← Chapters

အညှိုး

Vol. 10 Ch. 137

အညှိုး

Vol. 10 Ch. 137

နံနက်စောစောအချိန်တွင် ငှက်ကလေးများ တေးသံဆိုလျက် ကျလိကျလိ အသံမြည်နေကြသည်။ 

နေရောင်ခြည်များမှာ တိမ်ယံများကြားမှ ထိုးဖောက်၍ ပျော်ရွှင်ခြင်းရပ်ကွက်ပေါ်သို့ ကျရောက်နေ၏။ 

ထိုသို့နွေးထွေးသော နေရောင်ခြည်မှာ အခန်းထဲသို့သာမက လင်းချွမ်၏ အိပ်မက်ထဲအထိ ကျရောက်နေလေသည်။ 

ဟူး!

လင်းချွမ် လေကိုအဝရှူ၍ အပျင်းဆန့်ပြီးနောက် အိပ်ရာထဲမှ လှိမ့်ထွက်ကာ တံခါး သွားဖွင့်ပေးလိုက်သည်။ 

“မင်္ဂလာနံနက်ခင်းပါ ကျန်း”

လင်းချွမ် လှေကားမှ တက်လာသော ကျန်းအား ပြုံး၍ နှုတ်ဆက်လိုက်၏။ 

သူ ဒီနေ့တော့ ကာတွန်းရုပ်ပုံဖြင့် တီရှပ်အဖြူနှင့် ဂျင်းဘောင်းဘီအကြပ်တို့ကို ဝတ်ဆင်ထားပြီး လှပသော ကောက်ကြောင်းမှာ ထင်ရှားနေလေသည်။ 

လင်းချွမ် သူ့ကို အခန်းရှေ့ စောင့်နေသည်ကို တွေ့ပြီး အံ့ဩသွားပုံဖြင့်

“သူဌေး ကျွန်မတောင် တံခါးမခေါက်ရသေးဘူးလေ။ ကျွန်မလာနေတာ သိနေတာလား။ ဒါ စိတ်ချင်း ဆက်သွယ်တာ ဖြစ်ရမယ်”

လင်းချွမ် တံခါးကိုမှီလျက် ပြုံးကာ

“အဲ့လိုတော့ မဟုတ်ပါဘူး။ ကျွန်တော် ဗိုက်ဆာနေပြီမို့လို့”

“ဟွန့်”

ကျန်း နှုတ်ခမ်းလေးစူလိုက်ပြီးနောက် တောက်ပစွာ ပြန်ပြုံး၍

“ဒါဆိုလည်း မနက်စာ ပြင်ပေးမယ်နော်”

“ကောင်းပါပြီဗျာ”

ကျန်းရှင်းရှင်း အခန်းထဲ ဝင်လာပြီး အပြာနှင့် အဖြူကွက် အေပရွန်လေးကို ဝတ်၍ မီးဖိုချောင်၌ အလုပ်ရှုပ်နေတော့သည်။ 

မကြာမီ ဖက်ထုတ်ပြုတ်များနှင့် ကြက်ဥနှစ်လုံး ပါဝင်သော ဆန်ပြုတ် ရရှိလာလေသည်။ ထို့အပြင် ပဲနို့ပါ ကြိုတင်ပြင်ဆင်ထား၍ စားပွဲပေါ်၌ ရင်ထဲထိစရာ မနက်စာဝိုင်းလေး ဖြစ်နေသည်။ 

“မနေ့ညက သောက်ထားတော့ ဒီလို ပေါ့ပေါ့ပါးပါးလေး စားပေးပေါ့”

ကျန်း ကြက်ဥအခွံခွါပေးရင်း ပြောလေသည်။ 

“ကျန်း မင်းတော့ အာဟာရပညာရှင် ဖြစ်နေပြီပဲ”

လင်းချွမ် ကျေနပ်စွာ ပြောလိုက်၏။ 

“သူဌေး မနေ့ညက အဖေပြောတဲ့ ရှေးဟောင်းပစ္စည်းဆိုင် ဖွင့်ဖို့ကိစ္စလေ။ ဘယ်နေရာ ကောင်းမလဲဟင်”

ကျန်း မေးလေးထောက်လျက် မေးလိုက်သည်။ 

လင်းချွမ် ခဏစဉ်းစား၍

“အရှေ့ဘက်လမ်းကိုပဲ သွားကြည့်တာပေါ့”

“ဒါဆို ခဏနေ သွားကြည့်ပြီး ရွေးကြမယ်”

ကျန်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ 

“မင်းပါ အရမ်း စိတ်ဝင်စားနေသလိုပဲ”

လင်းချွမ်မှ ပြန်မေး၏။ 

“မနေ့ညကအကြောင်း စဉ်းစားနေတာ။ ကျွန်မတို့ ဒီလောကမှာဆိုရင် နည်းပညာကုမ္ပဏီထက် အမြတ် ပိုကျန်မယ်ထင်တယ်”

သူ့စကားကြောင့် လင်းချွမ် ဆန်ပြုတ်စားနေရင်း ခဏရပ်သွားပြီး

“အဆက်အသွယ်ကောင်း ရှိရင်တော့ စီးပွါးရေးလည်း ပြေမှာပါ။ ဒါပေမဲ့ အကောင်းအဆိုး ရောနေတာဆိုတော့ တစ်ချက် အလိမ်မိတာနဲ့ မွဲသွားတာတွေလည်း ရှိတယ်”

“ရှင့်အရည်အချင်းနဲ့ဆိုရင်တော့ မရှုံးနိုင်ဘူးမလား”

ကျန်း အားရဝမ်းသာ ပြော၏။ 

သူ ချမ်းသာပြီးသားဖြစ်သော်လည်း ဝင်ငွေ ထပ်တိုးမည်ကိုတော့ သေချာပေါက် သဘောကျပါသည်။ 

သူ့အမြင်တွင်လည်း အိမ်ငှါးခသာ လိုက်ကောက်နေရသည်မှာ ပျင်းစရာ ကောင်းလွန်း၏။ 

လင်းချွမ် ခေါင်းယမ်း၍

“ကျွန်တော်တို့က မရက်စက်တတ်ဘူးလေ။ အဲ့လိုဆို ပိုက်ဆံလည်း သိပ်ရမှာ မဟုတ်ဘူး။ အလုပ်ပိုရှုပ်တာပဲ ရှိတယ်”

“တကယ်ကြီး လျှိုချင်းတို့လို မဟုတ်တာ လုပ်မှ ပိုက်ဆံရနိုင်မှာလား”

“အဲ့သဘောပဲပေါ့”

လင်းချွမ် ခေါင်းငြိမ့်ပြ၏။ 

“ဒါနဲ့ ပစ္စည်းတွေက ဘယ်လိုယူလို့ရလဲ”

“အဲ့တာကတော့ လွယ်ပါတယ်။ ဆိုင်ဖွင့်လိုက်တာနဲ့ တင်သွင်းချင်တဲ့သူတွေ အလိုလို ရောက်လာလိမ့်မယ်။ အကောင်းဆုံးကို ရွေးရုံပဲ။ ထူးခြားတဲ့သူတွေလည်း ပါနိုင်တာပေါ့လေ”

လင်းချွမ်ပြုံး၍ ပြောလိုက်၏။ 

“ထူးခြားတဲ့သူလား”

“သိုက်တူးသမားတွေလိုပေါ့။ သူတို့က အရောင်းအဝယ်ကို ပုံမှန်မထားဘဲ ဆိုင်လေးတွေမှာ တိတ်တဆိတ်ရောင်းလေ့ ရှိတယ်”

လင်းချွမ်မှ ရှင်းပြ၏။ 

“သိုက်တူးသမားတွေလား”

ကျန်း ခပ်လေးလေး ရေရွတ်ပြီးနောက် ပြန်ပြုံး၍

“ဒါဆို နေ့လယ်လောက် ဆိုင်လိုက်ကြည့်မယ်လေ”

“ရတယ်လေ”

…

နယ်စပ်ဒေသ ကျားဖြန့်ဂိုဏ်း။ 

ရုံးခန်းထဲတွင်။ 

သူဌေးပေါင်မှာ အပွင့်ရိုက်ဆင်ဖြင့် ရှပ်အင်္ကျီဝတ်ဆင်ထားပြီး သူ့ကတုံးပြောင်ပြောင်မှာ ကြက်ဥပြုတ်ကဲ့သို့ ပြောင်တင်းနေသည်။ သို့သော် သူ့မျက်နှာအနေအထားမှာ သဘောကောင်းပုံ မပေါ်ဘဲ ကြမ်းတမ်းခက်ထန်နေ၏။ 

သူ၏ အဖွဲ့ကောင်းတစ်ခု ဆုံးရှုံးသွားရလေပြီ။ 

အရင်တစ်ခါ အစ်မမိုင်တို့အဖွဲ့ပြီးနောက် ယခု လျှိုချင်းတို့အဖွဲ့အထိပါ အန်လင်းရဲစခန်းမှ ဆွဲချသွား၏။ 

အလဲအလှယ်သွားလုပ်သော ဝံပုလွေအိုလည်း ပါသွားခဲ့သည်။ 

“အဝင်အထွက်တွေ ကြည့်ပြီးပြီလား”

သူဌေးပေါင် ဒေါသတကြီး ပြောလိုက်သည်။ 

သူ့အရှေ့တွင် တပည့်တစ်ဦးဖြစ်သော မီ ရပ်နေ၏။ 

“သူဌေး ဒါ ကျွန်တော်တို့ စုဆောင်းမိသလောက် အရေးကြီး အချက်အလက်တွေပါ”

သူဌေးပေါင်မှာ သားရဲတစ်ကောင်ကဲ့သို့ စာရွက်များအား စူးရဲစွာ ကြည့်နေသည်။ 

လျှိုချင်း အဖမ်းမခံရမီ လုပ်ငန်းစဉ်အားလုံးကို အသေးစိတ် ရေးထား၏။ 

‘မေလ (၁၉) ရက်။ လျှိုချင်း ကျန်းတီ၊ ကျန်းရှင်းရှင်း၊ လင်းချွမ်တို့နှင့် ယူရန်ဗီလာတွင် ညစာစားခဲ့သည်။ ညစာစားပွဲ၌ လျှိုချင်း ကျန်းရှင်းရှင်းအား ပတ္တမြားလက်ကောက် လက်ဆောင်ပေးခဲ့သည်။’

‘…’

မေလ (၂၈) ရက်နေ့ ညပိုင်း (၇) နာရီတွင် လျှိုချင်းနှင့် လီရှင်းတို့ ဝံပုလွေအိုနှင့် အန်လင်းမြို့ပြင်ရှိ သစ်ရွက်စိမ်း ကြွေထည်စက်ရုံ၌ တွေ့ခဲ့သည်။ ဖုန်ထျန်းအကြွေစေ့ လဲပြီး၍ ပြန်ထွက်လာစဉ်တွင် အားလုံး အဖမ်းခံခဲ့ရသည်။’

သူဌေးပေါင် အချက်အလက်များ ဖတ်ရင်း ပိုဒေါသထွက်လာ၏။ 

“ငတုံးတွေ။ လျှိုချင်း အရူးမ။ ပစ္စည်းလဲတာ တစ်ခါမှ မလွဲဖူးဘူးဆို”

သူ အဆက်မပြတ် ကျိန်ဆဲရင်း စာရွက်များအား လုံးချေနေသည်။ 

မီမှာ ဘေးတွင် ရပ်နေရင်း ကြောက်လန့်လွန်း၍ တုန်ရီကာ ဘာမှမပြောနိုင်ပေ။ 

အချိန်ခဏကြာမှ သူဌေးပေါင် စိတ်ပြန်ထိန်းကာ

“မီ တခြားသတင်းရော ထပ်မရှိဘူးလား”

“ဒီနေ့မနက်ပဲ အန်လင်းရဲစခန်းကနေ ထုတ်ပြန်လာပါတယ်။ လျှိုချင်းရဲ့အမှုကို တာဝန်သိ ပြည်သူ (၂) ဦးက သတင်းပေးလာလို့ ဒီလို လွယ်လွယ်နဲ့ မြန်မြန် ဖမ်းလိုက်နိုင်တာတဲ့”

“ဘာကို တာဝန်သိပြည်သူလဲ။ ငတုံးတွေ”

“သူဌေး ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဟင်”

မီ သက်ပြင်းချ၍ မနေနိုင်တော့ဘဲ မေးလိုက်မိသည်။ 

“ဘာလုပ်ရမလဲ။ ဟိုကောင့်ကို ရှင်းရမှာပေါ့”

သူ သွေးဆူနေသော်လည်း ငတုံးမဟုတ်ပါ။ အွန်လိုင်းစာရေးဆရာ လင်းချွမ်လက်ချက်မှန်း တန်းသိပါသည်။ 

သူ အခု လက်စားချေရန် (၂) မှုဖြစ်သွားလေပြီ။ 

သူဌေးပေါင်မှာ ဒေါသများပြည့်နှက်၍ ရက်စက်သည့် အသွင်အပြင်ကို တွေ့နေရသည်။ 

“အခုပဲ ကျွန်တော် စီစဉ်ထားလိုက်ပါမယ်”

“နေဦး”

သူဌေးပေါင် အမြန်လှမ်းတားလိုက်သည်။ 

“သူတို့ကို အရှင်လိုချင်တယ်နော်။ အကုန်လုံး”

All Chapters