← Chapters

အရောင်းအဝယ်

Vol. 10 Ch. 139

အရောင်းအဝယ်

Vol. 10 Ch. 139

တကယ်ပါပဲ။ 

လင်းချွမ် မျက်မှောင်ကြုတ်၍ အနည်းငယ် စိုးရိမ်သွားမိသည်။ 

နာမည်ကြီး အဆင့်မြင့် စာရေးဆရာတွေအားလုံး စာအုပ်အသစ် ထုတ်ကြတော့မှာလား။ 

“ဘာလို့ အားလုံး ဒီအချိန်မှ ထုတ်ဖို့ ရွေးထားကြတာလဲ။ အွန်လိုင်းစာရေးဆရာ အသိုင်းအဝိုင်းမှာ ပွဲထပ်ရှိလို့လား”

လင်းချွမ် နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။ 

“နှစ်တိုင်း မေလကနေ ဇွန်လဝန်းကျင်မှာ အင်အားကြီး စာရေးဆရာတွေအတွက် အကောင်းဆုံးအချိန် အနေနဲ့ နှစ်ဝက်အတွက် စာအုပ်ထုတ်ကြတယ်လေ။ ဒီရေစီးကြောင်းအတိုင်း အတူစီးဆင်းရင်း အချင်းချင်း ပြိုင်ကြတာမျိုးပေါ့။ တချို့ စာရေးဆရာတွေကတော့ တိုက်ဆိုင်တာလည်း ရှိတယ်”

ယုယွီမှ ရှင်းပြ၏။ 

သူ့စာကိုကြည့်ကာ လင်းချွမ် မဲ့ပြုံးပြုံးလိုက်မိသည်။ 

သူလည်း ‘ရှေးဟောင်းပစ္စည်း’ ဟူသော စာအုပ်အသစ်ထုတ်ရန် ပြင်ဆင်ထားပြီး ဖြစ်ပါသည်။ 

စနစ်၏ လိုအပ်ချက်မှာတော့ ပျမ်းမျှ subscription (၂၀,၀၀၀) ရရမည် ဖြစ်၏။ 

ထိုအမှတ်ရမှသာ နောက်ထပ်အလုပ်အတွေ့အကြုံသစ်သို့ ကူးပြောင်းနိုင်ပေမည်။ 

ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ထဲ၌ပင် မထင်မှတ်ဘဲ အပြိုင်အဆိုင်များလှသည်။ 

ထိုသို့ နာမည်ကြီးစာရေးဆရာများ တစ်ပြိုင်တည်း ထုတ်လိုက်ပါက ပို၍ကြပ်တည်း ခက်ခဲစရာ ဖြစ်နေသည်။ 

ဥပမာဆိုရသော် ကိတ်မုန့်မှာ အလွန်ကြီးသော်လည်း တစ်ဦးတည်း အကုန်စားလိုက်လျှင် ကျန်သည့်သူများ အတွက် စားစရာရှိတော့မည် မဟုတ်ပေ။ 

“တကယ် ခက်ခဲတာပဲ”

လင်းချွမ် ရေရွတ်မိ၏။ 

“မစိုးရိမ်ပါနဲ့။ ရှင့်အတွက် အညွှန်းတွေက ကျွန်မ အကောင်းဆုံး စီစဉ်ပေးပါမယ်။ ရှင်ကိုယ်တိုင်လည်း အင်အားရှိပြီးသားပဲ။ အဲ့တော့ ယုံကြည်ချက်ရှိရှိနဲ့သာ စာအုပ်အသစ် ထုတ်လိုက်တော့။ သူတို့အားလုံးကို ကျော်တက်ပြီး သက်သေပြနိုင်မယ်လို့ ယုံတယ်”

ယုယွီအားပေးစကား ပြောလိုက်သည်။ 

“ကောင်းပါပြီ။ သေချာလေး ဖြိုခွင်းလိုက်ပါမယ်”

လင်းချွမ် ပြန်ပြောလိုက်ပြီးနောက် စကားစပြတ်သွားကြသည်။ 

ထို့နောက် ဖုန်းချကာ အလုပ်မသွားမီ ကျန်းနှင့် မနက်စာ အတူ ဆက်စားလေ၏။ 

မနက်ပိုင်း နည်းပညာကုမ္ပဏီတွင်လုပ်ကာ နေ့လယ်၌ အရှေ့ပိုင်းလမ်းရှိ ရှေးဟောင်းပစ္စည်းဆိုင်ကို သွားရသည်။ 

နည်းပညာကုမ္ပဏီ၏သူဌေး ဖြစ်သည့်အလျောက် လင်းချွမ်မှာ စီးပွါးရေး အစည်းအဝေးများဖြင့် အလုပ်ရှုပ်နေတတ်ပြီး ငွေကြေးတာဝန်ခံ ကျန်းရှင်းရှင်းလည်း သိပ်မအားလှပေ။ 

ကျားဖြန့်တိုက်ဖျက်ရေးဆော့ဖ်ဝဲလ်ကိုလည်း အမြဲ စစ်ဆေးဂရုစိုက်နေရသေး၏။ 

တစ်ဖက်တွင် ရှေးဟောင်းပစ္စည်းဆိုင်မှာတော့ စဖွင့်သည်မှာ မကြာသေးသော်လည်း ရောင်းဝယ်သူအချို့ ရထားပြီဖြစ်သည်။ 

ထို့ကြောင့် မိုးလင်းမှ နေ့လယ်ခင်းအထိ လျှပ်စစ် စကူတာလေးမှာ အနားမရဘဲ ပျော်ရွှင်ခြင်းရပ်ကွက်မှ ချင်းရှုနယ် ကျုံချန်းအဆောက်အဦ။ ထို့​နောက် အရှေ့ပိုင်းလမ်းအထိ သွားချည်ပြန်ချည် ကူးသန်းနေရသည်။ 

နေ့လယ် (၂) နာရီ ထိုးသွားလေပြီ။ 

တောက်ပသော နေရောင်ခြည်မှာ တိမ်ယံများကြား ပုန်းကွယ်လျက် အရှေ့ပိုင်းလမ်းဆီသို့ အနည်းငယ်သာ ကျရောက်နေပြီး အရမ်းပူလောင်နေသည်ဟု မခံစားရပေ။ 

လမ်းဘေးဈေးသည်များမှာတော့ သူတို့၏ ကုန်ပစ္စည်းများအား အဆက်မပြတ် အော်ရောင်းကာ ပတ်ဝန်းကျင်ကို အသက်ဝင်နေစေသည်။ 

အရှေ့ပိုင်းလမ်းထောင့်တွင် ရွှေရောင်ဆိုင်းဘုတ်ကြီးဖြင့် ရှေးဆန်ဆန် ပြင်ဆင်ထားသော ဆိုင်တစ်ခု ရှိနေပြီး ‘ရွှေတုံး’ ဟု ရေးထားသည်။ 

ဆိုင်ထဲတွင် ကြည်လင်နေသော ဖန်သားပြင်များ ကာရံထားပြီး လတ်တလော လင်းချွမ်ကိုယ်တိုင် လိုက်လံစုဆောင်းထားသော ရှေးဟောင်းပစ္စည်းများစွာ ထည့်ထား၏။  

အပြင်ဘက်တွင်တော့ အခြား အနုပညာလက်ရာများ ရှိလေသည်။ 

ထိုလက်ရာများမှာ နာမည်ကြီးအချို့ကို တုပ၍ လင်းချွမ်ကိုယ်တိုင် ရေးဆွဲထုဆစ်ထားခြင်း ဖြစ်၏။ သူ့လက်ရာမှာ အနုစိတ်၍ လှပလွန်းသောကြောင့် အတော်များများမှာ အစစ်နှင့် ထင်မှတ်မှားတတ်ကြသည်။ 

ဒုတိယထပ်၌ လင်းချွမ် ရဲစခန်းမှ ပြန်ယူလာသော ‘ဖုန်ထျန်းအကြွေစေ့’ အား ထားရှိလေသည်။ 

ကျန်းသားအဖလည်း အမှတ်တရ ဖြစ်နေသော ထိုအကြွေစေ့အား သဘောကျ၍ ဆိုင်၏ ဂုဏ်ကျက်သရေဆောင်အနေဖြင့် ထားရှိပါသည်။ 

လင်းချွမ်လည်း သူတို့သဘောအတိုင်း လက်ခံ၍ အောက်တွင်သာ စာရေးထားလိုက်၏။ 

“တုပဖန်တီးထားသည်” “ရောင်းရန် မဟုတ်ပါ”

တုပခြင်းမှာလည်း ပညာသားပါ၏။ 

ဖုန်ထျန်းအကြွေစေ့အား အခန်းအလယ်တွင် ထားကာ ဆိုင်တစ်ခုလုံး၏ တန်ဖိုးအကြီးဆုံး ရတနာကဲ့သို့ ဂရုစိုက်ထားသောကြောင့် လာရောက်လည်ပတ် ကြည့်ရှုသူများမှာလည်း အတုမှန်းသိလျက်နှင့်ပင် ဆွဲဆောင်ခံရပြီး စွဲလန်းနေကြရ၏။ 

ဖန်တီးတုပခြင်းမှာ ငြင်းဆိုစရာများစွာ ရှိတတ်သော်လည်း ပညာရှင်များပင် မှင်တက်ရလောက်အောင် ထည်ဝါလှသည်။ 

ရိုးရှင်းသော တီရှပ်အပြာနှင့် ဦးထုပ်လေး ဆောင်းထားသော လူတစ်ဦး ဆိုင်ထဲဝင်လာ၏။ 

“သူဌေး ဒီမှာ ပစ္စည်း အကဲဖြတ်တာရော လုပ်ပေးလား”

“ဒါပေါ့။ ဒီဘက်ကို ကြွခဲ့ပါ”

အဖြူရောင်ရှပ်အင်္ကျီဖြင့် လင်းချွမ်မှ ဦးဆောင်၍ ရှေ့မှ ခေါ်သွားလိုက်သည်။ 

လင်းချွမ်တွင် လက်မှတ် မရှိသေးသော်လည်း အရည်အချင်းမှာတော့ အပြည့်ပင်။ 

(၁၇၅) စင်တီခန့်ရှည်သော ထိုလူမှာ အသားခပ်ဝါဝါဖြစ်ပြီး ပုခုံးပေါ်ထမ်းထားသော အထုပ်ကိုချ၍ လင်းချွမ်ရှေ့၌ ဝင်ထိုင်လိုက်သည်။ 

“ပစ္စည်းအကဲဖြတ်တာအတွက် ဘယ်လောက် ပေးရမလဲ”

“ပစ္စည်းတစ်ခုကို ယွမ် (၂၀၀) ပါ”

“ကောင်လေး ဒီပစ္စည်းတွေအကုန် ကြည့်ပေးနိုင်မလား”

လင်းချွမ် ခေါင်းငြိမ့်ပြလိုက်၏။ 

ထိုလူ ရယ်မောလျက်

“မင်း ကြည့်ရတာ တော်တော် ငယ်သေးတဲ့ပုံပဲ”

“ပစ္စည်းတွေ အသက်မငယ်ဖို့ပဲ အရေးကြီးတာပါဗျာ”

လင်းချွမ်ပြုံး၍ ပြန်ပြောလိုက်၏။ 

“ကောင်းပြီ။ ဒီနှစ်ခုကနေ စလိုက်တာပေါ့”

ထိုလူ အိတ်ထဲမှ ပစ္စည်းနှစ်ခုထုတ်၍ အနီရောင်အခင်း ခင်းထားသော စားပွဲပေါ် ချလိုက်သည်။ 

လင်းချွမ် ထိုလူကို တစ်ချက်ကြည့်ပြီးမှ ပစ္စည်းများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ 

လှပစွာ ရေးခြယ်ထားသည့် ကြွေထည်ပန်းကန်လုံးလေး ဖြစ်သည်။ 

သဘာဝအလင်းရောင်အောက်တွင် ပန်းကန်လုံးလေးမှာ ချောမွတ်လျက် အထူအပါးလည်း ညီမျှသည်။ 

ပန်းကန်လုံး၏ အတွင်းအပြင် နှစ်ဖက်လုံးတွင် ပန်းကနုတ်များ ရောင်စုံ ရေးခြယ်ထားကာ ကြွေသားသည် မြစိမ်းရောင်လဲ့နေ၍ အလွန် နွေးထွေးလှပ၏။ 

“ကောင်လေး ဘယ်လိုထင်လဲ”

“အရောင်တွေက တောက်ပြီး တကယ်စိုတာပဲ”

လင်းချွမ်ပြုံး၍ ပြောလိုက်သည်။ 

“ခေတ်ကိုရော သိလား”

လင်းချွမ် သေချာပြန်ကြည့်၍

“ကြည့်ရရင်…ချင်မင်းဆက် ချန်းလုံမင်းခေတ်ပဲ”

“ဈေးကရော”

“ပန်းကန်လုံးရဲ့ လက်ရာက အရမ်းအနုစိတ်ပြီး သပ်ရပ်တယ်။ စောင်းအနားတွေမှာလည်း အက်ကွဲရာရှိလို့ (၁) သောင်းလောက်တော့ တန်ပါတယ်”

လင်းချွမ် သေချာရှင်းပြလေ၏။ 

All Chapters