“ခဏစောင့်ဦး။ ဒါရိုက်တာကျောက်ကို သွားခေါ်မလို့ပါ။ ရှင့်လိုအဆင့်ကို သူကိုယ်တိုင် စစ်ဆေးတာက ပိုသင့်တော်တာပေါ့”
ရှန်ချန်းချန်း ပြုံး၍ ထွက်သွား၏။
(၂) မိနစ်ခန့်ကြာသော်။
ဒါရိုက်တာကျောက် အခန်းထဲသို့ အပြေးတစ်ပိုင်း ရောက်လာသည်။
အခန်းထဲ၌ လင်းချွမ်၊ ကျန်းရှင်းရှင်း၊ ရှန်ချန်းချန်းနှင့် ငွေသား (၃) သန်းတို့ ရှိနေကြသည်။
သူ အရင်ဆုံး လင်းချွမ်အား လက်ဆွဲနှုတ်ဆက်ပြီးမှ ရှန်ချန်းချန်းဘက်လှည့်၍
“ရဲမေရှန် ဘယ်လိုဖြစ်ကြတာလဲ”
“ရဲဘော်လင်းချွမ်က… အပြစ်ဝန်ခံဖို့ လာတာတဲ့”