ဆိုင်သစ်
Vol. 10 Ch. 140
“ကောင်းပါပြီ ကောင်းပါပြီ”
အပြာရောင်တီရှပ်နှင့်ထိုလူက နောက်ထပ်ပစ္စည်းတစ်ခု ထုတ်ပြ၏။
မီးဖိုဖြစ်လေသည်။
“ကြေးမီးဖိုပဲ”
လင်းချွမ် တစ်ချက်ကြည့်၍ ပြောလိုက်သည်။
ကြေးမီးဖိုလေးမှာ ခြေ (၃) ချောင်းထောက်၍ ရှိနေပြီး ခန္ဓာကိုယ်လုံးလုံးနှင့် တိမ်တိုက်ပုံစံ အရိပ်များ ပါဝင်ကာ အဖုံးမှာလည်း ဖြုတ်နိုင်တပ်နိုင်သည့် အရှင် ဖြစ်သည်။
အရောင်မှာတော့ အလွန်ရင့်နေပြီး နီညိုရောင်သို့ ပြောင်းလဲနေကာ ရှေးဆန်လှသည်။
“ချင်မင်းဆက်ကြေးမီးဖိုပဲ။ (၂) သောင်းအောက်ပဲ ပေးနိုင်မယ်”
လင်းချွမ်မှ ပြောလိုက်သည်။
“ကောင်လေး မင်းက တကယ် အမြင်ရှိတာပဲ”
တီရှပ်အပြာနှင့်လူက လက်မထောင်ပြလေ၏။
ထို့နောက် ထိုကြေးမီးဖိုနှင့် အပွင့်ရိုက် ပန်းကန်လုံးတို့ကို ပြန်သိမ်းလိုက်သည်။
“ဒီမှာ scan ဖတ်ပြီး ငွေလွှဲနိုင်ပါတယ်”
လင်းချွမ် ပြုံး၍ ပြောလိုက်ပြီး ယွမ် (၄၀၀) ရသွားတော့သည်။
ထိုလူမှာ မပြန်ခင် လင်းချွမ်ဘက်လှည့်၍
“ကောင်လေး ငါတို့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ် လဲထားရအောင်လား။ ငါ့မှာ တခြား ရတနာတွေ အများကြီး ရှိသေးတယ်။ မင်း ဈေးကောင်းပေးရင်တော့ ရောင်းမှာပေါ့”
“ရတယ်လေ”
လင်းချွမ်ပြုံး၍ ဖုန်းနံပါတ် ပေးလိုက်သည်။
ထိုလူထွက်သွားပြီးနောက် ဘေးတွင်ရှိနေသော ကျန်းမှ လင်းချွမ်အနား ရောက်လာပြီး
“သူဌေး သူ့ရဲ့ ပန်းကန်လုံးနဲ့ ကြေးမီးဖိုတွေ ဝယ်မယ်လို့ ဘာလို့ မပြောလိုက်တာလဲ”
လင်းချွမ် သူ့ခေါင်းလေးကို ခပ်ဖြည်းဖြည်း ပုတ်၍
“အကုန် လိုက်စုနေမလို့လား”
ကျန်း နှုတ်ခမ်းလေးစူကာ
“ကျွန်မတို့ဆီမှာ ပစ္စည်းနည်းနေတယ်လေ။ လိုက်စုရမှာပေါ့”
လင်းချွမ် ရယ်မော၍
“မစုချင်လို့တော့ မဟုတ်ပါဘူး။ အဲ့ပစ္စည်းတွေက သူ့ဟာ မဟုတ်လို့”
“ဘာလို့ အဲ့လိုပြောနိုင်ရတာလဲ”
ကျန်း စိတ်ဝင်တစား ပြန်မေးလိုက်၏။
“တဖြည်းဖြည်း ကြည့်နေရင်း သိလာပါလိမ့်မယ်”
“ဒါပေမဲ့ ရှင်လည်း အခုမှ စတွေ့ဖူးတာ မဟုတ်ဘူးလား”
“ဟင် မဟုတ်ဘူးလေ။ ပြောချင်တာက လူတွေ အများကြီးတွေ့ပြီးရင် သိလာလိမ့်မယ်လို့”
“သူများပစ္စည်းယူလာပြီး အကဲဖြတ်ခိုင်းတဲ့သူတွေရော ရှိတတ်တာလား”
“ဒါပေါ့။ ရှိတာပေါ့။ တချို့ ပိုင်ရှင်တွေက လူလုံးထွက်မပြနိုင်ကြဘူး။ အဲ့တာကြောင့် တခြားတစ်ယောက်ကနေတစ်ဆင့် အကဲဖြတ်ဖို့ ခိုင်းတတ်ကြတယ်။ ဒါ ပုံမှန်ပါပဲ။ နောက်ပြီး ကျွန်တော်တို့ဆိုင်က ဖွင့်တာမကြာသေးတော့ အနီးအနားဆိုင်တွေကလည်း လာစမ်းနိုင်တယ်။ ကျွန်တော်တို့ အရည်အချင်းနဲ့ အဆင့်အတန်းကို စစ်ဆေးတာပေါ့”
လင်းချွမ်ရယ်မော၍ ပြန်ဖြေ၏။
ကျန်းကတော့ ခေါင်းတငြိမ့်ငြိမ့်ဖြင့် မှတ်စုလိုက်ရေးနေလေသည်။
သူတို့ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေးဆိုင်မှာ အသစ်ဖြစ်နေပြီး ပစ္စည်းလည်း အရမ်းမစုံသေး၍ နေ့ခင်းပိုင်း၌ လာရောက်သူ နည်းနေ၏။ သို့သော် ရတနာ အကဲဖြတ်ရန်ဟုဆိုကာ အတုများနှင့်သော်လည်းကောင်း၊ စစ်ဆေးချင်၍သော်လည်းကောင်း လင်းချွမ်အား အကြပ်ရိုက်စေရန်တော့ ရောက်လာတတ်ကြသည်။
သို့ရာတွင် လင်းချွမ်မှာ အခက်အခဲမရှိ အမြန်ဆုံး ဖြေရှင်းပေးနိုင်သည်ချည်းသာ ဖြစ်၏။
သတိမထားမိလိုက်မီပင် နေဝင်ချိန်ကို ကျော်လွန်၍ ညအမှောင်ထု ကြီးစိုးလာ၏။
အရှေ့ပိုင်းလမ်းတစ်လျှောက် လူများပြည့်ကြပ်လာပြီး နေ့အချိန်ထက် နှစ်ဆ၊ သုံးဆမျှ ပိုများလေသည်။ ရွှေတုံး ရှေးဟောင်းပစ္စည်းဆိုင်၌လည်း နေ့လယ်ကထက်တော့ လူပိုရှုပ်လာ၏။
သို့သော် အများစုမှာ ဆိုင်ရှေ့တွင် ရစ်သီရစ်သီလုပ်ရင်း ဟိုကြည့်ဒီကြည့်ဖြင့် ဘာမှမရောင်း၊ ဘာမှမဝယ်ဘဲ ထွက်သွားတတ်ကြသည်။
အလည်လာရောက်သည်ဟုပင် ခေါ်ဆိုနိုင်၏။
ည (၁၀) နာရီဝန်းကျင်မှ တဖြည်းဖြည်း လူပြန်ရှင်းလာသည်။
ဒင် ဒေါင်!
လင်းချွမ်ဖုန်းသို့ စာဝင်လာပြီး ဖွင့်ကြည့်လိုက်သောအခါ နေ့လယ်က တီရှပ်အပြာနှင့်လူထံမှ ဖြစ်သည်။
“ကောင်လေး ငါ့မှာ ပစ္စည်းတစ်ခု ရှိတယ်။ ဝယ်မလား”
လင်းချွမ် ပြန်မေးလိုက်၏။
“ဘယ်လို ရတနာလဲ”
မကြာမီ ထိုလူမှ ဓာတ်ပုံ (၂) ပုံ ပို့ပေးကာ အောက်မှ စာရေးထားသည်။
“ဒီကြွေထည်တွေလေ။ ဘယ်လိုနေလဲ”
လင်းချွမ် ဓာတ်ပုံကို သေချာကြည့်ပြီးနောက်
“ဓာတ်ပုံကြည့်တာတော့ အဆင်ပြေသားပဲ။ ဆိုင်ကို ယူလာပြပေးရင်တော့ ပိုကောင်းမှာ”
“ဒါဆို အဆင်ပြေတယ်လို့ သဘောထားလိုက်မယ်နော်။ ငါ အခု လာခဲ့မယ်”
ထိုလူ ချက်ချင်း ပြန်ဖြေလိုက်၏။
ပို့ပေးသည့်ဓာတ်ပုံထဲမှ ကြွေထည်မှာတော့ အလွန်အဆင့်မြင့်ထဲကဖြစ်ပြီး (၃) သိန်းဝန်းကျင်အထိ တန်လေသည်။ သူ ထိုပစ္စည်းကို အရယူနိုင်လျှင် တစ်ဆင့်ပြန်ရောင်းကာ ငွေဖော်နိုင်လေပြီ။
လင်းချွမ် သေချာစဉ်းစားပြီးနောက် သဘောတူလိုက်၏။
“ကောင်းပါပြီ”