← Chapters

ခဏစောင့်ပါ

Vol. 10 Ch. 141

ခဏစောင့်ပါ

Vol. 10 Ch. 141

အရှေ့ပိုင်းလမ်း၊ ရွှေတုံးရှေးဟောင်းဆိုင်။ 

ညမှာ တဖြည်းဖြည်း မှောင်မိုက်လာပြီး လမ်းမီးတိုင်မှ ဝါကျင့်ကျင့် မီးရောင်များ တောက်ပလာ၏။ လေပြည်ညင်းအေးအေးကြောင့် သစ်ပင်များ အချင်းချင်း ပွတ်တိုက်ကာ တီးတိုးစကားပြောသံကဲ့သို့ ထင်မှတ်မှားရလေသည်။ 

လမ်းမပေါ်တွင် လမ်းဘေးဈေးသည်များ ပါးလာပြီး ဖြတ်သွားဖြတ်လာများမှာ ဆိုင်ထဲသို့ မဝင်ဘဲ ပြတင်းပေါက်မှသာ လှမ်းကြည့်သွားကြသည်။ 

“သူဌေး နေ့လယ်ကလူက တကယ်ရောင်းမယ် ထင်လား”

ကျန်း ဆိုင်ထဲမှကောင်တာတွင် ထိုင်ရင်း ဆိုင်အပြင်ဘက် လှမ်းကြည့်ကာ နှုတ်ခမ်းလေးစူ၍ ပြောလိုက်သည်။ 

“နည်းနည်း ထပ်စောင့်ကြည့်ကြတာပေါ့။ ခဏနေ ရောက်တော့မယ်လို့ ပြောပါတယ်”

လင်းချွမ် ကျန်းဆံပင်လေးကို ခပ်ဖွဖွ သပ်ပေးရင်း ပြောလိုက်၏။ 

ထိုအချိန်တွင် ည (၁၁) နာရီ ထိုးနေလေပြီ။ ဦးလေးကျန်းမှာ လတ်တလော စိတ်အခြေအနေ မကောင်းသေး၍ သူ့ကို ပြန်ခိုင်းပြီး လင်းချွမ်နှင့် ကျန်းတို့သာ ဆိုင်စောင့်ရင်း ကျန်ခဲ့သည်။ 

လင်းချွမ်လည်း ထိုနောက်ဆုံးတစ်ယောက် ရောက်လာပြီးလျှင် ဆိုင်ပိတ်ရန် ပြင်ထား၏။ 

ထို့နောက် အိမ်ပြန်ရောက်သည်နှင့် ကိုယ်လက်သန့်စင်၍ အိပ်ပေတော့မည်။ 

“ဒါဆို ကျွန်မလည်း အတူစောင့်ပါမယ်”

ကျန်း လင်းချွမ်အနားကပ်၍ ကြောင်ပေါက်လေးကဲ့သို့ ချွဲ၍ ပြောလိုက်သည်။ 

ဘေးပတ်ဝန်းကျင်မှ ဆိုင်များမှာတော့ ညမိုးချုပ်၍ အတော်များများ ပိတ်သွားကြလေပြီ။ 

ဆိုင်အနည်းငယ်၏ ပြတင်းပေါက်မှ အလင်းရောင် ဖျဖျသာ ကျန်ပြီး တစ်လမ်းလုံး တိတ်ဆိတ်နေသည်။ 

ကံကောင်းစွာဖြင့် နေ့လယ်က ထိုလူမှာ မကြာခင် ရောက်လာခဲ့သည်။ 

“စောင့်ရတာ ကြာသွားတယ်မလား။ အားနာပါတယ်နော်”

ထိုလူမှာ နေ့လယ်က ဝတ်စုံအတိုင်းသာ ဝတ်ဆင်ထားပြီး ဆိုင်ထဲ အလျင်စလို ဝင်လာကာ အဆက်မပြတ် တောင်းပန်နေ၏။ 

သူ့အနောက်တွင် ဝတ်စုံနက်ဖြင့် လူ (၂) ဦး ပါလာပြီး သေတ္တာတစ်ခုဆွဲလာ၏။ 

အထဲတွင်တော့ သေချာပေါက် ကြွေထည်များ ပါဝင်သည်။ 

“ရပါတယ်ဗျာ”

လင်းချွမ် ရယ်မော၍ ပြန်ဖြေရင်း အနောက်မှ လူ (၂) ဦးကိုကြည့်၍

“ဒါနဲ့ သူတို့က”

“ကျွန်တော့်ဝမ်းကွဲလေးတွေပါ။ ပစ္စည်းသယ်ဖို့ လိုက်ကူညီပေးတာ”

သူ ပြုံး၍ ပြောလိုက်ပြီးနောက် ထို (၂) ဦးဘက် လှည့်ကာ

“ယူလာခဲ့လိုက်။ ပြီးရင် တံခါးနားမှာ စောင့်နေ”

“ဟုတ်ကဲ့ အစ်ကိုကြီး”

လင်းချွမ် သူတို့ကို လှမ်းကြည့်ရင်း ထူးဆန်းသလို ခံစားရသည်။ 

ထိုနှစ်ဦးမှာ ပြုံးနေကြသော်လည်း ကြမ်းတမ်းတောင့်တင်းသော လက်များမှာ ရင်းနှီးသလို ခံစားရလေသည်။ 

“ပစ္စည်းစစ်လိုက်တော့မလား ကောင်လေး”

လင်းချွမ်ကိုကြည့်၍ ပြောလိုက်သည်။ 

“ရပါတယ်။ အေးဆေးပေါ့။ လက်ဖက်ရည်လေး အရင်သောက်ပါဦး”

လင်းချွမ် ကျန်းရှင်းရှင်းလက်လေးအား တို့ကာ

“ရှင်းရှင်းရေ အခန်းထဲ လက်ဖက်ရည်အိုး ပြင်ပေးပါဦး”

“ဟုတ်ကဲ့”

ကျန်း ခေါင်းငြိမ့်၍ အခန်းထဲ ဝင်သွား၏။ 

တီရှပ်အပြာနှင့်လူမှာ ကျန်းအား ဖျတ်ခနဲသာ လှမ်းကြည့်၍ လင်းချွမ်ကိုသာ ပြန်အာရုံစိုက်နေသည်။ 

“ညီလေးက ဒီအသက်အရွယ်နဲ့ တကယ် အောင်မြင်နေတာပဲ။ အလုပ်ကောင်းကောင်း ရှိတယ်။ ရည်းစားချောချောလေးအထိပေါ့”

လင်းချွမ် ထို (၃) ဦးကိုကြည့်၍ ပြုံးကာ

“ဒါပေမဲ့ အစ်ကိုတို့လို စိတ်လွတ်ကိုယ်လွတ် အေးဆေး မသွားရပါဘူးဗျာ”

“အစ်ကိုတို့ ဘာအလုပ်လုပ်လဲ သိလို့လား”

တီရှပ်အပြာနှင့်လူမှ အံ့ဩစွာ ပြန်မေး၏။ 

လင်းချွမ် ခေါင်းယမ်းပြ၍

“သိုင်းလာကသားတွေ ထင်လို့ပါ”

“ဟ သိလှချည်လား”

ထိုလူမှ စူးရှစွာကြည့်ရင်း ပြန်ပြောလိုက်သည်။ 

ညမှာ တဖြည်းဖြည်း ပို၍ ညဉ့်နက်လာပြီး ခြောက်ခြားစရာ ကောင်းလာ၏။ 

“ရှင်းရှင်း လက်ဖက်ရည် အဆင်သင့်ပဲလား”

လင်းချွမ် လှမ်းမေးလိုက်၏။ 

“မရသေးဘူး။ ရေတွေ အေးနေလို့ ခဏစောင့်ရဦးမယ်”

ကျန်း ပြန်ဖြေလေသည်။ 

လင်းချွမ်မှပြုံး၍

“အားနာလိုက်တာဗျာ။ လက်ဖက်ရည် ခဏနေ ရောက်လာပါလိမ့်မယ်။ ပစ္စည်းပဲ အရင်ကြည့်လိုက်ရမလား”

“ရတယ်လေ”

ထိုလူများ ချက်ချင်း သေတ္တာဖွင့်ပြလေ၏။ 

လင်းချွမ် လှမ်းကြည့်လိုက်သောအခါ အထဲတွင် ကြွေပန်းအိုးတစ်လုံး တွေ့ရသည်။ ပန်းအိုးမှာ ရှည်ရှည်သွယ်သွယ်ဖြစ်ပြီး အပြာနှင့် အဖြူဆေးများ ရေးခြယ်ထား၏။ 

“မင်မင်းဆက် ကြွေထည်ပါ”

တီရှပ်အပြာနှင့်လူက မိတ်ဆက်၏။ 

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“တစ်ချက်ကြည့်ရုံနဲ့ မင်မင်းဆက်ပန်းအိုးနဲ့တူမှန်း သိသာပါတယ်”

“တူတယ်တဲ့လား”

ထိုလူ မျက်မှောင်ကြုတ်သွား၏။ 

“ဒါ အတုကြီးပဲ”

လင်းချွမ်မှ ရှင်းပြသည်။ 

“အတုလား”

“ဟုတ်တယ်။ ခင်ဗျားအစက ပို့လိုက်တဲ့ ဓာတ်ပုံထဲကနဲ့ မတူဘူး”

တီရှပ်အပြာနှင့်လူ ရယ်မောကာ 

“မင်း အထင်လွဲနေပြီပဲ။ ဒါ ပို့လိုက်တဲ့ဓာတ်ပုံထဲက ဟာပဲလေ။ သေချာ အနီးကပ်ကြည့်ပါဦး”

လင်းချွမ် ပြုံး၍သာ ကြည့်နေသည်။ 

“ညီလေးက ကိုင်တောင်မကြည့်ဘဲ အတုလို့ ပြောနေတာလား”

“တံခါးအဝမှာလည်း ကြိုပိတ်ထားတယ်ဆိုတော့ ဘာလဲ။ ခင်ဗျားအတုကြီးယူပြီး ထွက်ပြေးမှာစိုးလို့လား”

ထိုအခါ အနက်ဝတ်နှစ်ဦး လှုပ်ရှားသွားပြီး တံခါးရှေ့၌ သေချာပိတ်ရပ်လိုက်သည်။ 

“ညီလေးက သတ္တိရှိသားပဲ”

“ခင်ဗျား သရုပ်ဆောင်တာလည်း မဆိုးပါဘူး။ နေ့လယ်ကအထိတော့ လိမ်နိုင်သေးတယ်”

လင်းချွမ်ပြုံး၍ ပြန်ပြောသည်။ 

ထို့နောက် အခြား အနက်ရောင်ဝတ် ဗလကြီးအချို့ ထပ်ဝင်လာကြလေသည်။ 

“လူသစ်လေးတွေ ရောက်နေတာပဲ”

လင်းချွမ် ရယ်မော၍ ပြော၏။ 

“အသစ်တဲ့လား။ ငါတို့ တကယ်ပဲ ပစ္စည်းအရောင်းအဝယ် လာလုပ်တယ် ထင်နေလား”

လင်းချွမ် ခေါင်းယမ်းကာ 

“ခင်ဗျားတို့ရော ကျွန်တော့်ကို ရှေးဟောင်းပစ္စည်း အရောင်းအဝယ်ပဲ လုပ်တယ် ထင်နေလား”

သူ့စကားကြောင့် အားလုံးမျက်မှောင်ကြုတ်သွား၏။ ထို့နောက်မှ အေးစက်စက်ဖြင့်

“သူဌေးက အရှင်လိုချင်တယ်လို့ပြောတယ်။ အရှင် ဖမ်းကြ”

လင်းချွမ်မှာ ဗလကြီးများကို မတုန်မလှုပ်ကြည့်ရင်း ပြောလိုက်၏။ 

“ဒါဆိုလည်း သတ်ပွဲကြီး စကြတာပေါ့”

…

ရှန်ချန်းချန်းတစ်ယောက် အားကစားဝတ်စုံလေးဖြင့် ဆံပင်ခပ်မြင့်မြင့်စည်းကာ ရွှယ်ချီချီနှင့်အတူ အရုပ်ပစ်သည့်နေရာတွင် ကစားနေသည်။ 

ဒိုင်း ဒိုင်း ဒိုင်း။ 

အရုပ်သေနတ်လေးမှ အသံများလည်း ထွက်ပေါ်လာ၏။ 

ရွှယ်ချီချီ သူ့ကို အားကျစွာကြည့်၍

“ချန်းချန်းရယ် နင့် သေနတ်လှည့်တဲ့ပုံက အရမ်းမိုက်တာပဲ”

ရှန်ချန်းချန်းပြုံး၍ နောက်တစ်ပွဲဆက်ရန် ပြင်ဆင်ရင်း

“တစ်ယောက်ယောက်ဆီက သင်ထားတာပါရ

“လင်းချွမ်မလား”

ရွှယ်ချီချီ အားရပါးရ ရယ်မော၍ နောက်နေ၏။ 

ထိုစဉ် ရှန်ချန်းချန်း တစ်ခုခုကို သတိရကာ 

“ဒါနဲ့ချီချီ နင်တို့ အွန်လိုင်းစာရေးဆရာတွေက လေ့လာချက်တွေ အများကြီး လုပ်ရလား။ ပြီးရင်ရော လက်တွေ့ဘဝမှာ အကုန် ပြန်သုံးနိုင်တာလား”

“ရှားတော့ ရှားတာပေါ့”

“တကယ် ထူးဆန်းတယ်”

ရှန်ချန်းချန်း တစ်ယောက်တည်း ရေရွတ်မိ၏။ 

“တခြားအွန်လိုင်းစာရေးဆရာ ရှိနေလို့လား”

“ရှိစရာလားဟယ်”

“ငါ ဝမ့်ဆီက ကြားတာတော့ သူ့နားမှ သူဌေးသမီးလေးတစ်ယောက် ရှိနေတယ်တဲ့။ နင့် ပြိုင်ဘက်လား”

“မဟုတ်တာတွေ။ သူတို့က ရိုးရိုးသားသား အရမ်းခင်တာပါ။ ဘာလို့ ပြိုင်ဘက်ဖြစ်ရမှာလဲ”

“ငါတို့ခင်လာတာ ဘယ်လောက်ကြာပြီလဲ။ နင့်အကြောင်း မသိဘူးများ ထင်နေလား”

ရွှယ်ချီချီ ရယ်မော၍ ပြောလိုက်၏။ 

ဒိုင်း ဒိုင်း ဒိုင်း။ 

ရှန်ချန်းချန်း ပစ်မှတ်များအားလုံး ထိမှန်သွားလေသည်။ 

‘ဒင် ဒေါင်’

ထိုစဉ် ဖုန်းအချက်ပေးသံ ထွက်လာ၏။ 

“လင်းချွမ်ဆီကလား”

ရွှယ်ချီချီ စိတ်ဝင်တစား မေး၏။ 

ရှန်ချန်းချန်း သူ့ကို မျက်လုံးတစ်ဖက် မှိတ်ပြ၍

“အချစ်ပြိုင်ဘက်ဆီကပါ”

“ဘာ”

ရွှယ်ချီချီ လန့်သွား၏။ 

ရှန်ချန်းချန်းလည်း စာကိုဝင်ဖတ်ရင်း မျက်နှာမှအပြုံးလေး ပျောက်ကွယ်သွားလေသည်။ 

“မမချန်းချန်း ကျွန်မတို့ကို ရဲခေါ်ပြီး လာကယ်ပါဦး”

“အခု ဘယ်မှာလဲ”

“ရွှေတုံး ရှေးဟောင်းပစ္စည်းဆိုင်မှာ”

“ခဏပဲစောင့်။ အခုချက်ချင်း လာခဲ့မယ်”

ရှန်ချန်းချန်းမျက်နှာမှာ တင်းမာလျက်

“ချီချီ ငါ့ကို ကားခဏငှါးပေးပါဦး”

ထို့နောက် ရွှယ်ချီချီ၏ကားသော့ယူကာ ပြေးထွက်သွားလေသည်။ 

သူ ကားလေးကို အမြန်ဆုံး မောင်းနှင်လာပြီး လမ်းတွင် ကျန်းထံမှ စာများအဆက်မပြတ် ဝင်နေ၏။ 

“လူ (၃) ယောက် ရောက်လာတယ်”

“နောက်ထပ် (၇) ယောက် ဝင်လာပြီ”

“ဓားတွေလည်း ပါကြတယ်”

ရှန်ချန်းချန်း လင်းချွမ်၏ အရေးကြီးကိစ္စဖြစ်နေ၍ ကျန်းပြောင်အား ဖုန်းဆက်လိုက်သည်။ 

ဖုန်းဝင်သွားသည်နှင့် အမြန် ပြောတော့သည်။ 

“အဖွဲ့မှူး လင်းချွမ် အခု အရှေ့ပိုင်းလမ်းက ရွှေတုံး ရှေးဟောင်းပစ္စည်းဆိုင်မှာ ဒုက္ခရောက်နေပါတယ်”

“ဘာ”

“ကျွန်မ အမြန်ဆုံး နောက် (၈) မိနစ်လောက်နေရင် ရောက်ပါမယ်”

ကျန်းပြောင်လည်း စခန်းတွင် ဒေါသထွက်လျက် ရှိ၏။ 

“ရာရာစစ ငါတို့ သူရဲကောင်းကို ဘယ်သူ လာရှုပ်တာလဲ။ ရဲခေါ်လိုက်ကြ”

အန်လင်းရဲစခန်းတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်ကာ အရှေ့ပိုင်းလမ်းသို့ ချက်ချင်း ထွက်ခွါသွားကြ၏။ 

မှောင်မိုက်သော ညအလယ်တွင် ရဲကားဥဩသံများ ဆူညံသွားကြသည်။ 

ရှန်ချန်းချန်းလည်း ဖုန်းချပြီးသည်နှင့် အရှိန်ပိုမြှင့်၍ မောင်းနှင်သွား၏။ 

သူ့စိတ်ထဲတွင် တစ်ခုတည်းသာ ရေရွတ်နေမိသည်။ 

လင်းချွမ် ခဏပဲစောင့်ပေးပါ။ 

All Chapters