ပြင်ဆင်ခြင်း
Vol. 10 Ch. 138
(၇) ရက်ခန့်ကြာသော်။ ဇွန်လ (၇) ရက်။
မနက်ခင်းလေပြေများ အန်လင်းမြစ်ကိုဖြတ်၍ မြက်ခင်းစိမ်းရနံ့ကို သယ်ဆောင်လာပြီး မြို့အရှေ့ဘက်ပိုင်းသို့ ရောက်လာသည်။ ဤသို့ဖြင့် တစ်မြို့လုံး တဖြည်းဖြည်း ပျံ့နှံ့ကာ အငှါးတိုက်ခန်း ပြတင်းပေါက်အထိ တိုးဝင်လာတော့သည်။
မနက် (၈) နာရီ။
လင်းချွမ် အသားကျစွာဖြင့် အိပ်ရာထဲမှ လှိမ့်ထွက်လာပြီး တံခါးသွားဖွင့်ပေးလိုက်သည်။
ကျန်းမှာ အပြင်တွင် အသင့်စောင့်နေ၏။
ဤသည်မှာ ကျန်း လင်းချွမ်အား နေ့ရက်ပေါင်းများစွာ လေ့ကျင့်ပေးခဲ့သည့် သဘာဝနှိုးစက် ဖြစ်လေသည်။
ယနေ့ သူ့မျက်နှာလေး ပို၍ နုပျိုလှပနေသယောင် ထင်ရသည်။
ပီကာချူးအရုပ်ပါသော တီရှပ်အဖြူနှင့် မီးခိုးရောင် ဘောင်းဘီတိုလေး ဝတ်ဆင်ထားပြီး ဖြောင့်စင်း ဖြူဖွေးနေသော ခြေတံများမှာ လင်းချွမ်မျက်စိရှေ့တွင် ထင်းနေသည်။
လင်းချွမ်တစ်ယောက် ချက်ချင်း အိပ်ချင်ပြေသွား၏။
ကျန်းမှာ ပန်းသီးတစ်အိတ်နှင့် မနက်စာဖြစ်သော ဆန်ခေါက်ဆွဲနှစ်ပွဲတို့ကို ကိုင်ထားသည်။
ထို့နောက် လင်းချွမ်အနားကပ်၍ တရှုံ့ရှုံ့လုပ်ကာ
“သူဌေး ကိုယ်သင်းနံ့လေးက ကောင်းလိုက်တာ”
“မင်း တော်တော်ဗိုက်ဆာနေပုံပဲ”
လင်းချွမ်ပြုံး၍ ပြောရင်း ကျန်းနှာခေါင်းလေးကို လက်ညှိုးဖြင့် တို့လိုက်သည်။ ပြီးမှ စားစရာများ လှမ်းယူပေးလေ၏။
“ရှင် တစ်ခု မေ့နေတယ်နော်”
ကျန်း ပြုံး၍ ပြောလိုက်သည်။
လင်းချွမ် အံ့ဩသွားပုံဖြင့်
“ကျွန်တော် အားလုံး သယ်ပေးပြီးပြီလေ”
ရုတ်တရက် ကျန်း ရှေ့တိုးလာကာ သူ့ခြေထောက်များကို လင်းချွမ်ခြေထောက်တွင်ခွလျက် လက်များကို လင်းချွမ်လည်ပင်း၌ သိုင်းကာ တင်းကြပ်စွာ ဖက်ထားလိုက်သည်။
“ကျွန်မ ကျန်သေးတယ်လေ”
“ကျန်း ဒါ အလစ်တိုက်ခိုက်တာပဲ။ အရမ်းလွန်လွန်းတယ်”
လင်းချွမ် ပြုတ်ကျမည်ကို စိုးရိမ်၍ လန့်ဖျပ်ကာ ပြောလိုက်သည်။
“သူဌေးကလည်း ကျွန်မ (၁၀၆) ပေါင်ပဲ ရှိတာကို။ လေးလို့လား”
ကျန်း ပွစိပွစိ ပြောနေသည်။
“မလေးပါဘူး။ ဒါပေမဲ့ ကျွန်တော် မနိုင်လို့ပါ”
“ရှင် အခုနိုင်နေတယ်လေ”
ဟင်…
လင်းချွမ် မျက်နှာကြီးနီရဲ၍ အခန်းထဲ အမြဲဝင်ကာ ကျန်းအား ထိုင်ခုံပေါ် ချပေးလိုက်သည်။
ထိုအခြေအနေကို သူ မထိန်းနိုင်ပါ။
အလွန်ရင်းနှီးလွန်းနေသည်။
လင်းချွမ်၏ ထူးဆန်းသော အမူအရာကြောင့် ကျန်းရှင်းရှင်း ကျေနပ်စွာကြည့်ရင်း ရင်ထဲတွင် ပို၍ မထိန်းနိုင် ဖြစ်လာသည်။
သူဌေးက ငါ့အပိုင်ပဲ။
ယောက်ျားတစ်ယောက်ကို မိန်းမဘက်မှ စလိုက်ရခြင်းသည် နံရံတစ်ခု ဖြိုဖျက်ရခြင်းနှင့် တူ၏။
အထူးသဖြင့် လင်းချွမ်ကဲ့သို့ အွန်လိုင်းဆရာတစ်ယောက်ကို ချဉ်းကပ်ရသည်မှာ လွယ်မယောင်နှင့် ခက်ခဲလှသည်။
ဟူး!
“သူဌေး ဘာလို့လဲ”
ကျန်း မျက်တောင်လေးခတ်၍ ပြုံးကာာမေးလိုက်သည်။
“မနောက်စမ်းပါနဲ့ကွာ”
လင်းချွမ်ဆက်၍
“ဒီနေ့ အရေးကြီးကိစ္စတစ်ခု သွားစရာ ရှိတယ်”
“ဒါဆိုလည်း လွှတ်ပေးလိုက်ပါမယ်။ မနက်စာ အရင်စားကြတာပေါ့”
ကျန်း သူ့ကို လွှတ်ပေးလိုက်ပြီး မနက်စာ ပြင်ပေးလေသည်။
‘ဒင် ဒေါင်’
ရုတ်တရက် ဖုန်းမြည်လာ၍ လင်းချွမ် လှမ်းကြည့်လိုက်သောအခါ အယ်ဒီတာယုယွီထံမှ စာဖြစ်၏။
“ကောင်လေးရေ ထတော့လေ”
လွန်ခဲ့သော ရက်ပိုင်းများ၌ လင်းချွမ်၏ ‘လှည့်စားခြင်း’ ဝတ္ထုမှာ ပြိုင်ပွဲအတွင်း ဒုတိယအဆင့်အထိ တက်ရောက်နိုင်သွားလေသည်။
ထို့ကြောင့် လတ်တလော ယုယွီနှင့် အလွန်ရင်းနှီးနေ၏။
“ကျွန်တော် မနက်စာတောင် စားနေပြီ”
လင်းချွမ် ပြုံး၍ ဖြေလိုက်ရင်း သူ့ပန်းကန်ထဲသို့ အသားဖက်များ ထပ်ထည့်ပေးနေသည့် ကျန်းအား နွေးထွေးစွာ ကြည့်လိုက်မိသည်။
သူ လင်းချွမ် မည်သူနှင့် စာပို့နေသည်ကိုလည်း မမေးပေ။
“ဒီနောက်ပိုင်း အချိန်မှန် နိုးနေတာပဲ။ ကောင်းတယ်။ ကောင်းတယ်”
ယုယွီ ကျေနပ်စွာ ပြောလိုက်၏။
လင်းချွမ်ပြုံး၍
“ကျွန်တော့်ဝတ္ထုက နောက်တစ်ဆင့် ပါသွားပြီဆိုတော့ နောက်ဆုံးရလဒ်ကိုပဲ စောင့်ရတော့မှာနော်”
“နာမည်ကြီးတာပဲ ကြည့်ကြည့်၊ အကြောင်းအရာပဲ ကြည့်ကြည့် ‘လှည့်စားခြင်း’ က ပထမဆုရဖို့ သေချာသလောက်ပါပဲ။ ပထမနေရာ ယှဉ်ရခက်လာရင်တောင် အနည်းဆုံး ဒုတိယတော့ ရဦးမှာ”
ယုယွီမှ ပြန်ပြော၏။
သူ လင်းချွမ် ဆုကြီးတစ်ခုခု ရမည်ဟု ယုံကြည်နေမိပါသည်။
“ဒါဆို ဒီနှစ်ရဲ့ ဘုရင်က ယုယွီပဲပေါ့”
လင်းချွမ်မှ ပြန်နောက်လေ၏။
လင်းချွမ် အောင်မြင်၍ တီဗီဇာတ်လမ်းတွဲအဖြစ် ရိုက်ခွင့်ရလျှင် အယ်ဒီတာအတွက်လည်း မျက်နှာရပါသည်။
ထိုအခါ ဇာတ်လမ်းရော၊ ဝတ္ထုပါ အောင်မြင်ပြီး အားလုံးအတွက် အဆင်ပြေနိုင်၏။
“စိတ်အေးအေးသာထားပါ။ အခု ‘လှည့်စားခြင်း’ ဝတ္ထုက တအား ထိပ်ရောက်နေပြီ။ ‘ဟက်ကာလောက’ တုန်းကလည်း အောင်မြင်ထားတော့ ရှင် ဒီနှစ်ရဲ့ ဘုရင် (၁၂) ပါးထဲ ပါခွင့်ရမှာ သေချာတယ်”
ယုယွီ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ရုံးထဲ ထိုင်နေရင်း လင်းချွမ်ကဲ့သို့ ရတနာလေးကို ရွေးချယ်ခဲ့မိ၍ အလွန်ကျေနပ်နေမိသည်။
အရှေ့မှ ‘လူလိမ်’ နှင့် ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ တို့မှာလည်း အဆင့်တစ်ခုအထိ ရောက်ခဲ့ကြသေးသည်။
ဟက်ကာလောကမှာတော့ နိုင်ငံရပ်ခြားအထိပင် ပေါက်ရောက်ခဲ့သော အအောင်မြင်ဆုံးဝတ္ထုဟု ဆိုနိုင်၏။
ယခု ‘လှည့်စားခြင်း’ ဝတ္ထုမှာလည်း ကျားဖြန့်တိုက်ဖျက်ရေးပြိုင်ပွဲ၌ ဝင်ပြိုင်ထားပြီး ဇွန်လ (၁၀) ရက်နေ့တွင် နောက်ဆုံးရလဒ်များ ကြေညာပေတော့မည်။ စာဖတ်သူအများစုကလည်း ရုပ်ရှင်အဖြစ် ပြန်လည်ကြည့်ရှုနိုင်ရန် အလွန် မျှော်လင့်နေကြ၏။
ယုယွီမှာ ရင်ထဲတွင် ပန်းလေးများ ပွင့်လန်းလျက် ရှိလေသည်။
သူ လင်းချွမ်ကိုဆက်၍ ထိန်းသိမ်းထားပြီး ကူညီပံ့ပိုးနိုင်ပါက ပို၍ အောင်မြင်ကာ သူကိုယ်တိုင်လည်း ရာထူးတိုး၊ လစာတိုးလာနိုင်၏။
ကောင်းလိုက်တာ။
သို့သော် ပြိုင်ပွဲ၏ ဒုတိယပိုင်း၌ အပြိုင်အဆိုင်များ ပိုပြင်းထန်လာသည်။
ယုယွီ စာထပ်ပို့လိုက်၏။
“ကောင်လေးရေ ~ နောက်ထပ်စာအုပ်အသစ်ရော ဘယ်တော့လောက် ဖြစ်မလဲ”
လင်းချွမ် ခဏစဉ်းစားပြီးနောက်
“ဒီပြိုင်ပွဲပြီးပြီးတော့ တစ်ပတ်အတွင်းလောက်ပေါ့။ ဘာလို့လဲ”
“နှစ်လယ်လောက်ဆို ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်လည်း အပြိုင်အဆိုင် များလာတော့မှာလေ”
လင်းချွမ် မျက်မှောင်ကြုတ်၍ စားလက်စတူကိုချကာ စာအမြန်ပြန်ရိုက်လိုက်၏။
“အပြိုင်အဆိုင်တဲ့လား။ ဘာကိုပြောတာလဲ”
မကြာမီ ယုယွီထံမှ စာပြန်ဝင်လာ၏။
“ကျားဖြန့်တိုက်ဖျက်ရေးပြိုင်ပွဲကိုပဲကြည့်လေ။ ဥပမာ ထျန်းယာ၊ ကွေ့ဟိုင်နဲ့ ဟန်တန်တို့လည်း နောက်လထဲလောက် စာအုပ်အသစ်တွေ ထုတ်ကြတော့မှာ။ နောက်ပြီး ဘုရင်ဘွဲ့ရ ဆရာကြီးတွေရောပဲ။ ပလက်တီနမ်အဆင့်တွေအထိပေါ့။ အားလုံး ပြင်ဆင်နေကြပြီ”